Breaking News

မောင်မောင်ငြိမ်းအေး - ကျည်ဆန်

Art by Than Htay Maung

ကျည်ဆန်
မောင်မောင်ငြိမ်းအေး
(မိုးမခ) ဧပြီ ၂၂၊ ၂၀၂၄

နိုင်ငံ့ကျက်သရေ
ကျည်ဆန်တွေကြောင့်
ယုတ်နေခဲ့တာ ကြာပြီလေ။

မ,ကမဖျက်
ကျည်ဆန်ဖျက်၍
တိုင်းပျက်ပြည်ပျက်ကြာပြီလေ။

ကျည်ဆန်ရဲ့လမ်း
မှောင်ရိပ်သန်း၍
ပန်းတို့ကြွေခဲ့ ကြာပြီလေ။

ကျည်ဆန်သမိုင်း
နေရာတိုင်းမှာ
ရိုင်းစိုင်းခဲ့တာ ကြာပြီလေ။

ကျည်ဆန်ဝှေ့ယမ်း
တိုင်းပြည်လမ်းမှာ
ငြိမ်းချမ်းမရှိ ကြာပြီလေ။

ကျည်ဆန်ကြောင့်လေ
ဟောဒီမြေမှာ
မျက်ရေစိုရွှဲ ကြာပြီလေ။

ကျည်ဆန်ကြောင့်ပင်
အာဏာရှင်တို့
ဘုရင်ဖြစ်ခဲ့ ကြာပြီလေ။

ကျည်ဆန်နှင့်ရှင်း
ရန်တုံ့နှင်း၍
စစ်ခင်းခဲ့တာ ကြာပြီလေ။

ကျည်ဆန်လွတ်ရေး
စွန့်ခွာပြေးကြ
စစ်ဘေးရှောင်များ ကြာပြီလေ။

ကျည်ဆန်ကိုယုံ
ဖွဲ့စည်းပုံကြောင့်
ရေစုန်မျောရ ကြာပြီလေ။

ကျည်ဆန်ကိုချစ်
တရားပစ်၍
နွံနစ်ပြည်သူ ကြာပြီလေ။

ကျည်ဆန်ယုံကြည်
ကိုယ်ကျိုးမှီကြ
တိုင်းပြည်ဆင်းရဲ ကြာပြီလေ။

ကျည်ဆန်အားကိုး
ရှေ့ကိုတိုး၍
ကိုယ်ကျိုးငင်ကြ ကြာပြီလေ။

ကျည်ဆန်ကိုမုန်း
ပြည်သူရုန်းမှ
ညွန့်တုံးဘဝ လွတ်လိမ့်မည်။

ကျည်ဆန်စွန့်ပစ်
လူစိတ်သစ်မှ
မွဲညစ်တိုင်းပြည် သာလိမ့်မည်။

ကျည်ဆန်ကိုစွန့်
လူထုလွန့်မှ
မြူးကွန့်ရောင်ခြည် နီလိမ့်မည်။

ကျည်ဆန်မကြောက်
ဒူးမထောက်မှ
ဆိုက်ရောက်လိမ့်မည် ဒီမိုကရေစီ။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar