Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၈၁ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၈၁ )

(မိုးမခ) ဧပြီ ၂၁၊ ၂၀၂၄

20/4/24

Diary in the darkness 

ဒီမနက်ပိုင်းသတင်းထူးကတော့ ထိုင်း-မြန်မာ အမှတ်၂ တံတား ကို PDF နဲ့ KNU က သိမ်းပိုက်လိုက်ပြီ။ စစ်ကောင်စီ တပ်သားတွေ ထိုင်းဘက်ကမ်းကို ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းပါ။ မနေ့က စောချစ်သူကို စစ်ကောင်စီက လက်နက်တွေ ပြန်အပ်ဖို့ ရာဇသံပေးပြီးနောက် ထွက်ပေါ်လာတဲ့ နောက်ဆက်တွဲ သတင်းပါ။ 

မြဝတီဟာ တော်လှန်ရေးအတွက် အရေးကြီးတဲ့ မြို့ပါ။ စစ်ကောင်စီအတွက် အခွန်ငွေအမြောက်များ ရရှိတဲ့မြို့ဖြစ်ပါတယ်။ ဒီမြို့ကို တော်လှန်ရေးတပ်တွေသိမ်းပိုက်ပြီးတဲ့နောက်ပိုင်း စစ်ကောင် စီအတွက် ဆိုးကျိုးတွေဆက်တိုက်ဖြစ်လာတော့မှာ သေချာပါတယ်။ 

၁။ တော်လှန်ရေးတပ်တွေအတွက် အခွန်ငွေ အမြောက်အမြားရလာမယ်။

၂။ ထိုင်းမှာ အခြေချထားတဲ့ NGO တွေ မြဝတီမှာ အခြေချခွင့်ရလာမယ်။ အဲဒီကတဆင့် ပြည် တွင်းကို အကူအညီတိုက်ရိုက်ပေးခွင့် ရသွားမယ်။

၃။ NUG အတွက် လွတ်မြောက်နယ်မြေ ထူထောင်ခွင့် ရသွားမယ်။

၄။ လွတ်မြောက်နယ်မြေကို လေကြောင်းရန်ကာကွယ်ခွင့် ရသွားမယ်။

၅။ NUG ရဲ့ နိုင်ငံကူးခွင့် လက်မှတ်ကို ထိုင်းက အသိအမှတ်ပြုရတော့မယ်။ 

စတဲ့ အကြောင်းအရာတွေဟာ စစ်ကောင်စီအတွက် အဆင်းဘီးတပ် ခံလိုက်ရသလိုပါပဲ။ ဒါတွေက ကျွန်တော့်လိုသာမန်လူတစ်ယောက်က လတ်တလော စဉ်းစားမိသလောက်သာ ဖြစ်ပါတယ်။ တကယ့်လက်တွေ့မှာ စစ်ကောင်စီအတွက် ဒီထက်ပို မြန်ဆန်ပြင်းထန်တဲ့ဆိုးကျိုးတွေ သက် ရောက်လာမယ် ထင်ပါတယ်။ 

မနေ့ညကပဲ ကြည့်လေ။ လှိုင်သာယာနဲ့ ရန်ကုန်မြို့တွင်း ဆက်သွယ်တဲ့ တံတားတွေကို စစ်တပ်က ပိတ်ထားတယ်။ လေဆိပ်ကိုလည်း ရုတ်တရက် နာရီအနည်းငယ် ပိတ်လိုက်တယ်။ ဒီဖြစ်ရပ်ဟာ စစ်ကောင်စီတပ်တွေ ကယောင်ချောက်ချား ဖြစ်နေတာကို ဖော်ပြတယ်လို့ ဆိုကြတယ်။

ရခိုင်က စစ်ကောင်စီတပ်တွေဟာ ဘင်္ဂလားဘက်ကို အစုလိုက် အပြုံလိုက် ထွက်ပြေးနေတုန်းပဲ။ 

ကချင်က စစ်ကောင်စီတပ်တွေဟာ တရုတ်ကို ထွက်ပြေးသူပြေး။ အလံဖြူထောင်သူ ထောင်။ 

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေ မလှုပ်နိုင်။

ကရင်နီမှာ စစ်ကောင်စီတပ်တွေ အသက်ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေ။

မြောက်ပိုင်းကတော့ စစ်ကောင်စီ ကင်းစင်နယ် ဖြစ်နေ။

ကရင်ပြည်နယ်မှာတော့ စစ်ကူသွားတဲ့ စစ်ကောင်စီတပ်တွေ ဒေါနတောင်တန်းပေါ်မှာ မြေဩဇာဖြစ်။ မြဝတီက စစ်ကောင်စီတပ်တွေက ထိုင်းထဲကိုထွက်ပြေး။

နေပြည်တော်မှာ စစ်ကောင်စီ ခေါင်းဆောင်တွေ တယောက်နောက်ကျောကို တယောက် ဓားနဲ့ထိုးနေကျ။

ဇာတ်သိမ်းပိုင်း ရောက်လုပြီ။ မိုးလင်းတော့မယ်။

အန်ကယ် တူမီး

20/4/24

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar