Breaking News

မြင့်အေး - Soli ဆူးလီမှာ ဆုံကြမယ်

Image- Google

Soli ဆူးလီမှာ ဆုံကြမယ်
မြင့်အေး
(မိုးမခ) ဧပြီ ၂၁၊ ၂၀၂၄

ဒီနေ့ နော်ဝေရဲ့ ဟော့နယူးက အော်စလိုမြို့လည်ခေါင်မှာ ကော်ဖီဆိုင်ဖွင့်ပြီး ဆေးခြောက်ရောင်းပွဲလုပ်တာ ရဲတွေရောက်မလာခင်အထိပဲ။ ဆေးခြောက် ဂရမ်(၂၀၀) ကျော် ရောင်းလိုက်နိုင်ပါတယ်။ 
လူတယောက် ဝမ်းဂရမ်ပဲရောင်းပေးတာပါတာ။ ဝယ်သူတွေက လမ်းပေါ်မှာ ပြည့်ညှပ်နေအောင် တိုးကြိတ်နေကြတာ။ အစိုးရသတင်းဌာနက ဖော်ပြနေတာ။
ဒီသတင်းက တကယ့်ဒရမ်မာ။
မနေ့က မီဒီယာမျိုးစုံကနေ “ကော်ဖီဆိုင် ရှိမယ်။ ဆူးလီမှာ ဆုံကြမယ်” ဆိုပြီး ရဲကိုတပ်လှန့်အသိ ပေးလိုက်တယ်။ ဆေးခြောက်ကြိုက် ဂိုဏ်းသားများကြားမှာလည်း ထိပ်တန်းပွဲတော်ရှိမယ်ဆိုတာ အထာပေါက်လိုက်ကြပြီ။ မနှစ်ကလည်း မြို့လည်မှာ ဖရီးဝေတာ ရဘူးသူတွေလည်း ရှိတာကိုး။
ဒီဘဲတွေ ရည်ရွယ်ချက်က ရှင်းတယ်။ ဆေးခြောက်မကောင်းဘူး ဘာညာဂျင်းထည့်မနေနဲ့ ဥရောပထဲမှာ ဆေးခြောက်သောက်ခွင့်ပြုတဲ့ နိုင်ငံတွေ တိုးလာတာ သက်သေ။ 
ဆိုတော့ကာ ငါတို့နော်ဝေက အကြိုက်သမားတွေကကော ဘာကြောင့် ဒီအခွင့်ရေး ရခွင့်မရှိရမှာလဲ။ အစိုးရဖွင့်မပေးသေးဘူးလား။ ရတယ် လာ ဟေ့ရောင်တွေ ငါတို့ ရောင်းမယ် လာဝယ်ကြ။ ဒါပဲ။ ဆူးလီရောက်ရင် လိပ်စာလမ်းညွှန်မယ်။
ဆူးလီနဲ့ရောင်းတဲ့ နေရာက လမ်းလျှောက်ရင် (၁၀) မိနစ်လောက်ပဲဝေးတယ်။ စတေဒီယမ် ရှိတဲ့ မြို့လည်ခေါင်ရပ်ကွက်မှာ ကော်ဖီဆိုင်ကို လမ်းလျှောက်ပြီးသွားဝယ်ရုံပဲ။
မနက် (၉) နာရီလောက်ရောက်တော့ ဆူးလီမှာ အမျိုးကောင်းသားများတစုဆီ စုဝေးလာကြတယ်။ ရဲတွေက သိတယ်၊ ခက်တာက ဆိုင်ကို မသိနိုင်တာပဲ။
ဒီလိုနဲ့ ကော်ဖီဆိုင်မှာဆုံကြတော့ လူက တန်းဆီနေကြရပြီ။ ကိုလှရွှေတို့ လှည့်စားခံလိုက်ရလို့။ အထက်ကပြောသလို လူ(၂၀၀) လောက်ဝယ်နိုင်ဖို့ အချိန်ရသွားကြတယ်။ 
ရဲရောက်လာတယ်။ ရောင်းသူတွေကလည်း ရှေ့မှာ ဆေးခြောက်ဗန်းကို ပေါ်တင်ချထားတာပဲ။ မဖမ်းဘူး။ ဟိုမောင်တွေက ဖမ်းစေချင်တာ။ ရဲရာဇဝတ်ဥပဒေကို လူ့အခွင့်ရေးရပိုင်ခွင့်ဥပဒေနဲ့ခုခံရင် ရဲက နိုင်ခြေမရှိပါဘူး။ 
တခြားတဖက်မှာဖမ်းလိုက်ရင် ဆေးခြောက်ချစ်သူများရဲ့ ဝါဒကကြော်ငြာပေးလိုက်ရာရောက်သွားမယ်။ နဂိုကတည်းက ဆေးခြောက်ချစ်သူဦးရေက တိုးပွားသထက် တိုးပွားလာနေတာကို သိထားလေတော့ မဖမ်းတဲ့သဘောလည်းပါနိုင်ပါတယ်။
နောက်သတင်းတပုဒ်ကတော့ အော်စလိုမှာ ကိုကင်း ကီလို ၇၀၀ မိတာနဲ့ပတ်သက်ပြီး ရဲအရာရှိနဲ့ အင်တာဗျူးလာပါတယ်။ 
ငှက်ပျောသီးသေတ္တာများနဲ့အတူ ပါလာတာပါ။ တနှစ်လောက် မသင်္ကာသူတွေကိုစောင့်ကြည့်ပြီး ဖမ်းဆီးနိုင်ခဲ့တဲ့ ကြီးမားတဲ့အမှုကြီးပါ။
ဒီအမှုနှစ်ခု တနေ့ထဲလာဆုံနေတာကလည်း ထူးခြားတယ်ဆိုရမှာပါ။
ဒီနှစ်မှုကိုယှဉ်ပြီးစဉ်းစားရင် ရဲတွေရဲ့ ဉာဏ်ပညာနဲ့ကိုင်တွယ်သွားတာကို မြင်နိုင်ပါတယ်။
ဆေးခြောက်ကဲ့သို့သော နိုင်ငံအများမှာပင် ခွင့်ပြုလာရတဲ့ အပျော့စားမူး ယစ်ထုံထိုင်းဆေးခြောက်ကို ရေးကြီးခွင်ကျယ်လုပ်ပြီး မြို့မေတ္တာခံယူတဲ့ အလုပ်မျိုးမကျူးလွန်ဘူး။ လက်ရှိနိုင်ငံရဲ့ဥပဒေအရ အရေးယူလို့ရပါတယ် ။ ဒါပေမဲ့ ဆိုခဲ့သလို လူ့အခွင့်အရေး ရှုထောင့်ကကြည့်ရင် မလိုလားအပ်တဲ့ တရားရင်ဆိုင်မှုလုပ်ရမယ်။ 
အိုကေ- မင်းတို့ကောင်တွေ လျင်တော့လုပ်ထား။ ငါတို့သိတယ်နော် ဒီထက် ပိုတဲ့ရာဇဝတ်မှုတော့ လုပ်လို့မရဘူး၊ သဘောပါလား။ ပြီးပြီ။
တကယ့် ကိုကင်းဂိုဏ်းကိုကျတော့ သင်္ဘောဆိပ်ကမ်းမှာ ကုန်တွေ စချက တည်းက ကင်မရာနဲ့ စောင့်ကြည့်တယ်။ ဂိုထောင်မှာ ကင်မရာထားတယ်။ လာသယ်တဲ့ကားတွေ မှတ်ထားတယ်။ နှစ်ကြိမ်သုံးကြီမ် အတင်အချလုပ် တိုင်း တွေ့ရတဲ့လူတွေနောက် လိုက်ထားတယ်။ 
သေချာပြီဆိုမှ ဝင်ကျူံးလိုက်တယ်။ ပြောရရင် တကယ့်မှောင်ခို ရာဇဝတ်ဂိုဏ်းကို အချိန်ပေး ၊ ငွေကုန် အသေအချာလုပ်ပြီး ဖြိုခွင်းတာပါပဲ။
ကဲ ..
ဥပဒေအရ အရေးယူခွင့်ရှိသော်ငြား ဘယ်လိုအမှုကို အလေးအနက်ပြု တင်းကြပ်ထိန်းသိမ်းရမလဲ။ ဘယ်အမှုကိုတော့ဖြင့် ငယ်တဲ့အမှုပျောက်စေလုပ်ရမလဲဆိုတာ ပညာတတ်တဲ့သူတွေ သိက္ခာရှိ အစိုးရတွေ လုပ်ရတဲ့အလုပ်မဟုတ်ပါလား။
အာဏာဆိုတာ ဉာဏ်ပညာသုံးပြီး လူ့အဖွဲ့အစည်းကို လုံခြုံဖို့၊ ရှေ့ကို တိုးတက်အောင်လုပ်ဆောင်ဖို့၊ တရားမျှတတဲ့ ဥပဒေစိုးမိုးဖို့ လုပ်ဆောင်နိုင်စွမ်းပါတယ်။
အာဏာကို ဉာဏ်မသုံးရင်တော့ လူကဲ့ရဲ့ခံအာဏာရှိသူသာ ဖြစ်စေပါလိမ့်မယ်။
လူ့အဖွဲ့အစည်းကလည်း လူမလေး ခွေးမခန့်ဖြစ်ပါလိမ့်မယ်။

မြင့်အေး
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar