Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၇၆ )


အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၇၆ )

(မိုးမခ) ဧပြီ ၉၊ ၂၀၂၄

9/4/24

Diary in the darkness 

တနေ့က မြဝတီမှာ လက်နက်ချတဲ့စစ်ကောင်စီတပ်သားနဲ့ မိသားစုဝင်စုစုပေါင်း ၆၁၇ ယောက်ရှိတယ်လို့ သတင်းအတိအကျတက်လာတယ်။ လက်နက်ချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ် အင်တာဗျူးလည်း တက်လာတယ်။ ထွန်းထွန်းလတ်ဟာ ကချင်ပြည်နယ်မှာ တာဝန်ကျစဉ်က လက်နက်မဲ့ဆန္ဒပြသူတွေကို ပစ်မိန့်ပေးခဲ့သူလို့ သိရပါတယ်။ သူတို့ကို ရွှေကုက္ကိုလောင်းကစားမြို့မှာထိန်းထားတယ်လို့သိရတယ်။ မြဝတီမြို့မှာတော့ လူတွေက ပုံမှန်အတိုင်းလည်ပတ်နေတယ်။

၆ /၇ /၈ ရက်နေ့မှာ နေပြည်တော်-မဲဆောက်အရေးပေါ်လေယာဉ်ပြေးဆွဲပြီး မြဝတီမှာပိတ်မိနေတဲ့အစိုးရအမှုထမ်းတွေနဲ့ စစ်သားတွေကို နေပြည်တော်ကိုပြန်ခေါ်ဖို့စီစဉ်တာလို့ ကနဦးပိုင်းသတင်းတွေက ဆိုပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ငွေသေတ္တာတွေနဲ့ အရာရှိ အ‌ယောက် နှစ်ဆယ်ကိုသာ နေပြည်တော်ကို ပြန်ခေါ်ပြီး ကယ်ဆယ်ပြန်ခေါ်ရေး အစီအစဉ်ကို မြန်မာဘက်က အကြောင်းပြချက်မရှိဘဲ ရပ်လိုက်တယ်လို့ ထိုင်းဘက်က ပြောပါတယ်။ 

စစ်ကောင်စီ ဒုခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်း မော်လမြိုင်မှာ အစည်းဝေးလုပ်နေတုန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ အစည်းအဝေးဖျက်သိမ်းလိုက်ရတယ် ဆိုတဲ့ သတင်းတက်လာတယ်။ 

စစ်ကောင်စီဟာ မြဝတီကို ပြန်သိမ်းဖို့ အသည်းအသန် ကြိုးစားနေပုံရတယ်။ 

ထိုင်းဝန်ကြီးချုပ်ကတော့ မြန်မာစစ်ကောင်စီတပ်ဟာ အင်အားချည့်နဲ့သွားပြီ။ ဆွေးနွေးဖို့ အချိန် တန်ပြီလို့ ပြောပါတယ်။ 

ဒီရက်ပိုင်းအတွင်း အိမ်မှာ ရေခဲသေတ္တာပျက်တယ်၊ အဝတ်လျှော်စက်ပျက်တယ်။ တယ်လီဖုန်းပျက်တယ်။ မီး ခဏခဏပျက်တော့ လျှပ်စစ်ပစ္စည်းတွေ ပျက်တယ်။ စိတ်ဓာတ်ပျက်မသွားအောင် အားတင်းနေရတယ်။ 

သူငယ်ချင်းတစ်ယောက် ဆေးရုံတက်ရတယ်။ အစာအိမ်ရောင်တာလိုလို၊ ကင်ဆာလိုလို၊ ဘာလို လိုပဲ။ ဆေးရုံစရိတ်က တနေ့ငါးသိန်းကျော်တယ်တဲ့။ ပင်လုံဆေးရုံမှာ တက်တာ။ ပင်လုံဆေးရုံက ပြန်ဖွင့်ခွင်ရတာ နှစ်ရက်ပဲ ရှိသေးတယ်။ CDM ဆရာဝန်တွေကို လက်ခံလို့ဆိုပြီး စစ်ကောင်စီက ပိတ်လိုက်တာ။ ခုတော့ သိန်းထောင်ချီ လာဘ်ထိုးပြီး ပြန်ဖွင့်ခဲ့ရတာလို့ လူတွေကြားမှာ သတင်းပြန့်နေတယ်။ 

စစ်အာဏာရှင်ဟာ လာဘ်ပေးလာဘ်ယူနည်းနဲ့ ကြီးထွားလာပြီး အဲဒီလာဘ်ပေးလာဘ်ယူနည်းကြောင့်ပဲ ပြိုကျသွားတာ မျက်မြင်ပါပဲ။ 

အန်ကယ် တူမီး

9/4/24

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar