Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၇၉ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၇၉ )

(မိုးမခ) ဧပြီ ၁၇၊ ၂၀၂၄

17/4/24

Diary in the darkness 

မနက် ၆ နာရီကျော်မှ အိပ်ရာထ။ မီးမလာ။ ရာသီဥတုက လေအေးကလေး တိုက်ခတ်နေလို့ အပူသက်သာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်တို့ တရုတ်သံအမတ်နဲ့တွေ့ခွင့်ရကြောင်း သတင်းတွေ တက်နေပါတယ်။ မေမြို့ကို ရှော့တိုက်ဒုံး နှစ်ဆယ်ကျော်နဲ့ အပစ်ခံရလို့ မင်းအောင်လှိုင် မေမြို့မှ နေပြည်တော်ကို အရေးပေါ် ပြန်လည်ထွက်ခွာခဲ့ရတယ် ဆိုတဲ့ သတင်းတက်လာပြီးနောက် အထက်ပါ တရုတ်သံတမန်နဲ့ ဒေါ်စုတို့ တွေ့ဆုံခွင့်ရတဲ့ သတင်းဟာ လူထုစိတ်အဝင်စားဆုံး သတင်းတပုဒ် ဖြစ်ပါတယ်။ 

မြဝတီမှာတော့ သင်္ကန်းညီနောင်စခန်းကို KNU နဲ့ PDF ကသိမ်းထား၊၊ စစ်ကောင်စီတပ် ခလရ ၂၇၅ ဟာ ထိုင်း - မြန်မာ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေး တံတားအောက်မှာ တပ်စွဲထားပြီး PGF စောချစ်သူက ရိက္ခာထောက်ထားတယ်လို့ သိရတယ်။ မြို့ကို PGF စောချစ်သူတပ်တွေက ကင်းလှည့်နေပြီး ရဲစခန်းမှာ အစိုးရတပ်တွေ ရှိသေးတယ်လို့ သိရတယ်။ အစိုးရ အကောက်ခွန်ဝန်ထမ်းတွေက နယ်စပ်ဂိတ်တွေမှာ တာဝန်ထမ်းဆောင်နေဆဲလို့ သိရတယ်။ စောချစ်သူဟာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကို ထိန်းညှိရင်း မြဝတီမြို့ကို " စီး " ထားပုံရပါတယ်။ သူကိုယ်တိုင်ကလည်း ကျားဖြန့်ရာဇဝတ်ထိပ်တုံး တန်းလန်းနဲ့ လှုပ်ရှားနေရတာမို့ မြဝတီအခြေအနေဟာ လူတကာ က စိတ်ဝင်စားနေပါ။

မနေ့က ကျောင်းသားဟောင်းသူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်မှာ တွေ့ပါတယ်။ မတွေ့ရတာ နှစ်ပေါင်း ငါးဆယ်ကျော်ရှိပြီမို့ ၆ နာရီကျော် စကားတွေပြောဖြစ်ကြပါတယ်။ အငြိမ်းစား အင်ဂျင်နီ ယာတစ်ယောက်၊ ကုန်သည်ကြီးတစ်ယောက်၊ ထောင်မှူးဟောင်းတစ်ယောက်နဲ့ ကျနော် နိုင်ကျဉ်းဟောင်း တစ်ယောက် ပေါင်း လေးယောက်တို့ရဲ့ အမှတ်မထင် တွေ့ဆုံပွဲလေးပါ။

ကျနော်တို UKG (သူငယ်တန်းကြီး) တုန်းက အတန်းလိုက်ရိုက်ထားတဲ့အမှတ်တရ ဓာတ်ပုံအကြောင်းနဲ့ အဲဒီဓာတ်ပုံမှာပါတဲ့ သူငယ်ချင်းတွေအကြောင်း ပြောဖြစ်ကြတယ်။ အင်ဂျင်နီယာကတော့ "ရရင်လုပ်ပေးမှာပေါ့" ဆိုတဲ့ စကားကလေးတခွန်းနဲ့ဘဝကို ဖြတ်သန်းခဲ့ရကြောင်း ဟာသနှော ပြောခဲ့တယ်။ ကုန်သည်သူငယ်ချင်းကတော့ နိုင်ငံတကာ စပါးဝယ်ယူရေးစနစ်တွေအ‌‌ ‌ကြောင်းနဲ့ မြန်မာပြည်တွင်းဆန်ဈေးဟာ နိုင်ငံတကာ ဆန်ဈေးထက်မြင့်နေတဲ့အကြောင်း၊ ဒေါ်လာကန့်သတ်မှုတွေကြောင့် ကုန်သည်တွေ အနားယူနေကြောင်းပြောပါတယ်။ 

ထောင်မှူးဟောင်းသူငယ်ချင်းကတော့ သူ ထောင်မှူးလုပ်တဲ့အချိန်ဟာ သူ့သူငယ်ချင်းကျောင်းသားတွေ အစုလိုက်အပြုံလိုက် ထောင်ထဲရောက်နေလို့ စိတ်ထိခိုက်ရကြောင်း၊ ပဲခူးရိုးမပေါ် လမ်း ဖောက်ရာမှာ သရဲအခြောက်ခံခဲ့ရကြောင်းနဲ့ ပဲခူးရိုးမရဲ့ ထူးဆန်းအံ့ဖွယ်အတွေ့အကြုံတွေကို တိုင်း ပြည်လွတ်လပ်တဲ့အခါ စာရေးလိုကြောင်း ပြောပါတယ်။ ကျနော်ကတော့ သူတို့ပြောတာတွေနား ထောင်ပြီး စာပြန်ရေးဖို့ စိတ်ကူးနေပါတယ်။ 

ကျနော်တို့ရဲ့ဘဝအတွေ့အကြုံတွေကို ခြုံငုံကြည့်ရင်း လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဘာကြောင့် စစ်ရှုံးနေလဲဆိုအထင်းသား မြင်နေမိပါတယ်။

အန်ကယ် တူမီး

17/4/24

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar