Breaking News

ဘသီ - ကန်း နေတဲ့ လမ်း

Art by Than Htay Maung
ကန်း နေတဲ့ လမ်း 
ဘသီ
(၂၀) ဧပြီ  ၂၀၊ ၂၀၂၄

၁ ။

ဒီလမ်း  ဒီခရီး တလျှောက်
မြင်မိသလောက်ကတော့ ...

ရည်ညွှန်းရာမတူညီတဲ့
ဝေလေလေတသိုက်နဲ့
လု ... လူ ... လူး ဒိုက် အမှိုက်များ 
"ရွှေရည်စိမ် လွတ်လပ်ရေး" ကိုမှ အမှတ်မှား
ဂြိုဟ်ထ နေသော ဘဘတို့အား
ဘုရားထူးပြ သာယာနေပုံ ...

ရူးသွပ်မိုက်မဲသော စစ်မိစ္ဆာတစ်စုရဲ့ 
သံဖနှောင့်အောက်မှာ  ချနင်းခံလိုက်ရတဲ့
ကြေမွပြန့်ကျဲ တိုင်းနိုင်ငံတခုရဲ့ကံကြမ္မာ ...

ပကတိအမှန်တရားနဲ့ ဖွံ့ဖြိုးလွတ်လပ်ရာ
အနာဂတ်စာမျက်နှာအသစ်တွေ ထပ်မံပြုစုလို့မရအောင်
ဆက်လက်ပျောက်ရှနေဦးမှာ ဆိုတာ ... ။

၂ ။

ဒေသိယ မတူညီတဲ့အခြေအနေတွေ ကြား
မျှောယောင်လိုက်ပါသွား လေသော
ဝမ်းဗိုက်ပေါက် လှေကြီးတစ်စင်း 
ဟောဒီ သွေးရောင်လွှမ်းမြစ်ထဲက
ဝဲကတော့ အလယ်မှာ
အခုတော့ ...
တလည်လည်နဲ့ပေါ့  ။

၃ ။

နယ်မြေ နယ်နိမိတ်တံတိုင်းများ
သူ့အရပ် သူ့အထွာ ပိုင်းခြား
သူ့ အမိန့် သူ့အာဏာ ဖြန့်ကြက် ထား
ရော့ ...
နင် တစ်မတ် ယူ ထား
ငါ တစ်ကျပ် ယူရင်ကျေနပ်လား
သေနတ် ရှိရင် 
ဘာမဆိုဖြစ်တယ် ဆိုလား ? ။

၄ ။

ပိုမို ကြီးထွားလာမယ့်  ပေါက်ကွဲအားတွေ 
သတ်ကွင်းထဲ ရောက်နှင့်နေတဲ့ အစမ်းသပ်ခံလူသားတွေ
ဟော ဟို ....သံဆူးကြိုးပေါ် က
သွေးစက်လက်ကျနေတဲ့အသားတစ်အပိုင်းအစတွေ
လိုကေးလ်ရှင်း မြင်ကွင်းအားလုံးဟာ အသေ 
မနက်ဖြန် သင်မြင်ရဦးမယ့် အခြေအနေပေါ့ ။

၅ ။

ထပ်မံပြိုကျရန်အားယူနေတဲ့
သူဆင်းရဲနိုင်ငံတခုမှာတော့
ကျွန်စိတ်နဲ့ငြိမ်ခံနေတဲ့ကျွန်တွေ
သခင်စိတ်နဲ့ ရှင်သန်နေမယ့်သခင်တွေ 
ခရိုနီ ခရိုနက် ခရိုပြာ လူလွန်မ ငထွားတွေနဲ့
အသေခက်အနေခက် ချာတာတာ နင်းပြားလူသားတွေ
ဒီဆန့်ကျင်ဘက်နှစ်ရပ် 
ဘယ်အခြေအနေရောက်ရောက်
ဒီကမ္ဘာမှာ
ပွတ်တိုက်ပူလောင်နေဦးမှာ
သေချာ  ။       

၆ ။

ပစ္စုပ္ပန်အရှိတရားကို ဖုံးဝှက်ထာသော
ရှက်ရွှံ့မှုမဲ့အပျော်တု ဗဟုသဏ္ဍန် လမ်းအကန်းများ 
ခါးလွန်းပေစွ ။      ။

ဘသီ ။
15th;April '2024.
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar