Breaking News

မောင်ဘဦး - မဲဆောက်သွား တောလား

မဲဆောက်သွား တောလား
မောင်ဘဦး
(မိုးမခ) ဧပြီ ၂၀၊ ၂၀၂၄

ယခုအသက် ၆၃ ။ အာရုံ ၆-ပါးစလုံး ပျက်သုဉ်းရေးလမ်းစဉ်သို့ ဝင်စပြုပြီ။ မှတ်ဉာဏ်တွေက မပီ ပြင်မပြတ်သား မှုန်တိမှုန်ဝါး။ "ကွန်ဖမ်း" စရာ ဒိုင်ယာရီစာမျက်နှာတွေကလည်း စခတို့၏ရှို့မီးထဲ ပါသွားကြလေပြီ။။ သို့ပေသိ၊ "ဧဝံမေသုတံ ဧကံသမယံ၊ အညတြာ ဒေဝတာ"၊ ဥပမာထုံးကို နှလုံးပြု၍၊ အမည်နာမတွေကိုအညတြပြုကာ၊ သမိုင်းတစ်ကွေ့အထောက် အထားလိုသူတို့ တွေ့မြင်နိုင်စေရန်အလို့ငှာ ဖောက်သည်ချလိုက်ရပါသတည်း။

၁၉၈၈-၈၉။ သက်တူရွယ်တူ ၂၄-၂၅၊ ဘွဲ့ရသူငယ်ချင်း ၆ ယောက်။ မန္တလေး-ရန်ကုန်အမြန် ရထားလက်မှတ်ဖြတ်ပြီး၊ ပဲခူးမှာ ဆင်းသည်။ မုတ္တမရထားလက်မှတ် ဆက်ဖြတ်သည်။ ရထားစောင့်ချိန်စပ်ကြား၊ ရွှေသာလျောင်းကို သွား၊ ရွှေမော်ဓောဘုရား ငလျင်ဒဏ်ခံငှက်ပျောဖူး၏ "သတိ" ဆိုသောစာလုံးကြီး‌ရှေ့မှာ ခေတ္တနားပြီး၊ မုတ္တမရထားနှင့် ခရီးဆက်ခဲ့ကြသည်။ မုတ္တမရထားမှာ၊ မျက် နှာချင်းဆိုင်၂ ယောက်ထိုင် သစ် သားထိုင်ခုံများ၏ အောက်မှာရော ဘေးမှာပါ ထင်းရှူးသေတ္တာ, တောင်း, ခြင်းတောင်းပေါင်း မြောက်မြားစွာဖြင့် ခြေချစရာနေရာမရှိရကား၊ ထိုင်ခုံပေါ်တွင် ခြေ ၂ ဖက်လုံးကိုတင်၍ ခပ်ကြုံ့ကြုံ့ခပ်ကွေးကွေး စီးနင်းလိုက်ပါရင်း၊ အညာနှင့်မတူသည့် ပတ်ဝန်းကျင်လယ်ယာတလင်း၊ အကြေအရပ် ရှူခင်းများကို ငေးမောရင်း လိုက်ခဲ့ရသည်။

ရထားပေါ်တွင်၊ လက်တစ်ဖက်က ကြိမ်ခြင်းတောင်းကြီးကို တံတောင် ဆစ်ကွေးတွင် ချိတ်လျက် ပြတင်းပေါက်မှတဆင့် တွဲခေါင်မိုးပေါ်သို့တက်ကာ တစ်တွဲမှတစ်တွဲ ကူးလူးရင်း ထမင်းရောင်းနေသော မိမိနှင့်သက်တူ ရွယ်တူခန့် ထမင်းသည်လေး၏ "မိုးစက်တင်လေ" သီချင်းလေးကိုတော့ မှတ်မှတ်ရရရှိနေဆဲ။ အသံလေးကကောင်းသလို ရုပ်ကလေးကလည်း အပြစ်ကင်းစင် သနား ကမား၊ ကြာဖက်ထဲက ထမင်းဟင်းလေးကလည်း ကောင်းလှသည်။

မုတ္တမတွင် ရထားဆင်းပြီး မော်လမြိုင်ကို "ဇက်"ဖြင့် ကူးကြရသည်။ မော်လမြိုင်ရောက်ချိန် ထိုစဉ်က၊ နဝတစစ်ကောင်စီမှ သုဿန်ကိုဖျက်ကာ နေရာရွှေ့ပြောင်းနေချိန် ဖြစ်သည်။ မော်လမြိုင်တွင် အညာအိမ်တွေနှင့် မတူသည့်အဆောက်ဦးများ, အညာလေသံနှင့်မတူသည့် စကားသံများအပြင်၊ အညာကွမ်းယာနှင့်မတူသော ဆေးရွက်ကြီးပေါင်းနှင့် ကွမ်းသီးအစိုကို စားရသည်။ ကျိုက်သာလန်ဘုရား ‌အာရုံခံဇရပ်ထဲမှ ကောသလအိပ် မက် ၁၆ ချက် ဆေးရေးပန်းချီကားများကတော့ ခုချိန်ထိ ပြတ်ပြတ်သားသား မှတ်မိနေဆဲဖြစ်သည်။

မော်လမြိုင်တွင် တစ်ညအိပ်၍ ကျိုက်မရောသို့ ကားဖြင့်သွားရသည်။ လေးထောင့်ခပ်ကျကျ သစ် သားဘော်ဒီ၊ ခေါင်းရှည်လိုင်းကားများဖြင့် ဖြစ် သည်။ မြို့အထွက် ဂိတ်မရောက်မီလေးတွင် စပယ် ယာက ခေါင်မိုးပေါ်မှ လိုက်လာသော မိမိတို့ကိုအဆင်ခိုင်းပြီး၊ ဂိတ်ကျော်သည်နှင့် ကားခဏရပ်ပေးကာ ပြန်အတက်ခိုင်းသည်။ ဂိတ်တွင် ပါစင်ကျယ်အားလုံး၏မျက်နှာတွေကို စေ့စေ့စပ်စပ်လိုက်ကြည့်သည်။ မထင်လျှင်မထင်သလို ကားပေါ်က ဆွဲချသည် တဲ့။

၈၆ က ဘွဲ့ရကျောင်းပြီးကာစမို့၊ "အတန်းဖော် အခန်းဖော် သူငယ်ချင်းဆီ အလည်သွားသည်" ဟု စိတ်မှာအောက်မေ့ရင်း 'ဟန်ကိုယ့်ဖို့' က ကောင်းလွန်းနေလို့လား မသိ။ အန္တရာယ်ကင်းရှင်းစွာ ကျိုက်မရောသို့ဆိုက်ရောက်ပါတော့သည်။ ကျိုက်မရောဈေးတွင် တောင်တက်ရာ၌ ခြေကုပ်အား ကောင်းသည်ဆိုသော ဂွင်း(ကွင်း) ထိုးပိုက်ဖိနပ်၊ အခင်းအဖြစ်၎င်း၊ ခြုံစရာအဖြစ်၎င်းသုံးရန် မိုး ကာ၊ ဒုတ်မီး(လက်နှိပ်ဓာတ်မီး)၊ ကျောပိုးအိတ်၊ ဝါး ဖတ်ခမောက် စသည်ဖြင့် ကိုယ်စီကိုယ်ငှဝယ်ပြီးသကာလ လှေဆိပ်သို့ဆင်း၊ ပဲ့ချိတ်ဆိုလား ပဲ့ထောင်ဆိုလား စီးနင်းရင်းဖြင့် ကော့ဝမ်းရွာလေးသို့ ချီတက်ခဲ့ကြသည်။ ဒုတ်မီးကို အလင်းမစူး အလင်းမဖြာအောင် အတွင်း 'စလောင်း' ကို ဖြုတ်ပစ်ရသေးသည်။ ဒုတ်မီး နောက်ပိတ်တွင် စပါယ်ယာဖန်သီးကို ညှပ်ထားရသေးသည်။ ရွာတွင်တစ်ညအိပ်ကာ လမ်းပြကိုငှား၊ ဘရိတ်ဖတ်ထမင်းစားပြီးသည်နှင့် အိမ်ရှင်ထည့်ပေးလိုက်သော ကြာဖက်နှင့်သေသပ်စွာထုပ်ပေးထားသည့်ထမင်းထုပ်လေးများကိုသယ်ယူကာ ဟိုအဝေးဆီက တောင်ပြာတန်းများရှိရာသို့ ခြေလျှင်တောင်တက်ခရီးရှည်ကို စတင်ကြတော့သည်။

အညာဒေသလိုမဟုတ်၊ ရွာစဉ်က အတော်အတန် ဝေးလှသည်။ စစ်တပ်ကင်းစခန်းများကို ရှောင်ကွင်းရင်းမို့လည်း ရွာတစ်ရွာရောက်ဖို့ ၄, ၅, ၆ နာရီကြာ ခရီးပြင်းနှင်ကြရသည်။ လမ်းပြက ရပ်ဆိုလျှင် ရပ်၊ အသံတိတ်ဆိုလျှင် တိတ်၊ ထိုင်ဆိုလျှင် ထိုင်၊ ဝပ်ဆိုလျှင် ဝပ်၊ နားဆိုလျှင် နား၊ စားဆိုလျှင် စား၊ ခက်ခဲပင်ပန်းသော်ငြား၊ မရောက်ဖူး မသွားဖူးသောခရီးမို့ စိတ်အားထက်သန်စွာဖြင့် ချီတက်ခဲ့ကြသည်။
   'ချောင်း' ဟု ခေါ်မည်လား၊ 'ရိုး' ဟုခေါ်မည်လား မသိ။ ဖြတ်ကူးအပြီး တဖက်အရောက်၊ သူငယ် ချင်းက ပြောမှကြည့်မိသည်။ ခြေသလုံး ၂ ဖက်စလုံးမှာ မျှော့တွေတွယ်နေပုံက လက်နှင့်သပ်ချလို့ မကျ၊ ဆွဲခွာဖြုတ်မှ ရသည်။ သွေးစုပ်သည့်သတ္တဝါမျိုးဟူသည်ကား အသာအယာနှင့် မရ၊ ဇွတ်အတင်း ဆွဲခွာပစ်မှ ရသည်။ ခွာပြီး နီးနီးနားနားတင် မပစ်ရဲ၊ ခပ်ဝေးဝေးသို့ လွှင့်ပစ်ရသည်။ ဒုတ္ထာပြာ(ကြေးနီဆာလဖိတ်), အိမ်သုံးဆား(ဆိုဒီယမ်ကလိုရိုဒ်)တို့ကို ခရုပက်ကျိမျှော့တို့ ကြောက် ရွံ့ကြကြောင်း သင်ခဲ့ရဖူးပေသိ လက်ထဲတွင် ဘာမှမရှိ။ ဆွဲခွာဖို့ပဲရှိသည်။

နဖူးတွင် ပလိုင်းများချိတ်၍ နှစ်ဖွဲ့သုံးဖွဲ့၊ မိမိတို့ကို ကျော်တက်သွားကြသည်။ နောက်ဆုံးအဖွဲ့၏ ပလိုင်းတွေထဲတွင်မတော့ ရပ်တော်မူ သစ်သား ဘုရားရုပ်ပွားကိုယ်တော်များကို ဇောက်ထိုး မိုးမျှော် ထည့်ထားကြသည်။ 

"ရှေးဟောင်းပစ္စည်းမှောင်ခိုအဖွဲ့၏ ကယ်ရီများ" ဖြစ်ကြပါသတဲ့။ ရင်ထဲတွင် အမည်မဖေါ်ပြနိုင်သောဝေဒနာများ ခံစားလိုက်ကြရသည်။ အညာဒေသ ရွာလေးတစ်ရွာ ဘုန်းကြီးကျောင်းမှ ကြေးပုရပိုဒ်များလာဝယ်သူကို မြင်တွေ့ဖူးသည်။ ဘုန်းကြီးက လက်ရှိကျွန်းပြား ၃ထစ် ကျောင်းလှေခါးတက်ကိုဖျက်ပြီး အုတ်လှေကား ၃ ထစ် လုပ်ပေးခိုင်းရုံဖြင့် အရောင်း အဝယ်တည့်သွားကြသည်။ စင်စစ် ထိုကြေးပုရပိုဒ်များမှာ သံဃိကလှူဒါန်းမှူသာ ဖြစ်ပြီး၊ ထိုကိုယ်တော်အား ပုဂ္ဂလိကလှူဒါန်းခဲ့ခြင်း မဟုတ်တန်ရာ။ အုပ်ချုပ်သူရော အုပ်ချုပ်ခံသူများပါ ဘိုးဘွားအမွေအနှစ်ကို တန်ဘိုးမထားတတ်သော မြန်မာပြည်ကြီးပါတကား။

မိုးလေးက ခပ်ဖွဲဖွဲ။ ဟိုအဝေးတောင်တန်းတွေဆီက ဝင်းခနဲ လက်ခနဲ။ လျှပ်စီးက လက်၊ 'ဂျိမ်းခနဲ' မိုးကခြိမ်းလိုက်တော့ မိမိတို့တစ်ဖွဲ့လုံး လန့်သွားကြတော့သည်။ "ရှေးဟောင်းဘုရားကုန်သည်အဖွဲ့ထဲ ကျနော်မျိုးတို့ မပါပါ သိကြားမင်းကြီး ခင်ဗျား။"

မကြာပါချေ။ အုန်းပင် ကွမ်းသီးပင်လေးတွေ အစီအရီဖြင့် တောင်ခြေ ရွာလေးတစ်ရွာကို လှမ်းမြင်လိုက်ကြသည်။ စိတ်ကရောက်ချင်ဇော နားချင်ဇော၊ လူငယ်ခြေလှမ်းမို့ တစ်ခဏနှင့် ထိုရွာကလေးဆီသို့ ရောက်သွားတော့သည်။ ရွာသူရွာသားများကို မတွေ့ရ။ အုန်းသီးခွဲရောင်းသူတစ်ယောက်သာ တွေ့ရသည်။ အုန်းသီးလေးများကို ထိပ်ဝ ဓားဖြင့်ဖြတ်ပေးထားသော အုန်းရည်ချိုချိုလေးမှာ ချက် ချင်း အမောပြေစေပါတကား။

လမ်းပြက ကြာကြာအထိုင်မခံ၊ ခရီးဆက်ရသည်။ သည်တခါတော့ ဝါးဝင်တွေစုဝေးပေါက်ရောက်ရာ ဝါးတောကြီးကို ဖြတ်သန်းရသည်။ တစ်ရုံစီတစ်ရုံစီ မပြီးမစီးနိုင် ပေါက်ရောက်နေသော ဝါးတောကြီးကြား လှည်းဘီးရာကြီးတွေကလည်း အထင်းသား၊ နက်လည်းနက်လှသည်။ ခဏနား၊ မိုးကာလေးခင်း ထမင်းစားကြသည်။ ပြီးလျှင် ခရီးဆက်ရပြန်သည်။
   
ကရင်ညီအစ်ကိုတို့၏နှစ်သစ်ကူးပွဲကျင်းပရာ ကွင်းပြင်ကြီးကို ဖြတ်သန်းပြီးချိန်မတော့၊ "တော ကြီး,တောလေး" တို့ကို ကျော်ဖြတ်ရသည်။ "တောကြီး" ဆိုသည့်အတိုင်း ကျွန်းတောကြီး၏ သစ် ပင်များမှာ အရွယ်တူ၊ "တောလေး" ကလည်း ကျွန်းပင်ပျိုများ တစ်တောလုံး တရွယ်ထဲ။

တောကြီးထဲ ဖြတ်သန်းစဉ် မှတ်မိနေသည်ကား မျောက်များပင် ဖြစ် သည်။ ၎င်းတို့နယ်ထဲ မိမိတို့အဖွဲ့ရောက်သွားသည်နှင့် ဆူညံသွားတော့ သည်။ ဆူမယ့်သာ ဆူသည်၊ ခဏနားချိန် မိုးကာလေး ခင်း ပက်လက်လှန်ကျောခင်းချိန်တွင်မတော့ တစ်တောလုံး ဆူညံနေသူကို တွေ့မြင်ရတော့ သည်။ စင်စစ် မိမိတို့ခေါင်းပေါ်က ဟိုပင်သည်ပင် ပတ်ချာလှည့်ကူးကာ အသံပေးနေသည်က မျောက်ထီးတစ်ကောင်ထဲ ပါတည်း။ ကျန်မျောက်များမှာ သားငယ်ကို ကျောမှာပိုး,ရင်၌လွယ်၍၎င်း၊ အပင်ခွကြားတွင် ထိုင်၍၎င်း၊ မျက်လုံးလေးတွေပေကလပ်ပေကလပ်ဖြင့် မိမိတို့ကို့အပေါ်စီးမှ ငြိမ်သက်စွာကြည့်ရှူနေကြသည်ကို တွေ့ရသည်။

တဖြည်းဖြည်း တောင်မြင့်တွေပေါ် ကွေ့ကာပတ်ကာတက်လာရင်းက ဗြုန်းဆို ခပ်မတ်မတ်အတက်တစ်ကွေ့တွင် ဝါးကာဝါးခင်း အင်ဖက်မိုး စခန်းလေးကို တွေ့ရတော့သည်။ သည်ညတော့ ဒီမှာနား သည်မှာစား သည်မှာအိပ်ပြီး မနက်မိုးမလင်းမီ ခရီးဆက်ရမည်တဲ့။ ခရီးပမ်းလာလို့လား မသိ၊ ဝါးတစ်လုံးကို ၂ ခြမ်းခွဲကာ၊ မနွှာပဲ ထုဖြန့်ထားသည့် ဝါးအခင်းလေးပေါ်အိပ်ရသည်က အရ သာ။

မနက်မလင်းခင် ခရီးထွက်ရပြန်သည်။ ရွာတစ်ရွာအရောက်တွင် လက် နက်ကိုင်အဖွဲ့တစ်ဖွဲ့ကို တွေ့ရသည်။ လမ်းပြနှင့် မိမိတို့ထဲမှ ၂ ယောက်က သွားတွေ့ရသည်။ စကားအနည်းငယ်ပြော ပေးစရာရှိတာပေးအပြီး ခရီးဆက်ခဲ့ကြသည်။ လက်နက်ကိုင်အဖွဲ့မှ ၂ ယောက် မိမိတို့နှင့်လိုက်ခဲ့ကြသည်။

ခရီးဝေးက တစ်ခါမျှ မသွားစဖူး၊ လူကောင်က ခပ်သေးသေး၊ ဤခရီးတွင် အငယ်ဆုံးလည်းဖြစ်သော မိမိမှာ ခြေဖဝါး ၂ ဖက်လုံးတွင် မန်ကျည်းစေ့အရွယ် အရည်ကြည်ဖုများပေါက်လာသည်။ လမ်းသွားရ ခက်လာ၏။ ခရီးတစ်ခုလုံး နောက်ဆုံးမှချည်း ဖြစ်၏။ မိမိကို စောင့်ခေါ်ကြရ၏။ ရေဘူးနှင့်ကျောပိုးအိတ်က ကြာလေကြာလေ လွှင့်ပစ်ချင်လောက်အောင်လေးလံ၍ လာလေသည်။ လိုက်လာသော လက်နက်ကိုင် ၂ ယောက်မှာ သဘောကောင်းလှသည်။ မိမိ၏ကျောပိုးအိတ်ကို ကူသယ်ပေးသည်။ ‌"တောင်ပြောင်"သို့ရောက်ခါနီးမှ သူတို့ လမ်းခွဲသွားကြသည်။

တောင်ပြောင်သည်ကား ဆံပင်ငုတ်စိနှင့် တောင်ကတုံးများပေတည်း။ မျက်ခင်းပြင်သာရှိ၍ ခြုံနွယ်မှစ အခြားအပင်ကြီးဟူ၍ လုံးဝမရှိပါပေ။ တောင်ပြောင်ကို ခါးလယ်မှ ဖြတ်၍လည်း သွားကြရ၏။ ဘေးမှ ဝိုက်ဝန်း၍လည်း သွားကြရ၏။

ပြီးလျှင် တောင်ကြီးတွေပေါ် တက်ရတော့၏။ သည်တစ်ခါတော့ မတ်မတ်ကြီးတက်ရသည်က များသည်။ တောင်တစ်လုံးနှင့်တစ်လုံးကြား နက်လှစွာသောချောင်းကိုဖြတ်အကူးတွင် သစ်ပင်ကြီးတစ်ပင်တည်း ကန့်လန့် ဖြတ်လှဲထားသည့်အပေါ်က ဘေးတိုက် တစ်လှမ်းခြင်း ကြောက်ကြောက် ရွံ့ရွံ့ဖြတ်သန်းခဲ့ရသလို၊ အလွယ်ပြုလုပ်ထားသော လက်ကိုင်ပါ ဝါးတံတားကျဥ်းကျဉ်းလေးပေါ်မှလည်း ဖြတ်သန်းခဲ့ရသည်။ ရေအောက်ထိ ထွင်းဖောက်မြင်ရသော ကြည်လင်လှသည့် ချောင်းတစ်ခုတွင် ကျောက်တုံးများပေါ်မှလည်း ဖြတ်ကူးခဲ့ရသည်။ ဤနေရာ၌ အထူးမှတ်မိနေရသည်ကတော့ ချောင်းစပ်ရှိ ရေစီးနှင့်ဒလက်ကိုလည်စေကာ တချက်ချင်း ဆန်ဖွပ်မောင်းထောင်းနေခြင်းပင် ဖြစ် သည်။ မောင်းထောင်းပေးစရာ လူမလို။ ရွာထဲတွင် လူလည်း မမြင်။

တောင်တန်းကြီးတွေပေါ်မှအဆင်း၊ ကွေ့တစ်ခုအရောက် ခပ်လှမ်းလှမ်း ချောင်းကျယ်တဖက်ကမ်းဆီတွင် ဝါးတံတားနှင့် စခန်းများကို ဗျူးပွိုင့်သဖွယ် လှမ်းမြင်ရ၏။ ဈေးဆိုင်တွေကလည်း ပိုများပါသည်။ စခန်းအမည်ကို မမှတ်မိတော့။ ဆိုင်တစ်ဆိုင်ကိုဝင်၍ ထိုဆိုင်မှာပင် ညအိပ်ရပ်နား ထ္မင်းစားကြရပြန်သည်။

နောက်နေ့မနက်မလင်းခင် ခရီးစ,ထွက်ခဲ့ကြရာ တချက်တချက် အုန်းကနဲ ခပ်သဲ့သဲ့ကို ကြားနေရသည်။ "ဝမ်းခ"ကို လှမ်းထုနေတာ တဲ့။ သေနတ်သံ ဗုံးသံများကို တခါမှ မကြားဖူးသမို့ အစပထမတော့ ‌ကြောက်မိသည်။ နောက်ပိုင်း ကြားရဖန်များလှ၍ ရိုးသွားသည်။ ထို့ပြင် သေနတ်သံ အတွဲလိုက် အပြန်အလှန်ဆက်တိုက် မကြားရမချင်း မကြောက်တော့။ ဆက်၍သွားမြဲသွားကြသည်။

"နတ်သစ်ပင်"က သည်တောမှာ အကြီးဆုံးသစ်ပင်ဟု ဆိုကြသည်။ လူ ၃ ယောက်ဖက်စာလောက် ရှိသည်။ အပင်ခြေရင်းတွင် ဖယောင်းတိုင်းအချို့ ပူဇော်ခဲ့ဟန် ဖယောင်းစက်များကို တွေ့ရသည်။ "ဗမာကုန်သည်တွေ ထွန်းသွားကြတာ" တဲ့။ ရိုသေစွာပူဇော်တာက တပိုင်း၊ တောမီးလောင်မှာက တပိုင်း ဖြစ်သည်။ ခေတ်မမီတော့သည့်အစွဲများကို ဖျက်ဖို့လိုလေပြီ။ "အက်ဂျူကေးရှင်း လယ်ပယ်"နိမ့်ကျခြင်း, မရှိခြင်းနှင့်လည်း ဆိုင်သည်။ "ရှေးအစဉ်အဆက်က ဆိုလို့လည်း မယုံနဲ့၊ ငါပြောတာတောင် လက်တွေ့သိရမှ ယုံ" စသည်ဖြင့် ကာလာမသုတ္တံကိုလည်း မလိုက်နာ။ ဗုဒ္ဓဘာသာ မဟုတ်။ စင်စစ် ဗုဒ္ဓ၏အဆုံးအမကိုလိုက်နာကျင့်သုံးမှသာ ဗုဒ္ဓဘာသာဝင် ဖြစ်ပါမည်လေ။

သည့်နောက် ဆက်လက်သွားရာ လက်နက်ကိုင်ဂိတ်စခန်းတစ်ခုသို့ ရောက်ရှိသွားတော့သည်။ သည်စခန်းကတော့ ကြီးသည်။ ထိုင်စရာ သစ်သားတန်းများ ရိုက်ထားသည့် လက်မှတ်ဖြတ်ရာတဲထဲတွင် ခေတ္တ ထိုင်စောင့်ရသည်။ ထို့နောက် တဖက်နိုင်ငံသို့ ခရီးသွားခွင့် ကေသုံးလုံး ထောက်ခံစာကိုယ်စီရရှိပြီး တံတားရှိရာသို့ ထွက်ခဲ့ကြသည်။

ဝါးတံတားမှာ ခါးတစ်ဝက်က အပေါ်သို့ လှန်၍တင်ထားပြီး မြစ်ကို ကူးဆက်ပေးထားသည်။ "သောင်ရင်းမြစ်"တဲ့။ ခပ်ကျဉ်းကျဉ်း၊ ခပ်စောက်စောက်။ တံတားတစ်ဝက်စီ၏ ဟိုဖက်သည်ဖက်ကို အောက်ချဖြန့်ခင်းပေးလိုက်ပြီး တဖက်သို့ ခြေလျှင်ဖြတ်ကူးရသည်။
အာပီဂျီခေါ် ငှက်ပျောဖူးကြီးများထမ်းထားသော တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များကို အများဆုံးမြင်တွေ့ရသည်။ တံတားဟိုဖက်တွင်မတော့ ဟိုင်းလပ်ကားလေးများစုဝေး ရပ်ထားရာ ကားဝင်းကို တွေ့ရတော့သည်။ ကားငှား၍ ယိုးဒယားခေါ် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ခရီးစ,တင်ပါလေတော့သည်။

သူငယ်ချင်းတွေက မိမိကို ကားရှေ့ခန်းတွင် ပို့ထားသည်။ ကားသမားမှာ မိမိနှင့်အရွယ်တူ ခပ်ငယ်ငယ်အမျိုးသမီးဖြစ်သည်။ ထိုစဉ်ကတည်းက ထိုင်းတွင် မိမိတို့အရွယ် အသက် ၂၀-၂၅ ခန့် အမျိုး သမီးများပင် အငှားကားမောင်းလိုက်နေကြပြီ။ ဒရိုင်ဘာမလေးက မိမိလက်မှနာရီကိုကြည့်ပြီး ပြုံးစစဖြင့် ရှမ်းစကားလိုမျိုး ပြောလိုက်သည်။ "နင်တို့မြန်မာစံတော်ချိန်ထက် နာရီဝက် မြန်တယ်"တဲ့။

ကြည့်ပျော်ရှူပျော် ရုပ်ဆင်း၊ အဆက်အပေါက်လှ၊ ရဲရဲတင်းတင်း၊ ပြုံးစစပင်ဖြစ်လင့်ကစား၊ သွားမစ,ရဲ။ ကာရံမသင့်လျှင် နားထင်အပေါက်နှင့် ကွမ်းစားသွားနိုင်သည်။ သည့်နောက်တော့၊ ထိုစဉ်အခါက မိမိတို့နိုင်ငံ မန္တလေးနန်းတွင်း၌သာ မြင်ဖူးရသည့် နိုင်လွန်ကတ္တရာလမ်းကို ထိုင်းနယ် စပ်အဝေးပြေးကားလမ်းမကြီးတလျှောက် ရှည်လျားစွာတွေ့မြင်ရပြီး၊ အလွန်လျှင်မြန်သောနှုန်းဖြင့် ပထမဆုံး စီးဖူးရလေတော့သည်။ လီဗာကို ခြေတစ်ဖက်တည်းဖြင့်နင်းကာ ခြေကလိမ်ကွတ်လျက် လေကလေးတချွန်ချွန် ပြုံးစစဖြင့် အမျိုးသမီးငယ်ကားမောင်းနေသည်ကို ကြည့်လိုက်၊ လမ်းဘေးဝဲယာကိုကြည့်လိုက်ဖြင့် မဲဆောက်မြို့သွားတောလားမှာ ယခုမှပြည့် စုံသွားတာပါကလားဟု မှတ်ထင်မိပါသတည်း။
ထိုစဉ်က မိမိတို့ဆီတွင် ကားကို ရေဆေးလိုက် ဖုန်သုတ်လိုက် တသသလုပ်နေကြသော၊ သိန်းအစိတ် သိန်းသုံးဆယ် တန်ဘိုးကြီး တိုယိုတာဟိုင်းးလပ်ကားများခမျာ မဲဆောက်တွင်မတော့ "လိုက်ထရပ်" (ကုန်တင်ကားငယ်) အမည်နှင့်အညီ ဖွတ်ဖွတ်ကြေအောင်ခိုင်းနေကြချိန် ဖြစ်သည်။
  
ကားလမ်းမ,ဘေးတွင် လမ်းညွှန်ဆိုင်းဘုတ်လေးများကို လူတစ်ထိုင်ခန့် ခပ်နိမ့်နိမ့်တွင်သာ တွေ့မြင်ရသည်။ ဌာနဆိုင်ရာဆိုင်းဘုတ်ကြီးများ ကိုလည်း မိမိတို့ဆီမှာလို အဝင်ပေါက်ကြီး၏ အပေါ်တွင် မော့ကြည့်ရအောင် တင်မထားကြပဲ၊ ဝင်ပေါက်နံဘေးတွင် မြေစိုက်သစ်သားဆိုင်းဘုတ်အနိမ့်များသော်၎င်း၊ အုတ်ခုံဆိုင်းဘုတ်အနိမ့်များသော်၎င်း၊ ပြုလုပ်ထားကြသည်။

မဲဆောက်တွင် သတိပြုမိသည်ကား လုံအောင်ပိတ်ကာထားသည့် ခြံဝင်းများပင် ဖြစ်သည်။ သွပ်ချပ်များဖြင့် အပြင်ဖက်မှ ဝင်းခြံထဲကို လုံးဝမမြင်ရအောင် ကာရံထားကြသည်။ အဆောက်ဦးများကတော့ အညာဒေသမှာလိုပဲ ဖြစ်သည်။ သစ်သားတိုင်နံကပ် ၂ ထပ်အဆောက်ဦး များသည်။ အိမ်အမိုးများမှာ ခပ်ပြန့်ပြန့်ရှိကြပြီး၊ ကြမ်းခင်းထားကြသည်။ အပေါ်ထပ်တွင် အထက်အောက် ပြူတင်း ၂ ပေါက်စီရှိကြပြီး၊ အိမ်အပေါ်ထပ်သို့ တက်ရန် လှေခါးမှာ မိမိတို့အညာမှာလို လှေခါးဘောင် ၂ ဖက်မပါကြ။ မဒရပ်ခေါ် အလယ်မဏ္ဍိုင်တစ်ချောင်းသာ ပါရှိပြီး၊ ၎င်းမှ လှေခါးထစ်များ ပြုလုပ်ထား သည်။ အိမ်အမိုး၏ရေမိတ်နှင့် လှိုဏ်ကတော့ ၅' ခန့် ကျယ်သည်။

မဲဆောက်ရောက်ခါစက လက်သမားများစက်ဖြင့် ရွေဘော်ထိုးသံကို မကြားဘူး၍စူးစမ်းမိသည်။ ထိုစဉ်က မိမိတို့ဆီတွင် လက်သမား၂ ယောက် မျက်နှာချင်းဆိုင်ထိုင်၍ လက်ကိုင်ငုတ် ‌၂ စုံပါရှိသော ၂ ယောက်ထိုး "တံခါးလမ်း လက်ထိုးရွှေဘော်တုံး" ကိုသာ သုံးစွဲနေကြရချိန် ဖြစ်သည်။
မဲဆောက်မြို့တွင် သတိအပြုမိဆုံးကား အိမ်တိုင်းအိမ်တိုင်း၏ ဧည့်ခန်းတွင် ထိုင်းဘုရင်၏ရုပ်ပုံကြီးကို တခမ်းတနား ချိတ်ဆွဲထားကြခြင်းပင် ဖြစ် သည်။

မြို့ကြီးများတွင်ပင် လျှပ်စစ်မီးကို ခရမ်းချဉ်သီးခန့်မျှသာ သုံးစွဲနှိုင်သော အညာသားတစ်ယောက်အဖို့ နယ်စပ်မြို့လေးတွင် ၂၄ နာရီ လျှပ်စစ်မီးရရှိသည်ကို တအံ့တဩတွေ့မြင်လိုက်ရသည်။ လျှပ်စစ်ထမင်းပေါင်းအိုးကို ပထမဆုံးမြင်ဖူးခဲ့ရချိန်လည်းဖြစ်ပါ၏။ တီဗွီစလွှင့်လျှင်လွှင့်ခြင်း ထိုင်းအလံနှင့် ထိုင်းနိုင်ငံတော်သီချင်းကို ဦးစွာလွှင့်သည်။ မိမိတို့ဆီတွင် တီဗွီစတင်လွှင့်လွှင့်ခြင်း ဆိုင်းတီးလုံးနှင့် မြန်မာ့အသံလိုဂိုတံဆိပ်ကိုသာ ဦးစွာလွှင့်သေးသည်၊ နိုင်ငံတော်အလံနှင့် နိုင်ငံ တော်သီချင်းကို စတင်မလွှင့်သေးပါ။ ရန်ကုန် သမိုင်းကျောင်းဆောင်တွင်နေခဲ့ရသူမို့ ဒါကိုတော့ ကောင်းစွာ မှတ်မိသည်။

နယ်စပ်မြို့မို့လားတော့ မသိ။ မဲဆောက်တွင် ဆိုင်ကယ်များမှာ မိမိတို့ဆီမှ စက်ဘီးများလို လိုင်စင်နံပါတ်ပြား မပါရှိကြပေ။ မဲဆောက်တွင် အမျိုးသမီးတွေလည်း ဆိုက်ကားနင်းကြသည်။ မိမိတို့ဆီမှာလို ညာဖက်အထားခိုင်းလိုက် ဘယ်ဖက်အထားခိုင်းလိုက် ဖြစ်နေသော ဘေးတွဲမဟုတ်။ ရှေ့က ဆွဲသည်။ ကွမ်းယာမှာ ၃,၄ ယာကို ဒုတ်ဖြင့််ထိုးထားပြီး အငွေ့တထောင်းထောင်းနှင့်ဖြစ်သည်။

မဲဆောက်တွင်ကျောင်းသားလေးများ၏ ကျောင်းဝတ်စုံမှာ ယောက်ျားလေးများက ရှပ်အင်္ကျီအဖြူ နက်ကတိုင်၊ ခဲရောင်ခါးပတ်ပါ ဘောင်းဘီတို၊ အတန်းကြီးများက ဘောင်းဘီရှည်၊ ရှူးဘိနပ်တို့ကို ဝတ်ဆင်‌ထားပြီး၊ မိန်းခလေးများမှာ ရှပ်အင်္ကျီဖြူ၊ ခဲရောင်စကဒ်တို၊ အတန်းကြီးများက ဂါတန်၊ ရှူးဖိနပ်တို့ကို ဝတ်ဆင်ကြသည်။ မြန်မာပြည်မှာသာဆိုလျှင် ဆင်းရဲသားများကို ကျောင်းမထားနှိုင်အောင်လုပ်သည် ဘာညာ ကန့်ကွက်ကြမည်မှာ အသေအချာ။ ပြီးမှ ကိုယ့်သားသမီးကို လခများများပေးရသော ကျူရှင်သို့ အပ်ကြပေလိမ့်မည်။
ညနေကျောင်းဆင်ချိန် လမ်းဖြတ်ကူးရာတွင်၊ အသက်အနည်းငယ်ကြီး သောကျောင်းသားက လမ်းလယ်ခေါင်သို့ ဦးစွာသွား၍ လမ်းမအလယ်၌ ရပ်ကာ အနီရောင်တြိဂံပုံ အလံနီလေးကို ဆန့်တန်းပေးထားသည်။ သွားလာနေသောယာဉ်အားလုံး ရပ်ပေးကြသည်။ ထိုအချိန်ကျမှ လမ်းထိပ်မှ ကလေးငယ်အားလုံး အန္တရာယ်ကင်းရှင်းစွာ လမ်းဖြတ်ကူးကြလေသည်။

မဲဆောက်တွင်တွေ့ရသော ဧည့်သည်အား လက်အုပ်ချီနှုတ်ဆက်သော ယဉ်ကျေးမှူကို နောင်အခါ စစ်အာဏာသိမ်းနဝတ-တွင်း/မှူး(၁) က ခိုးယူလာခဲ့ပြီး၊ ၎င်းခရီးထွက်ရာဒေသရှိ လူငယ်လူကြီး အဘိုးအဘွားအိုပါမကျန် ပြည်သူများကို ၎င်းအား လက်အုပ်ချီနှုတ်ဆက်စေလေသည်။

မိမိတို့၏တည်းခိုအိမ်မှာ မဲဆောက်ဆေးရုံတောင်ဖက်အပေါက်နှင့်နီးသည်။ ဈေးနှင့်လည်း သိပ်မဝေးသောကြောင့် မဲဆောက်ဈေးသို့ ခြေလျင်သွားကြသည်။ မိမိ၏ ခေါင်းလောင်းဘောင်းဘီမှာ အသုံးမကျ။ ချာလီဘောင်းဘီရှည်ကိုသာ ဝတ်ကြသည်။ အင်္ကျီကို ဘောင်းဘီအပြင်ဖက် ထုတ်ဝတ်ကြသည်။ သားရေညှပ်ဖိနပ်ကို စီးကြသည်။ မဲဆောက်ဈေးထဲရောက်စဉ် "အုံးကနဲ" မြေကြီးတုန်သွားသည့် ဗုံးကွဲသံကြီးကို ကြားလိုက်ရသည်။ ဝမ်းခကို စစ်ကောင်စီက တိုက်နေပြီတဲ့။

နံနက်ခင်း ဆွမ်းခံဝင်ချိန်တွင် ဆွမ်းလောင်းမည့်သူက တစ်ပါးစာ ဆွမ်းနှင့်ဆွမ်းဟင်းလင်ဗန်းကို အုပ်ဆောင်းနှင့်အုပ် ခုံလေးပေါ်တင်ကာ ကြွလာမည့်သံဃာတော်ကို စောင့်ရသည်။ ဆွမ်းမရသေးသော သံဃာတော်တစ်ပါးပါးက လှမ်းမြင်လိုက်လျှင် ကြွလာပြီး၊ လောင်းလှူပြီးလျှင် သရဏဂုံ ၃ ပါး လိုက်ဆိုခိုင်းကာ ဦးချ၍ ဆွမ်းလောင်းခြင်းအမှူ ပြီးဆုံး သည်။ ထိုသံဃာတော်သည် မိမိတို့ဆီမှာလို အခြားတပါးသို့ ဆက်လက်၍ ဆွမ်းခံမကြွတော့။ ကျောင်းသို့သာ ပြန်ကြွသွားတော့သည်။

မဲဆောက်သို့ရောက်၍ ၄,၅ ရက်အကြာ ရဲလာဖမ်းလိမ့်မည်ဟူသော သတင်းကြောင့် မဲဆောက်မြို့ဘုန်းကြီးကျောင်းသို့ သွားရောက် ပုန်း အောင်းခဲ့ရသေးသည်။ ဘုန်းကြီးကျောင်းမှာ မြို့ပြင်သို့ အတန်ငယ်သွားရသည်။ အရွက်မရှိ ကိုင်းခြောက်များဖြင့်အတိပြီးသော မဲဆောက်ဘုန်းကြီး ကျောင်းနားက သစ်ခြောက်တောမှာ ထိတ်လန့်ဘွယ်ကောင်းလှသည်။ ကျောင်းအုတ်တံတိုင်းအတွင်းသို့ဝင်လိုက်မှသာ ထိတ်လန့်ခြင်း ပျောက်သွားရသည်။

ကျောင်းဝင်းထဲတွင် ဘုရားတစ်ဆူ ရှိသည်။ ဓမ္မာရုံလို အခန်းကျယ် အဆောက်ဦး ရှိသည်။ ကျောင်းထဲတွင် လျှပ်စစ်မီးဖို၊ လျှပ်စစ်ထမင်းအိုး၊ ရေခဲသေတ္တာ၊ အလွယ်တကူစားသုံးနှိုင်သည့် ခေါက်ဆွဲခြောက်ထုပ်များကို တွေ့ရသည်။ ကျောင်းဝင်း၏အနောက်မြောက်ဒေါင့်လောက်တွင် ရှစ်မျက်နှာဘုရားလို မှန်ချပ်များကပ်ထားသည့် နေရာတစ်ခုကို တွေ့ရသည်။ အလှူ့ရှင်ကဗ္ဗည်းများပါ ရေးထိုးထားပြီး၊ အချို့မှာ ထိုင်းစာ၊ အချို့မှာ မြန်မာစာဖြင့် ရေးသားထားသည်။ မြန်မာပြည်မြို့များမှ ကုသိုလ်ရှင်အမည်တော်တော်များများကို တွေ့ခဲ့ရသည်။

တစ်ပတ်ဆယ်ရက်ခန့်အကြာတွင် ခေါင်းမထောင်နှိုင်လောက်အောင် ဖျား ၍ ဆေးခန်းသို့သွားရသည်။ ဆိုင်ကယ်နှင့် လိုက်ပို့သည်။ ငှက်ဖျားဆိုလား။ အင်ဗက်စတီကေးရှင်း ဓါတ်ခွဲ သွေးမှန်မယူ၊ ခရီးသွားဟစ်စထရီယူ၊ ကလင်နီကယ်လီ တန်းသိပုံရသည်။ ဆေးခန်းတွင် ဆလိုင်းသွင်းရသည်။ အာတီဆူနိတ် ဆေးပြားကဒ်လေးကို သောက်ရသည်။ ဘတ်၇၀/-ဆိုလား။ ထိုစဉ်က ဘတ်တစ်-ကျပ်တစ် (ဘတ်တိုက်ကျပ်တိုက်) မဖြစ်သေး။ ဘတ်၁၀၀ ကျပ်၈၀ိ/- ဟု ထင်သည်။
   
၁၉၆၂ နှင့် ၁၉၈၈၊ ၂ ကြိမ်တိတိ စစ်အာဏာသိမ်းပြီးချိန် မြန်မာနိုင်ငံအ‌ခြေအနေနှင့် အိမ်နီးချင်းထိုင်းနိုင်ငံအခြေအနေတို့ကို နှိုင်းယှဉ်မိသည်။ ယခု နွေဦးတော်လှန်ရေးဆင်နွှဲနေကြသည့် ၂၀၂၁ ခုနှစ် တတိယအကြိမ် ‌စစ်အာဏာသိမ်းပြီးချိန်မှာတော့ နှိုင်းယှဉ်စရာမရှိတော့ရုံမက ပြာပုံသာ ကျန် ရစ်အောင် စစ်အာဏာရှင်တို့ဖျက်ဆီးရက်ကြလေသည်။ ရုပ်ပိုင်းဆိုင်ရာအလုံးစုံကိုဖျက်ဆီးကြရုံမျှမက၊ အဂတိလိုက်စားမှုကြီးထွားစေခြင်း, ပညာ ရေးနိမ့်ကျစေခြင်း, ဘာသာရေး, လူမျိုးရေးသွေးခွဲခြင်း စသည် ဖြင့် စိတ်ပိုင်းဆိုင်ရာတို့ကိုလည်း ဖျက်ဆီးရက်ဖျက်ဆီးခဲ့ကြသော စစ်အာဏာ ရှင်အပေါင်းပါအဆက်ဆက် လုံးဝဥသုံပျက်စီးမှသာလျှင် သာယာဝပြောသော လောကကြီးသို့ ဆိုက်ရောက်နိူင်လိမ့်မည် ဖြစ်ပါသတည်း။

နွေဦးတော်လှန်ရေး မုချ အောင်ရမည်။
တလရ ရဲဘော်အားလုံး ကျန်းမာချမ်းသာကြပါစေ။

မောင်ဘဦး
( ၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်း ၂ ရက်)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar