Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၈၀ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၈၀ )

(မိုးမခ) ဧပြီ ၁၉၊ ၂၀၂၄

18/4/24

Diary in the darkness 

မနေ့က ဖတ်လိုက်ရတဲ့ အောင်ဆန်းစုကြည်နဲ့ တရုတ်သံတမန် တွေ့ခွင့်ရတယ် ဆိုတဲ့ သတင်း အတည်ပြုချက်ရဖို့ အင်တာနက်ပေါ်မှာ လိုက်ရှာတယ်။ မတွေ့ပါ။ မီဒီယာကြီးတွေကလည်း အတည်ပြုတာ မတွေ့ရပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်တို့ကို နေရာရွှေ့ ချုပ်ထားတယ်၊ အစိုးရရဲ့ နှစ်သစ်ကူး လွတ်ငြိမ်း ၃၃၀၃ ယောက်မှာ နိုင်ကျဉ်း ၉၁ ယောက် ပါတယ်၊ အများအားဖြင့် လွတ်နီးတွေ ဖြစ်တယ်လို့ သိရတယ်။ 

အုပ်ကြီးတွေအသတ်ခံရတဲ့ သတင်း၊ ပြည်နယ်တွေမှာ စစ်ကောင်စီတပ်တွေ လက်နက်ချတဲ့သတင်း၊ မိုင်းခွဲခံရတယ် ဆိုတဲ့သတင်းတွေကတော့ ထုံးစံအတိုင်း မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ပေါ်နေဆဲပါပဲ။

တစ်တော့ပေါ်မှာတော့ စစ်ကောင်စီဝါဒဖြန့် ဗီဒီယိုကလစ်တွေ သိသိသာသာ များလာတယ်။ မင်းအောင်လှိုင်ကို ဂုဏ်ပြုတဲ့ ဗီဒီယိုဖိုင်တွေ၊ သင်္ကြန်မှာ လူစည်ကားနေတဲ့ ဗီဒီယို ကလစ်တွေ၊ စစ်မှု ထမ်းအသစ်တွေ ပျော်ရွင်စွာရေကစား နေတဲ့ ပုံတွေ အတက်များနေတယ်။ မြေပြင်အခြေအနေနဲ့ ကင်းကွာလွန်းတဲ့ ဝါဒဖြန့်ချိရေးဟာ ပြောင်းပြန်အကျိုးသက်ရောက်မှုကို ဦးတည်သွားလေ့ရှိတယ် ဆိုတာကို သူတို့ သတိမမူမိကြဘူး ထင်ပါတယ်။ တော်တော်ညံ့လွန်းတယ် ဆိုတာထက် ပိုညံ့နေတဲ့ စစ်ကောင်စီပါ။ 

မြဝတီ စစ်မျက်နှာမှာတော့ စစ်ကောင်စီရဲ့ စစ်ကူတွေဟာ ကော့ကရိတ်ဝန်းကျင်မှာ တော်လှန်ရေးတပ်တွေ တိုက်တာ ခံနေရတယ်။ ရှေ့တိုးဘို့ ခက်ခဲနေတယ်လို့ သိရတယ်။ စောချစ်သူဟာ စစ်ကောင်စီနဲ့ ပူးပေါင်းနေတယ်လို့ တော်လှန်ရေးဘက်သားတွေက မြင်ကြပါတယ်။ စောချစ်သူဟာ ကရင်သစ္စာဖောက်အဖြစ် အစွပ်စွဲခံနေရပါတယ်။

သူငယ်ချင်းတစ်ယောက်က ပြောတယ်။ ငါတို့ ဘဝတွေ ပြိုလဲဖို့ တဲတဲကလေးပဲ လိုတော့တယ်။ သားသမီးတွေ၊ မြေးတွေ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေ စက်ကွင်းက လွတ်အောင် ပြေးနေရတယ်။ ပညာရေးကလည်း ပြိုလဲ၊ ကျန်းမာရေးကလည်း ပြိုလဲ၊ စီပွားရေးကလည်း ပြိုလဲ။ မိသားစုတွေလည်း ပြိုလဲ။ 

မင်းအောင်လှိုင်လည်း ပြိုလဲဖို့ တဲတဲကလေးပဲ လိုတော့တယ် ဆိုတဲ့အတွေးနဲ့ ကိုယ့်ကိုယ်ကိုယ် မပြိုလဲအောင် ထိန်းထားနေရတယ်။ သူ အရင်ပြိုမှ ငါတို့ မပြိုလဲမှာ ဆိုတဲ့အသိနဲ့ အားတင်းနေရတယ်။ 

ချွေးတွေ ဒလဟောထွက်၊ ရင်တွေ တင်းကျပ်။ ခေါင်းက တဆစ်ဆစ်ကိုက်။ နေက ပူလွန်းတယ်။

အန်ကယ် တူမီး

18/4/24

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar