Breaking News

ခွန်ကကြီး - PNO မာဖီးယားတို့ရဲ့ ဂျင်း

ခွန်ကကြီး - PNO မာဖီးယားတို့ရဲ့ ဂျင်း

(မိုးမခ) မတ် ၂၈ ၊ ၂၀၂၄

(၇၅)နှစ်ပြည့် ပအိုဝ်းအမျိုးသားနေ့မှာ သူတို့ကိုယ်သူတို့ပြန်ပို့တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သဝဏ်လွှာကို လေ့လာကြည့်ရအောင်။

ပအိုဝ်းအမျိုးသားနေ့မှစပြီးတော့ ပအိုဝ်းမိဘပြည်သူများအားလုံး အတူနေထိုင်ကြသော တိုင်းရင်း သားများအားလုံး ဘေးရန်လည်းကင်းပြီး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အနေနဲ့ မေတ္တာရေအေးပက်ဖျန်းလိုက်ပါတယ်တဲ့။ ဒါတော့ မရိုးသားတဲ့ဆု တောင်းပါပဲ။ ဘာ့လို့ဆို PNOအနေနဲ့ အဲဒီနေ့မှာကိုပဲ ဆီဆိုင်မှာ ဒရုန်းနဲ့ဗုံးကြဲ လက်နက်ကြီးနဲ့ထုချေခိုင်းထားလို့ပါပဲ။ မလုပ်ခိုင်းဘူးဆိုရင်တော့ ကန့်ကွက်ပြပေါ့လေ။

"မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး လူမျိုး ဘာသာ သာသနာနှင့် ယဉ်ကျေးမှုများ ဆက် လက်တည်မြဲ တိုးတက်ရေး၊ ပအိုဝ်းတမျိုးသားလုံးရဲ့ အနာဂတ်ဘဝ သာယာရေး၊ ပအိုဝ်းဒေသတခုနှင့် တခု၊ တနယ်နှင့် တနယ်၊ တပြည်နှင့် တပြည် ရင်းနှီးကျွမ်းဝင် ချစ်ခင်ပြီးတဲ့နောက် အတူလက် တွဲပြီး" ဆိုတာကတော့ အတော်မလွယ်တော့တဲ့ အခြေအနေပါ။ 

အခုကိုပဲ ယဥ်ကျေးမှုပစ္စည်းတွေ ဗုံးကြဲ မီးရှို့ လက်နက်ကြီးနဲ့ထုချေလို့ ကြေမွ ပြာကျကုန်ပါပြီ။ ပအိုဝ်းတမျိုးသားလုံးရဲ့အနာဂတ်ဘဝဟာလဲ မရေမရာဖြစ်သွားပါပြီ။ လူငယ်အများစုက ထိုင်းမှာပါ။ ခုလဲ PNO ရဲ့စစ်သားဆင့်ခေါ်မှုကြောင့် အလုအယက်ထွက်နေကြတုန်းပါဘဲ။ အရင်လို နိုင်ငံခြားထွက်အလုပ်လုပ် အိမ်ဆောက်ရအောင်ငွေပို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ပြိုပျက်သွားသူတွေကလဲ ပြန်ဆောက်ကြတော့မှာမဟုတ်တော့ပါဘူး။ စစ်ကောင်စီကျွန်ဖြစ် မသိမသာနဲ့တပြည်လုံးရဲ့ဘုံရန်သူပါဖြစ်သွားနိုင်တဲ့ အရှက်ရစရာ သိမ်ငယ်စရာအခြေအနေထဲက ရုန်းထွက်ချင်သူတွေဘဲပေါ်လာမှာပါ။ တနယ်နဲ့တနယ်လဲ စစ်ကောင်စီရောက်နေတဲ့နယ်နဲ့ မနေတဲ့နယ်ဆိုပြီး ကွဲပြားစပြုနေပါပြီ။

"ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်ကနေစပြီးတော့ နိုင်ငံရေး စစ်ရေးနဲ့ ရှုပ် ထွေးမှုများ ရှိနေပြီး မိဘပြည်သူများအားလုံးလည်း အကြောက်တရားနဲ့ နေထိုင်နိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါတင် မကဘူး။ နိုင်ငံရေးနဲ့ စစ်ရေး အရှုပ်အထွေးကြီးဟာ ငါတို့ပအိုဝ်းဒေသ ငါတို့ပအိုဝ်းမိဘတွေဆီကို ကူးစက်လာပြီးတဲ့နောက် စစ်ဘေးစစ်ဒဏ် (စစ်အနိဋ္ဌာရုံ) ကိုခံစားနေကြရပြီ ဖြစ်ပါတယ်" ဒါကတော့ လက်ရှိအခြေအနေအပေါ် အနည်းငယ်သုံးသပ်ကြည့်ရဲတဲ့မှတ်ချက်လေးတခုပါ။ အရှုပ်အထွေးတို့ စစ်အနိဋ္ဌာရုံ ခံစားနေရပြီတို့ဆိုတာ အရင်က မသုံးနှုန်းရဲဘူးလေ။

“နိုင်ငံရေးပြသနာဟာ မိဘပြည်သူ မနာကျင်ရလေအောင် ငြိမ်းချမ်းရေးနည်းနဲ့ အကောင်းဆုံး ဖြေရှင်းနေပါတယ်။ ဒီလိုနည်းနဲ့ မဖြေရှင်းဘူးဆိုရင်လည်း မိဘပြည်သူများ ဒုက္ခရောက်ဖို့ပဲ ရှိပါတယ်။ ပအိုဝ်းဒေသ ပအိုဝ်းရပ်ရွာ အစဉ်အမြဲ အေးချမ်းနေအောင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အနေနဲ့ သေချာကိုင်တွယ်နေပါတယ်။ အဓိကထား ရွေးချယ်လိုက်တဲ့ လမ်းစဉ်ကတော့ ပအိုဝ်းပြည်သူလူထုတွေ ဒုက္ခအခက်အခဲတွေနဲ့ မတွေ့စေဖို့ပါဘဲ။ ဒုက္ခ သုက္ခနည်းနည်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ဖို့ကိုဘဲ ဦးတည်နေပါတယ်”

တကယ် တွေ့နေမြင်နေရတာကတော့ ကိုယ့်ရပ်ရွာတွေအပေါ် ဗုံးကြဲဖို့ လေယာဉ်ခေါ်တယ်။ လက်နက်ကြီးထုခိုင်းတယ်။ မီးရှို့တယ်။ ဖျက်ဆီးတယ်၊ ခိုးတယ်။ မတရားအခွန်တွေ တရစပ်ကောက်တယ်။ လူငယ်တွေကို စစ်ထဲ ဇွတ်သွင်းတယ်။ စစ်စရိတ်မျိုးစုံ တောင်းတယ်။ စစ်ရှောင်မကူဘူး။ ဂျင်းမျိုးစုံ ထည့်တယ်။ အမြင်မှားအောင် လုပ်တယ်။ တခြားလူမျိုးတွေကို ရန်ရှာခိုင်းတယ်။ ဘာသာရေး မီးမွှေးတယ်။ ဘယ်အချက်တွေက ပအိုဝ်းတွေကို ဒုက္ခသုက္ခနည်းနည်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်မလဲဆိုတာ စဉ်းစားမရဘူး။

“ငါတို့ပအိုဝ်းတွေက ငြိမ်းချမ်းရေးကို ဘယ်လောက်ပဲ တန်ဖိုးထားထား တဖက်သားက ငါတို့ဒေသထဲ ဝင်ရောက်ဖျက်ဆီးလိုက်တဲ့အတွက် ငြိမ်းချမ်းနေတဲ့ ငါတို့ပအိုဝ်းဒေသ တချို့ဟာ မငြိမ်း ချမ်းနိုင်တော့ပါဘူး။ ငါတို့ရဲ့ ပအိုဝ်းဒေသထဲမှာ စစ်ပွဲလာဖော်ဆောင်တဲ့အတွက် ရဟန်းသံဃာအပါ အဝင် မိဘပြည်သူများက စစ်ဘေးဒဏ်ကို ရှောင်ခဲ့ကြရတယ်၊ အသက်တွေလည်း ပေးဆပ်ခဲ့ရတယ်။ အိုးအိမ်တွေနဲ့တွက် ရှာဖွေ စုဆောင်းထားသမျှကိုလည်း ဆုံးရှုံးခံခဲ့ရပါတယ်။ ဒါကြောင့် ပြည်တွင်း ပြည်ပမှာ ရှိနေကြတဲ့ မိဘပြည်သူ အားလုံး စုစည်းမှု ပျက်ပြားစေဖို့ ဒေသတွင်း စစ်ပွဲဖြစ်ပွားစေဖို့ အပြုအမူများ အပြောအဆိုများကို အထူးရှောင်ရှားစေလိုပါတယ်။ ဒီကိစ္စရပ်များကို အားမပေးကြစေလိုကြောင်း စိန်ရတု ပအိုဝ်းအမျိုးသားနေ့မှာ အထူးနှိုးဆော်အပ်ပါတယ်”

ဒီလိုအသံကောင်းဟစ်ပြနေလို့မရပါဘူး။ ပအိုဝ်းဇော်မဲလုံးလို့တောင်နာမည်ရနေတဲ့ စန်းအောင်လိုကောင်တွေအများကြီး စစ်ပွဲဖြစ်အောင် လူမျိုးရေးမုန်းတီးအောင် ဘာသာရေးမုန်းတီးအောင် အမျိုးမျိုးပြောနေကြတာပါ။ ဘုန်းကြီးတွေကလဲ ဒါပဲဟောကြတာပါ။ ဒါကလဲ စကစနောက် သံယောင်လိုက်တဲ့ PNO ရဲ့ မူဝါဒပဲဖြစ်ပါတယ်။ ပအိုဝ်းလိုပြောလို့ ရေးလို့ ဘယ်သူမှမသိဘူးဆိုပြီး တခြားဘာသာ တခြားလူမျိုးတွေအပေါ် ထင်သလိုရိုင်းစိုင်းဆဲဆိုပုတ်ခတ်ပြောဆိုနေတာ အသားတောင်ကျနေပါပြီ။ ခုဆို ပအိုဝ်းတိုင်းလိုလို အခြားလူမျိုး အခြားဘာသာအပေါ် အထင် သေးအမြင်သေးပြောနေကြပြီဆိုတော့ ပင်ကိုယ်အားဖြင့်ငြိမ်းချမ်းတဲ့လူမျိုးတမျိုးအပေါ် အဆိပ်ခပ်တာ အရှိန်လွန်သွားပြီလို့တောင် ပြောနိုင်ပါတယ်။

“နောက်ဆုံးအနေနဲ့ အတ္တာဟိ အတ္တနော နာထော မိမိကိုယ်သာ ကိုးကွယ်ရာလို့ မြတ်စွာဘုရားရဲ့ ဩဝါဒအတိုင်း ငါတို့ပအိုဝ်းဒေသ ငြိမ်းချမ်းရေးကို ငါတို့ပအိုဝ်းလူထုကိုယ်တိုင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမှာကြောင့် ရှိရှိသမျှသော ပအိုဝ်းအမျိုးသားများအားလုံး အနေနဲ့ တဦးတိုင်း တယောက်တိုင်းမှာ ပအိုဝ်းဒေသ ငြိမ်းရေးရေးကို ကာကွယ်ဖို့ ငွေကြေးတာဝန်ရော လူအင်အားတာဝန်ပါ ပါဝင်ကူညီထမ်းဆောင် စေချင်ပါတယ်”

အတ္တာဟိ အတ္တနော နာထော=မင်းအောင်လှိုင်နဲ့စစ်တပ်သည်သာ ကိုးကွယ်ရာဆိုတဲ့အတိုင်း မင်းအောင်လှိုင်နဲ့ စစ်တပ်ကို လူရော ငွေပါကူဖို့ တောင်းတာပါပဲ။ စစ်ဘေးရှောင်ဆီကတောင် လိုက်တောင်းတဲ့အဆင့်ပေါ့။ PNO မာဖီးယားကြီးများကတော့ တကျပ်မှ မထည့်ပါဘူး။ စီးပွားရေးလုပ် ငန်းကြီးတွေ လည်ပတ်မြဲ ချဲ့ထွင်မြဲ စီမံကိန်းသစ်တွေဖော်ဆောင်မြဲပါဘဲ။ ပအိုဝ်းလူမျိုးတမျိုးလုံးကိုရင်းပြီး စစ်တပ်ပြောင်းဝက သူတို့ရဲ့စီးပွားအသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ အမျိုးဆက်လက်ဂျင်းထည့်လျက်ရှိကြောင်းပါခများ။

-

Join Us @ MoeMaKa Telegram

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar