Breaking News

လက်လွှတ်ရတော့မယ့် မြဝတီမြို့ နဲ့ နယ်စပ်ကုန်သွယ်ရေး၊ ထိုင်း-မြန်မာ ဆက်ဆံရေး

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၈ မြင်ကွင်း

(မိုးမခ) ဧပြီ ၉၊ ၂၀၂၄

လက်လွှတ်ရတော့မယ့် မြဝတီမြို့ နဲ့ နယ်စပ်ကုန်သွယ်ရေး၊ ထိုင်း-မြန်မာ ဆက်ဆံရေး 

မြဝတီမြို့ကနေ ကော့ကရိတ်မြို့ ဆက်သွယ်ထားတဲ့ အာရှလမ်းပေါ်က သင်္ဃန်းညီနောင် တဝိုက်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ တပ်ရင်းတွေ၊ ဗျူဟာစခန်းတွေကို ခုရက်ပိုင်းတွေအတွင်း KNU/KNLA က သိမ်းယူခဲ့ပြီးနောက်မှာ မြဝတီမြို့က တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်မှုအောက်ကို ရောက်ဖို့ အလားအလာက ၉၀ ရာခိုင်နှုန်းလောက်ရှိနေပြီဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်ကလည်း ထိုင်းနယ်စပ်ကုန်သွယ်ရေး ရဲ့ အဓိကကျတဲ့မြို့ကို လက်လွှတ်ရတော့မယ် ဆိုတာ သဘောပေါက်ထားပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ မြန်မာအမျိုးသားလေကြောင်းလိုင်းက လေယာဥ်တစီး တမြန်နေ့က မဲဆောက်မြို့မှာ ညအချိန် ဆိုက်ရောက်ပြီး အရပ်သား တွေနဲ့ ဘဏ်က ငွေကြေးတွေလို့ ယူဆရတာတွေ သယ်ဆောင်သွားခဲ့ပြီး နောက်ရက်တွေမှာပါ လာရောက်မယ့် နကိုက အစီအစဥ်ကို ပယ်ဖျက်ခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ 

အချို့သတင်းတွေက ငွေကြေးတွေပဲ လာရောက်သယ်ဆောင်တာ ဖြစ်တယ်လို့ ဖော်ပြကြသလို၊ အချို့သတင်းတွေက လိုက်ပါမယ့်သူတွေ မရောက်လာလို့ တနာရီခွဲကျော်အကြာမှာ ပြန်သွားတဲ့တယ်လို့ ဆိုပေမယ့် ထိုင်းနိုင်ငံ အစိုးရအဖွဲ့ကတော့ အရပ်သားတွေသာလိုက်ပါသွားကြောင်း စစ်သား၊ လက်နက်တွေ မပါရှိကြောင်း စစ်ရေး နဲ့ဆိုင်တဲ့ ပျံသန်းမှုမဟုတ်ကြောင်း အသိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီလေယာဥ်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ဆိုင်ရာ၊ နယ်စပ်ကုန်သွယ်ရေး ဝန်ထမ်းတွေ ဘယ်အဆင့် ဘယ်သူတွေအထိ  မြန်မာနိုင်ငံပိုင် လေကြောင်းလိုင်းနဲ့ လိုက်ပါသွားခဲ့သလဲ ဆိုတာ မသိရှိနိုင်သေးပါဘူး။ လက်ရှိအခြေအနေမှာတော့ နယ်စပ်တံတား ဖွင့်ထားဆဲ မြဝတီမြို့ဘက်က လဝက စတဲ့ဝန်ထမ်းတွေလည်း အလုပ်လုပ်နေဆဲ အနေအထားမျိုးဖြစ်နေတာဖြစ်ပါတယ်။ 

နယ်စပ်ကုန်သွယ်ရေး မြို့ ဖြစ်တဲ့ မြဝတီက မြို့နေလူထုကတော့ မြို့ကနေ စွန့်ခွာတိမ်းရှောင်ရမလား မြို့ထဲမှာပင် ဆက်နေထိုင်ရမလားဆိုတာ ဝေခွဲမရဖြစ်နေကြဆဲ ဖြစ်ပါတယ်။ မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားရင် လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာမှာ၊ လက်နက်ကြီးကျည် ကျရောက်တာကြောင့် အသက်ဆုံးရှုံးနိုင်တာတွေကိုလည်း စိုးရိမ်ရသလို တဖက်မှာလည်း နေအိမ်တွေ ထားပြီး တိမ်းရှောင်သွားကြတဲ့နောက် နေအိမ်က ပစ္စည်းတွေ ခိုးယူခံရမယ့်အရေး၊ လက်နက်ကြီး ကျည်ကြောင့် သို့မဟုတ် အခြားအကြောင်းကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးနိုင်တဲ့ အရေးကိုလည်း စိုးရိမ်ရတာ ဖြစ်ပါတယ်။ မြို့တွေ အိမ်တွေမှာ လူစောင့်မရှိတော့တဲ့အခါ နေအိမ်တွေ ဖောက်ထွင်းဖျက်ဆီးခံရတဲ့ အဖြစ်အပျက်တွေ၊ နေအိမ်မီးလောင်ခံရတဲ့အခါ ရပ်ရွာလူထုမရှိတဲ့ အခြေအနေမှာ မီးမငြိမ်းသတ်နိုင်ကြပဲ နေအိမ် လူနေရပ်ကွက်တွေ ဆုံးရှုံးတဲ့ ဖြစ်ရပ်သာဓကတွေ ရှိကြတာကြောင့် အခုလို ဝေခွဲမရဖြစ်နေကြတာဖြစ်ပါတယ်။ 

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကာလအတွင်း DKBA က မြဝတီမြို့ကို တိုက်ခိုက်ခဲ့တဲ့ တိုက်ခိုက်မှုနောက်ပိုင်း အခုတကြိမ်ဟာ မြဝတီမြို့မှာ တိုက်ပွဲဖြစ်ပွားနိုင်ချေ ရှိတဲ့အနေအထားဖြစ်ပါတယ်။ မြဝတီမြို့ဟာ တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြီးနောက် ပမာဏ ဒုတိယအများဆုံး ကုန်သွယ်တဲ့ နယ်စပ်မြို့ဖြစ်တာကြောင့် ဒီမြို့ကို ထိန်းချုပ်ထားဖို့ ကေအန်ယူ/ကေအန်အယ်လ်အေ တို့က စိတ်စောနေတဲ့ နည်းတူ ဒီဒေသမှာ အခြေစိုက်ထားတဲ့ BGF ကနေ နာမည်အသစ်ပြောင်းပြီး စစ်ကောင်စီ ရဲ့လက်အောက် ကနေ သီးခြားခွဲထွက်လိုက်တဲ့ စောချစ်သူဦးဆောင်တဲ့ လက်နက်ကိုင် အဖွဲ့လည်း မြဝတီမြို့ အနီးမှာ အခြေစိုက်သလို မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေး သောင်းရင်းမြစ်ကမ်း တလျှောက်မှာ အကောက်အခွန် ဂိတ်တွေ၊ တရားဝင် ရော တရားမဝင် ကုန်သွယ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ရွှေကုက္ကို လိုနေရာမျိုးမှာ ကာစီနိုနဲ့ ကျားဖြန့်လို့ ခေါ်တဲ့ အွန်လိုင်းကနေ ငွေလိမ်တဲ့ ဂိုဏ်းတွေ အခြေစိုက်တဲ့ နေရာတွေကို အများစု ထိန်းချုပ်ထားတဲ့ အဖွဲ့လည်း ဖြစ်ပြီး အခု မြဝတီမြို့ တဝိုက်က လုံခြုံရေး အနေအထားတွေ ပြောင်းလဲသွားတဲ့ အကျိုးဆက်နဲ့ စောချစ်သူ ဦးဆောင်တဲ့ အဖွဲ့က ဘယ်လို အခန်းကဏ္ဍက ပါဝင်လာနိုင်လဲ ဆိုတာလည်း စိတ်ဝင်စားစရာ ကိစ္စ၊ စောင့်ကြည့်ရမယ့် အကြောင်းအရာ တခုဖြစ်နေပါတယ်။ 

လက်နက်ကိုင် အင်အား ထောင်ဂဏန်းအထိ ရှိတယ်ဆိုတဲ့ BGF အသွင်ပြောင်းထားတဲ့ အဖွဲ့အနေနဲ့ လတ်တလော တိုက်ခိုက်မှုတွေ၊ တပ်ရင်းသိမ်းယူပြီးနောက် သုံ့ပန်းဖမ်းဆီးမှုတွေမှာ ကြားဝင် ညှိနှိုင်းတဲ့ အခန်းကဏ္ဍကနေ ပါရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဘက်မှာ အခုလိုအခြေအနေတွေ ဖြစ်ပေါ်နေချိန်မှာ ထိုင်းနိုင်ငံအနေနဲ့လည်း မြန်မာဘက်က လျင်မြန်စွာပြောင်းလဲနေတဲ့ အခြေအနေတွေ၊ မြဝတီနဲ့ ထိစပ်နေတဲ့ မဲဆောက်မြို့ရဲ့ လုံခြုံရေး၊ နယ်စပ်လုံခြုံရေး စတာတွေကို အလေးထား လုပ်ဆောင်နေတာတွေ့ရပါတယ်။ 

ယမန်နှစ်က ရွေးကောက်ပွဲပြီးနောက် အစိုးရဖွဲ့လာခဲ့တဲ့ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်ဖြစ်သူ ထဝီဆင်ကတော့ မြန်မာစစ်တပ်က အင်အားချိနဲ့နေပြီး တွေ့ဆုံညှိနှိုင်းစကားပြောဖို့ လိုပြီလို့ ရှားရှားပါးပါး မှတ်ချက်ပေးတဲ့ ပြောဆိုလိုက်ပါတယ်။ မြန်မာပြည်တွင်းရေး နဲ့ပတ်သက်လို့ လူသားချင်းစာနာမှုအ ကူအညီ၊ နယ်စပ်လုံခြုံရေး တွေသာ မှတ်ချက်ပေး ပြောဆိုလေ့ရှိရာက ပထမဆုံးအနေနဲ့ မြန်မာအာဏာသိမ်း စစ်ကောင်စီအနေနဲ့ စစ်ရေးနည်းလမ်းတွေထက် တွေ့ဆုံဆွေးနွေးရမယ်လို့ မှတ်ချက်ပေးလိုက်တာ ဖြစ်ပါတယ်။ ထိုင်းအစိုးရအဖွဲ့ အနေနဲ့ မြန်မာ့အရေးမှာ မူဝါဒ တခုထည်းဖြစ်စေဖို့ ဧပြီ ၉ ရက်နေ့မှာ အစည်းအဝေးလုပ်မယ်လို့လည်း ပြောဆိုထားတာ တွေ့ရပါတယ်။ 

သို့ပေမဲ့ ထိုင်းအစိုးရ နဲ့ ထိုင်းစစ်တပ်တို့ ရဲ့ မူဝါဒတွေက တထပ်ထည်း ကျချင်မှ ကျမယ့်သဘောလည်း ရှိပြီး ထိုင်းစစ်တပ်အနေနဲ့ အစိုးရထက် မြန်မာစစ်ကောင်စီနဲ့ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေဆဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ နယ်စပ်ကုန်သွယ်ရေး ကို ထိန်းသိမ်းထားရေး၊ နယ်စပ်ဒေသတွေမှာ စစ်ရေးထက် ဆွေးနွေးညှိနှိုင်းဖြေရှင်းရေးတွေကို ပိုပြီးလိုလားတာ ဖြစ်ပါတယ်။ တဖက်မှာလည်း ရင်းနှီးတဲ့ ဆက်ဆံရေးနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှု စတဲ့တူညီတဲ့ လက္ခဏာတွေ ရှိနေတဲ့ ထိုင်းစစ်တပ်အနေနဲ့ ထိုင်းအစိုးရ ရဲ့ မူဝါဒ ပြောင်းပြန်မဖြစ်သွားအောင် တနည်းနည်းနဲ့ ဖိအားပေးတာ လုပ်ဆောင်တာတွေ ရှိကောင်းရှိနိုင်တာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar