Breaking News

ဆယ်ပေါင်တူ - လက်ဖက်ခြောက် ရှာပုံတော်နှင့် ကြင်စိုး၏ ကင်မ်ချီသင်္ကြန်

လက်ဖက်ခြောက် ရှာပုံတော်နှင့် 

ကြင်စိုး၏ ကင်မ်ချီသင်္ကြန်

ဆယ်ပေါင်တူ 

(မိုးမခ) ဧပြီ ၁၃၊ ၂၀၂၄

ဘာလေးပဲ ဖြစ်ဖြစ် တခုခု ပျောက်နေသည်၊ ပျောက်လို့ သွားသည် ဆိုပါက ထိုသို့ ပျောက်နေသည်ကို အဘယ်သူက ပျော်ရွှင်နိုင်ပါလိမ့်မည်နည်း။ အနည်းဆုံးတော့ စိတ်ကသိကအောက် ဖြစ်မိကြမည်သာ။ အခုတော့ ဒါတွေက ကပြောင်းကပြန် ဖြစ်ကုန်ကြလေပြီ။ လက်ဖက်ခြောက်တယောက် ပျောက်နေတာကိုကပင် ပျော်စရာ ရွှင်စရာ တခုလို ဖြစ်နေသည်။

ခေတ်စကားနှင့် ပြောရလျှင် လက်ဖက်ခြောက်က ‘ငစား’၊ သူ့လို ခဝေးပြေး၊ဝက်ပြေး၊ ခြေလေးချောင်းပြေးတွေက နေ့စဉ်နှင့်အမျှ ခြင်းကြားတပ်တွေမှာ တပုံတခေါင်း။ ဒီကြားထဲကမှ သူပျောက်နေသည့် သတင်းကိုတော့ လူတွေက ပိုသိချင်ကြသည်။ စပ်စုချင်ကြသည်။

အစက အသက်ပျောက်သည်ဟု ဆိုသည်။ နောက်တော့ တဖက်ပျောက်သည်ဟု ပြောပြန်သည်။ ပြီးတော့ လက် ဖက်ခြောက်သာ အလှော်ခံရသည် မဟုတ်၊ သူ့ကျွန်မခံပြီ မင်းသားကြီး၏ နာမည်နှစ်လုံးပါသော လက်ဖက်ညွန့်သည်လည်း အခူးခံလိုက်ရသလိုလို ကြားရပြန်သည်။ လက်ဖက်ခြောက်တို့အား ဘယ်နေရာ ဘယ်ဆေးရုံမှာ သွားစုံစမ်းရမည်ကို မသိကြလေတော့၊ ဖေစ့်ဘွတ်ပေါ်မှာပဲ ခေါင်းစိုက်ကာ ဟိုရှာဒီရှာ လုပ်ကြရသည်။

တကယ်ကတော့ လက်ဖက်ခြောက် အသက်ပျောက်ပျောက်၊ တဖက်ပျောက်ပျောက်၊ ကြင်စိုးအပါအဝင် ကျန်သူများက သူတို့စားခွက်မပျောက်ဖို့ဘဲ ပိုစိတ်ဝင်စားကြသည်။ ဒါက သူတို့ရပ်ကွက်၏ ထုံးစံပင်။ ဘယ်သူသေသေ၊ အစဥ်အဆက် ငနေ၊ ငရွှေ၊ ငလှိုင်တို့ မာရင်ပြီးရောဆိုသည့် အာဂစတင်းဒတ်အာမီကြီး။

ထိုစတင်းဒတ်အာမီ ဆိုတာကြီးခမျာမှာ အခုတော့ နေ့စဉ်နှင့်အမျှဆိုသလို ဒီနေ့ ဟိုနေရာ၊ နောက်တနေ့ ဒီနေရာ၊ မြောက်ဖျားဆီမှသည် မြဝတီအထိ နိုင်ငံအနှံ့အပြား ဖင်ပုတ်၊ ခေါင်းပုတ် မထီမဲ့မြင်လုပ်ခံနေကြရသည်။

ဒီကြားထဲကမှ လုံခြုံရေး စည်းအထပ်ထပ် ကျိုးပေါက်ကာ နေပြည်တော်မှာသာမက၊ လက်ဖက် ခြောက်တို့ပါ အလှော်ခံရသည့်သတင်းများ ထွက်ပေါ်လာသဖြင့် အညှီအဟောက် အသံဖိုင်များ ချပြပြီး အာရုံလွှဲကြရပြန်သည်။

လက်ဖက်ခြောက်တို့ ဘယ်သို့ဘယ်ပုံ ဖြစ်သွားသည် ဆိုသည့် သတင်းကလည်း အာရုံလွှဲနေတာများလားဆိုပြီး တပ်အပ်မပြောနိုင်သော်လည်း ပျော်ရွှင်စိတ်များကိုမူ ထိန်းထား၍ မရကြ။ အနည်းဆုံး‌တော့ သင်းတို့တတွေကို ကြောက်စိတ်သွင်း‌ပေးလိုက်နိုင်တာကိုက အောင်မြင်မှုတခုပင်။

ဟုတ်တော့လည်း ဟုတ်သည်၊ လက်ဖက်ခြောက်တယောက် အခုနေ ဘာပဲဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဒီသတင်းက စိတ်အားတက်ကြွစရာ။ ခရီးအစမှာ လက်သုံးချောင်းဖြင့် စခဲ့ကြရသူများက သုံးနှစ်ကျော်ကာလမှာ လက်ဖက်ညွန့်နှင့် လက်ဖက်ခြောက်တို့လို ကမ္ဘာ့အဆင့် ဘာညာသာရကာဆိုသည့် ထိပ်ပိုင်းဖက်ဆစ် ဂိုဏ်းစတားများကို ခြိမ်းခြောက် နှိပ်ကွပ်နိုင်တာကိုက တော်လှန်သင်္ကြန်ကာလတွင် တော်လှန်သင်္ကြန် တေးသီချင်းများ သီဆိုပြီး ပျော်မြူးချင်စရာတခုလို ဖြစ်လို့နေသည်။

♫ (ရှာပုံတော် လက်ဖက်ခြောက်ကြီး

    ဖေစ့်ဘွတ်တကာ ရောက်ခဲ့ပြီ

    ဘယ်ထိကာ ဘယ်မှန်သွားလဲ

    အခုထိ မသိရပြီ

    ဒရုန်းနဲ့ပို့တဲ့ အဘလိပ်စာ

    သေချာချိန်လို့ မလွဲနိုင်သည်

    နောက်တခေါက်တော့ ကြင်စိုးခေါင်းပေါ်ဆီ) ♪ ၂

ရှာပုံတော် မင်းသားကြီး သင်္ကြန်သီချင်းအလိုက်တွင် ရုတ်ချည်း ဆိုသလို ရှာပုံတော် လက်ဖက် ခြောက်ကြီး စာသား ထည့်သွင်းကာ တပျော်တပါး ဝိုင်း၍ သီဆိုနေကြသည်။

ဒီဘက်ရပ်ကွက်မှာ ဒီလိုသီချင်းမျိုး ဆိုကြတာက ပြဿနာမဟုတ်။ ဟိုဘက်ရပ်ကွက်မှာ ကြင်စိုးမျက်နှာ တည့်တည့်ကြည့်ပြီး ဆိုမိတာဆိုရင်တော့ လောင်မီးကျပြီးသား။ ဘယ်သူတွေကများ ထိုသို့ဆိုခဲ့ကြသလဲ ဆိုလျှင်တော့ နေပြည်တော်ရောက် ကိုရီးယားကေပေါ့ (K-pot)တို့ အကြောင်းက စရပေမည်။

‘ကေပေါ့ပ်’(K-pop) ဟု ပီအိုပီဖြင့် မဟုတ်ဘဲ ‘ကေပေါ့’ (K-pot) ပီအိုတီဖြင့် စာလုံးပေါင်းထား သည်ကို ဂရုပြုမိကြပါလိမ့်မည်။ လေလုံးထွားသူ ကြင်စိုးက သူ၏သင်္ကြန်တုကို စည်ကားသယောင် ဖန်တီးနိုင်ဖို့အတွက် တောင်ကိုရီးယားမှ ကေပေါ့ပ်အဖွဲ့တွေကို ဖိတ်ထားသည်ဟု ကြေညာထားသည်။ ကြင်စိုး၏တပည့်များက သူ့ဆန္ဒကို အကောင်အထည်ဖော်ပေးနိုင်ရေအတွက် ကိုရီးယားသို့ သွားကာ ကေပေါ့ပ်အဖွဲ့ကို ငှားဖို့ ကြိုးစားခဲ့ကြသည်။

ကြင်စိုးကိုယ်တိုင်က သောက်တလွဲကြင်စိုးဟု နာမည်တွင်သူဖြစ်လေရာ သူ့တပည့်များသည်လည်း သောက်တလွဲ နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်းတွေပင် ဖြစ်တော့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ငှားခဲ့သူများက အနုပညာရှင် ‘ကေပေါ့ပ်’အဖွဲ့များမဟုတ်ဘဲ ကိုရီးယား ကင်မ်ချီချဥ်ဖတ်ကို အိုးဖြင့်ထည့်ရောင်းကြသည့် Kimchi Pot (K-pot) ‘ကေပေါ့’ ကင်မ်ချီသည်များသာဖြစ်သောကြောင့်ပင်။

ကြင်စိုးတပည့်တွေဆိုတော့ K-pot ဟု ရေးထားသည့် ဆိုင်းဘုတ်ကို မဖတ်တတ်၊ ဖတ်တတ်ဖြင့် ရမ်းသန်းဖတ်ပြီး ဒါသူတို့ ရှာနေတဲ့သူတွေပဲဟုဆိုကာ ကင်မ်ချီချဥ်ဖတ် ရောင်းသူများကို နေပြည် တော်သို့ ခေါ်ချလာခြင်း ဖြစ်သည်။

ကိုရီးယားဆိုသည်က နွေဦးတော်လှန်ရေးဘက်တော်သားများ အပုံအပင်ရှိသည့်နိုင်ငံ။ အနှီ ‘ကေပေါ့’ ကင်မ်ချီသည်များကို သူတို့ကသွားပြီး အချွန်နှင့်မကြသည်။ ‘ဟောဒီ့ မြန်မာသင်္ကြန်သီချင်းနှစ်ပုဒ်ကို အသံထွက်သာရအောင် ကျင့်ထားကြ၊ အဓိပ္ပာယ်သိဖို့မလိုဘူး၊ နေပြည်တော် ရောက်တာနဲ့ ဘကြင်ကို ဆပ်ပရိုက်စ်တိုက်ပြီး ဆိုပြလိုက်၊ ဒါ သူ့အကြိုက်သီချင်းတွေ’ဟု ချောက်တွန်းခဲ့ကြသည်။ ကင်မ်ချီသည်များက ကိုယ့်အိမ်မှာ ကာရာအိုကေစက်ဖြင့်သာ အပျော်တမ်း ဆိုဖူးကြသူများဖြစ်၍ သူတို့ချောက်ချခံရသည်ကိုမရိပ်မိကြဘဲ၊  ဆိုစရာသီချင်းရသွားသည့်အတွက် ကျေးဇူးတောင် တင်သွားကြသေးသည်။

ထို့ကြောင့် နေပြည်တော်သို့အရောက်မှာ ကျည်ကာမှန်ခန်းနောက်တွင် မြိန့်မြိန့်ကြီးထိုင်ပြီး နား ထောင်နေသော ကြင်စိုးကို ပထမဆုံး အားပါးတရ သီဆိုပြလိုက်သည်က အပေါ်မှာ ပြောခဲ့သည့် ‘ရှာပုံတော် လက်ဖက်ခြောက်ကြီး ဖေစ့်ဘွတ်တကာ ရောက်ခဲ့ပြီ’ ဆိုသည့် သီချင်းဖြစ်သည်။

ကြင်စိုးခမျာ နားထောင်ရင်း အတော်လေးကို မျက်နှာမကောင်း၊ တကူးတက ငွေကုန်ကြေးကျခံ ငှားရမ်းထားရသူများဖြစ်၍ သည်းခံပြီး နားထောင်နေရပုံ ပေါ်သည်။ ကင်မ်ချီသည် ကေပေါ့အဖွဲ့ ဆက်ဆိုသည့်ဒုတိယအပုဒ်က အရင်တခေါက်တုန်းက ပြောခဲ့ဖူးသည့် လက်ဖက်ခြောက်တယောက် ဇာတ်ဆရာပိဿာစိန်၏အိမ်တွင်သီဆိုခဲ့သော မန်းတောင်ရိပ်ခို အလိုက်သီချင်း ဖြစ် သည်။

♫ (တပြည်လုံးချဉ်သော  ဘကြင်ရယ်

    အဝီစိအမြန်ဆုံး  ရောက်စေကွယ်

    ခြင်းကြားတပ်တပြုံလုံး  ဂန့်ကာ

    ဂိန်တော့မယ်ကွယ်) ♪ ၂

ဒီတခါမှာတော့ ကြင်စိုး သည်းမခံနိုင်တော့၊ ‘ဂိန်’သွားသည့်အပိုဒ်မှာတင် ဆက်မဆိုစေတော့ဘဲ ရပ်ခိုင်းလိုက်သည်။ ဒေါသူပုန်ထသွားသော ကြင်စိုးက ဖျော်ဖြေရေး အစီအစဉ် ပြီးဆုံးသည်အထိ မစောင့်တော့ဘဲ ပြန်ဖို့လုပ်သည်။ လက်ဖက်ခြောက်တို့ကို ဆေးရုံတွင် လူနာသွားမေးရဦးမည်ဟု အကြောင်းပြသည်။

အရိပ်အကဲမသိဟု ပြောရမလား၊ အလိုက်ကန်းဆိုးမသိဟု ဆိုရလေမလား။ ကင်မ်ချီသည် ကေပေါ့များက နောက်နှစ်ရော လာရဦးမှာလားဟု ကြင်စိုးကို သွားနှုတ်ဆက်ရင်းနှင့် တလက်စတည်း မေးကြသည်။

လက်ဖက်ခြောက် ဒရုန်းနှင့် အကြဲခံရတာ၊ သူ့ကို တပြည်လုံး ချဉ်ကြတာတို့ကို သီချင်းလုပ်ဆိုသည့် ကင်မ်ချီသည်များကို မီးဝင်းဝင်းတောက်သည့် မျက်လုံးများနှင့်ကြည့်ရင်း ကြင်စိုးက စိတ်ဆိုးဆိုးနှင့်—

‘နောက်နှစ်သင်္ကြန် ဖိတ်ဖို့မပြောနဲ့၊ အဲဒီအချိန်မှာ ငါတောင် သေမလား၊ရှင်မလား၊ ကြိုးတိုက်ထဲလား၊ ကြိုးစင်ပေါ်လား မသိဘူး၊ ထပ်တွေ့ချင်ရင်တော့ နင်တို့သီချင်းထဲကလို အဝီစိကိုသာ လိုက်ခဲ့ကြတော့’ဟု ဟု ဘုဂလန့်တိုက်ပြီး ပြန်ပြောလေသည်။ 

ဇာတ်လမ်းက ဤနေရာတွင် မပြီး။ ကြင်စိုးစိတ်တိုတိုနှင့် ပြောနေသော်လည်း သူ့အာရုံက ဒရုန်းရန်ဆီမှာသာ ရှိနေသည်။ အားလုံးမြင်ဖူးကြသလိုမိန့်ခွန်းပြောနေစဥ် ဒရုန်းအရိပ်အယောင်ကို မျက်လုံးလေးထောင့်ကပ်ပြီး သူ့စတိုင်အတိုင်း အခုလည်း လန့်လန့်နှင့် မိုးပေါ်ကို မော့ကြည့်နေသည်။ ထို့ကြောင့် ခြေလှမ်းပြီးပြန်အထွက် သူ့အနီးသို့ ရောက်နေသော ကင်မ်ချီသည်အဖွဲ့  ခေါင်းဆောင်နှင့် ဝင်တိုက်မိလေတော့သည်။ 

ဖြစ်ချင်တော့ ထိုကင်မ်ချီသည်လက်ထဲတွင် ကြင်စိုးကို လက်ဆောင်ပေးဖို့ ကင်မ်ချီအိုးလေးတလုံး ပိုက်ထားသည်။ ပို၍ဆိုးတာက ထိုကေပေါ့ကင်မ်ချီသည်သည် ကြင်စိုးထက်အရပ်ပိုပြီးရှည်သဖြင့်၊ ကြင်စိုးနှင့် ဝင်တိုက်မိသောအခါ ထိုကင်မ်ချီအိုးထဲမှ ကင်မ်ချီများဖြင့် ကြင်စိုးခေါင်းပေါ်ကို လောင်းချလိုက်သကဲ့သို့ ဖြစ်သွားလေသည်။

ကြင်စိုးသည် အကုသိုလ်အတော်များသော ဟဲဗီးဝိတ် အကုသိုလ်ကောင်ကြီး ဖြစ်လေရာ ထိုကင်မ်ချီတအိုးတည်း အလောင်းခံရရုံနှင့် ပြီးမသွား။ ဖြစ်ပုံမှာ ကျန်သည့် ကင်မ်ချီကေပေါ့ အဖွဲ့သူများကလည်း သူတို့အဖွဲ့ခေါင်းဆောင် လောင်းချလိုက်သလို ကြင်စိုး ခေါင်းပေါ်ကို သူတို့လက်ထဲက ကင်မ်ချီအိုးများဖြင့် အလုအယက်ထပ်ပြီး လောင်းလိုက်ကြသောကြောင့်ပင်။

နေပြည်တော် သင်္ကြန်မှာ သူတို့ မြင်ဖူးသည်က လက်ထဲရှိ ဖလားများ၊ ရေပုံးများဖြင့် တယောက်ပြီးတယောက် ဝိုင်းလောင်းကြသည်ကို ဖြစ်သည်။ ဒါကို မြန်မာ့ရိုးရာသင်္ကြန် ရေကစားပုံကစားနည်းဟု သူတို့စိတ်ထဲ မှတ်သားထားလိုက်ကြသည်။ အခုလည်း သူတို့ခေါင်းဆောင်က ကင်မ်ချီများဖြင့် စလောင်းသလို ဖြစ်သွားတော့၊ ကျန် ကင်မ်ချီ ကေပေါ့များက ကိုင်ထားသည့် ကင်မ်ချီအိုးများဖြင့်၊ ရိုးရာသင်္ကြန် ရေကစားနေကြသကဲ့သို့ မှတ်ပြီး ကြင်စိုးကို ဝိုင်း၍လောင်းပက်ကြခြင်း ဖြစ်သည်။

ရုတ်တရက် အငိုက်မိသွားသော ကြင်စိုးနံဘေးရှိ လုံခြုံရေးများလည်း သတိပြန်ဝင်လာပြီး ဝင်၍ဆွဲကြ ပြုကြမှ၊ ကေပေါ့တို့၏ ကင်မ်ချီသင်္ကြန်လည်း ရပ်သွားတော့သည်။ ကင်မ်ချီသင်္ကြန်ကျခံလိုက်ရသော ကြင်စိုးလည်း သူ၏ ခေါင်းနှင့်မျက်နှာပေါ်မှ ကင်မ်ချီဖတ်များကို လက်ဖြင့် အမြန်ဖယ်ပစ်ပြီး၊ ပါးစပ်က ဗလုံးဗထွေးအော်ဟစ်ဆဲဆိုကာ သူ၏လုံခြုံရေးများခေါ်ဆောင်ရာနောက်သို့  ဒေါသအလိပ်လိုက်ထွက်ရင်း လိုက်ပါသွား‌လေတော့သည်။

 ဆယ်ပေါင်တူ

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar