Breaking News

နိုင်မွန်အောင်သွင် - ဆေးများ

Art by NA
ဆေးများ
နိုင်မွန်အောင်သွင်
(မိုးမခ) ဧပြီ ၉၊ ၂၀၂၄

ဖော်ကြ
မွဲဆေးဖော်ကြ။

အိပ်မက်ကိုယုံလို့
ကံကိုယုံလို့
လျှာအရိုးမရှိတာကိုယုံလို့
မွဲဆေးဖော်ကြ။

ဖော်ကြ
ကိုယ့်အတွင်းမီးကိုဖော်ကြ။
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းကြ။
မိုးတိမ်တွေလိုလွင့်နေတဲ့
မလိမ်မိုးမလိမ်မာဆေးကို ဖေါ်ကြ။

ဖော်ကြ
ကိုယ်ကောင်းကြောင်း
သူများမကောင်းကြောင်းဖော်ကြ။

လူကြိုက်နည်းတဲ့
မသူတော်ဆေးကို ဖော်ကြ။

ဖော်ကြ
ငါမှမကယ်ရင်
တိုင်းပြည်ကချောက်ထဲကျတော့မယ်။

မိုက်မဲရမ်းကားကြ။
မောက်မာရင့်သီးကြ။

သေနတ်ကပွင့်ပြီး
နှင်းဆီလို့မြင်စေချင်တဲ့
ကယ်တင်ရှင်ဆေးကို ဖော်ကြ။

ဖော်ကြ
ကိုယ့်မီးမှ ပိုပူတယ်
ကိုယ့်ဒဏ်ရာမှပိုနက်တယ်
အရူးအချင်းချင်း တစ်မူးပိုသာမလား
ကြိုးတစ်ချောင်းပေါ်မှာ
တည်းတည်းလေးအသက်ရှင်ရလည်း
လူဟာ အသည်းကကွဲတတ်သေးတယ်။

မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်ဆေးကို ဖော်ကြ။
 
၇.၄.၂၀၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar