Breaking News

အောင်ဝေး - စစ်မှုပြုခြင်း၊ စစ်ပုံပြုခြင်း၊ စစ်စရိုက်သွင်းခြင်း- ၁

အောင်ဝေး - စစ်မှုပြုခြင်း၊ စစ်ပုံပြုခြင်း၊ စစ်စရိုက်သွင်းခြင်း- ၁

(မိုးမခ) ဧပြီ ၁၇ ၊ ၂၀၂၄


စစ်တိုက်တာနဲ့ ကဗျာရေးတာ မတူပါဘူး။

ကဗျာမှာ ဂီတကို ကဗျာမှုပြုခြင်း၊ တနည်း ဂီတကို ကဗျာပုံပြုခြင်းဆိုတာ ရှိပါသည်။ ဥပမာ– အမေရိကမှာ ဘော့ဘ်ဒီလန်၊ မြန်မာမှာ ဂီတနက်သန် ကိုစောညိန်းနှင့် ခင်ဝမ်း။

ယနေ့သည် ကြားကာလ၊ တော်လှန်ရေးကာလ၊ ဆိုလိုသည်မှာ စစ်ကာလဖြစ်သဖြင့် ယခု(လူငယ်တွေကို) စစ်မှုပြုခြင်း၊ စစ်ပုံပြုခြင်း၊ စစ်စရိုက်သွင်းခြင်း အကြောင်း ပြောပါမည်။

မအလ၏ စစ်မှုမထမ်းမနေရ ဥပဒေ ဒီဥပဒေသည် ၁၉၅၉ ခုနှစ်၊ အိမ်စောင့်အစိုးရလက်ထက်ကနေဝင်းဥပဒေ ဖြစ်သည်။ (ရေးဆွဲသူ– ဒေါက်တာမောင်မောင်) နေဝင်း ဥပဒေကို နအဖခေတ် ကုန်ဆုံးခါနီး ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်တွင် သန်းရွှေက ပြင်ဆင်ခဲ့သည်။

သန်းရွှေ ပြင်လိုက်သည့် နေဝင်းဥပဒေကို မအလက ၂၀၂၄ ဖေဖော်ဝါရီ ၁၀ တွင် အတည်ပြုပြဋ္ဌာန်းသည်။ နည်းဥပဒေများ ထုတ်ပြန်သည်။ အမြန်ဆုံး အကောင်အထည်ဖော်သည်။ ၆၅ နှစ်ကြာ သေနေသောကျားကို မအလ အသက်သွင်းခြင်း ဖြစ်သည်။ ထိုကျားသေ အသက်ဝင်လာမှာလား၊ ဝင်မလာဘူးလား၊ ကျနော်တို့ ငြိမ်ပြီး ထိုင်ကြည့်နေလို့ မရတော့ပါ။

ထိုဥပဒေ ဘာကြောင့် ထွက်ပေါ်လာသလဲ။ ရှင်းပါသည်။ မအလ အကြီးအကျယ် စစ်ရှုံးနေ၍၊ မအလ စစ်တပ် အင်အားအကြီးအကျယ် ဆုတ်ယုတ်ချည့်နဲ့နေ၍၊ ဖုတ်ပူမီးတိုက် စစ်အင်အား (လူအင်အား) ဖြည့်တင်းရန်အတွက် ထိုဥပဒေ ထုတ်ပြန်ခြင်း ဖြစ်သည်။

အားလုံး သိပြီးဖြစ်သည်။ မအလက တလကို စစ်သားသစ် ငါးထောင် (၅,၀၀၀) နှင့် ၆ လအတွင်း စစ်သားသစ် သုံးသောင်း (၃၀,၀၀၀) စုဆောင်း၊ စစ်သင်တန်း(သုံးလ)ပေး၊ ရှေ့တန်းလွှတ်ရန်ရည်ရွယ်သည်။ ယခု စစ်သားသစ်သင်တန်း အမှတ်စဥ် (၁) ဧပြီ (၈) ရက်နေ့က စတင်ဖွင့်လှစ်သည့်အထိ မအလ ခြေလှမ်းသွက်လာသည်။

မအလသည် မအလသာ ဖြစ်သည်။ သူ့ဘက်က ရှင်းသည်။ သူ၏ ပြိုလဲယိုင်နဲ့နေသော စစ်တပ်ကိုအင်အားပြန်ဖြည့်ဖို့ သူ လိုသလောက် တပ်သားသစ်အင်အားကို သူ့ဥပဒေပြပြီး စုဆောင်းမှာပဲဖြစ်သည်။ အဓမ္မ စုဆောင်းသည်၊ မတရားစုဆောင်းသည်၊ ခြိမ်းခြောက်စုဆောင်းသည်၊ ဘယ်သူတွေ ဘာပြောပြော မအလကတော့ သူ လိုချင်တာ ရအောင် လုပ်မှာသာ ဖြစ်သည်။ မအလဘက်က ရှင်းသည်။

မရှင်းတာက မိမိတို့ပြည်သူဘက်က ဖြစ်သည်။ မအလစစ်မှုထမ်းဥပဒေကို တချို့က ဟာသလုပ်ကြသည်။ တချို့က ပေါ့ပေါ့တန်တန် သဘောထားသည်။ တချို့က ပါးစပ်က လက်မခံဘူး ပြောပေမဲ့၊ လာခေါ်တော့လည်း သုံးလသင်တန်း ပါသွားပြီ။ ဘယ်ညာနင်းနေရပြီ။

မရှင်းတကာ့မရှင်းဆုံးမှာ မိမိတို့ နွေဦးတော်လှန်ရေးဦးဆောင်မှုအပိုင်းက ဖြစ်သည်။ မအလစစ်မှုထမ်းဥပဒေကို လူထုနည်းနဲ့ ခုခံဆန့်ကျင်ဖို့ သေနင်္ဂဗျူဟာလည်းချမပေး၊ နည်းပရိယာယ်လည်း ပြမပေးခြင်းပင်။ လူထုကို (လူငယ်တွေကို) မှန်ကန်ရဲရင့် လက်တွေ့ကျသည့် ထွက်ပေါက်မပေးနိုင်ခြင်းပင်။ 

(ထွက်ပေါက်ပိတ်နေလျှင် ဖောက်ထွက်နိုင်အောင် လမ်းညွှန်မှုပေးရမည်)

ခုခံမှုအမှား "လိုက်သွားပါ၊ ဟိုရောက်တော့ သေနတ်ယူပြီး ဒီဘက် ထွက်ပြေးလာခဲ့"အင်မတန် တာဝန်မဲ့သည့်စကား ဖြစ်သည်။ အပေါစားဆန်လှ၏။ ဟဟပဲရမယ်။

ပြီးတော့ အတင်းအဓမ္မ စစ်သားစုဆောင်းရင် NUG စသည်ဖြင့်ကို တိုင်ပါ။ သက်ဆိုင်ရာဝန်ကြီးဌာန (NUG) နဲ့ ဆက်သွယ်ပါ။ ဒါလည်း အလုပ်မဖြစ်ပါ။ NUG က မအလကို ဒီဥပဒေ ပြန်ရုပ်သိမ်းခိုင်းလို့ မရပါ။

မအလတပ်ထဲ မဝင်ချင်ရင် ရှောင်ထွက်၊ ပြည်ပသွား ကျောင်းတက်အလုပ်လုပ်၊ တိုင်းရင်းသားလွတ်မြောက်နယ်မြေတွေ သွားနေ၊ စိတ်ပါရင် PDF ထဲဝင်တိုက်။

ဒီလို လမ်းညွှန်မှုတွေက စိတ်ကျေနပ်စရာ မရှိပေမဲ့၊ လက်ငင်းမှာတော့ လက်ခံနိုင်စရာ ရှိပါသေးသည်။ ငါတို့လူငယ်တွေ မအလတပ်ထဲ အတင်းဆွဲသွင်း မခံရဖို့၊ မအလတပ်ထဲ ရောက်မသွားဖို့ကအရေးကြီးတယ်မဟုတ်လား။

ဟုတ်ပါပြီ။ မအလကို လျှော့မတွက်ပါနှင့်။

(ပိုလည်း မတွက်ပါနှင့်) ရှောင်ထွက်၊ ပြည်ပထွက်၊ လွတ်မြောက်နယ်မြေထွက်။ လူငယ်တိုင်းက ဒီလိုလုပ်နိုင်တာမှ မဟုတ်တာဘဲ။ ဘယ်လိုလုပ်မလဲ။ ဒီတော့ မအလက မထွက်နိုင်တဲ့၊ သို့မဟုတ် မထွက်တဲ့ လူငယ်တွေကို ဟောက်စား၊ ကောက်စားတော့မှာပဲပေါ့။

အဲဒီလို ကောက်စားခံရတဲ့ လူငယ်တွေထဲမှာ ယေဘုယျအားဖြင့် သုံးမျိုးသုံးစား ရှိမယ်။ (၁) စစ်တပ်ကို ဆန့်ကျင်ပြီး နွေဦးကို ထောက်ခံတဲ့သူ။ (၂) စစ်တပ်ကိုရော နွေဦးကိုပါ မဆန့်ကျင်၊ မထောက်ခံတဲ့သူ။ ကြားနေ။ (၃) နွေဦးကို ဆန့်ကျင်ပြီး စစ်တပ်ကို ထောက်ခံတဲ့သူ။ အခု မအလစစ်သားသစ် သင်တန်းအမှတ်စဥ် (၁) တက်နေတဲ့အထဲမှာ ဘယ်အမျိုးအစားက ဘယ်လောက်ပါမလဲ။

မှန်းဆကြည့်ရအောင်။ တခုလုံးကို အရင်ကြည့်မယ်။ ဥပမာ- မြို့တမြို့မှာ စစ်မှုထမ်းဥပဒေနဲ့ ငြိနေတဲ့ လူငယ်ဦးရေ တစ်သောင်း (၁၀,၀၀၀) ရှိတယ် ဆိုပါစို့။

မအလက အဲဒီဦးရေရဲ့ တစ် ရာခိုင်နှုန်း ( ၁%)ပဲ တပ်ထဲ ခေါ်လိုက်ဦး။ လူငယ် တစ်ရာ (၁၀၀) သူ့အိတ်ကပ်ထဲ ဝင်သွားပြီ။

ဟုတ်ပြီ။ အဲဒီ တစ်ရာ (၁၀၀) ထဲမယ် အပေါ်မှာ ခွဲခြားပြခဲ့တဲ့ စစ်တပ် ဆန့်ကျင်/ နွေဦးထောက်ခံ၊ ကြားနေ၊ နွေဦးဆန့်ကျင်/စစ်တပ်ထောက်ခံ ဆိုတဲ့ သုံးမျိုးထဲက ဘယ်အစားမှာ ဘယ်နှယောက် ပါမလဲ။

ခွဲခြားရဖို့ ခက်သည်။

မအလ အလိုကျ ဘောမအစု သေချာတာကတော့ တတိယလူငယ်အမျိုးအစား။ သူတို့က နဂိုကတည်းက မအလ ဘောမနေတာ။ အဲဒီမအလ အလိုကျ အစုကို ထားလိုက်တော့။ ပထမနဲ့ဒုတိယ လူငယ်အစုကို ကြည့်။ ဒုတိယအမျိုးအစား လူငယ်အစုက တော်လှန်ရေးက ငါတို့နဲ့မဆိုင်ဘူးလို့ နေခဲ့သူတွေ။ စစ်တပ် ဘာလုပ်လုပ် ငါတို့နဲ့မဆိုင်ဘူးလို့ နေကြသူတွေ။ ဒီလိုလူငယ်တွေ သူတို့တက်နေရတဲ့ စစ်သင်တန်းမှာ စိတ်နဲ့ကိုယ် ကပ်ပါ့မလား။ မကပ်ဘူးလို့ ထင်စရာ ရှိမလား။ တတိယလူငယ်တွေ အစု။ အားမတန်လို့ မာန်လျှော့ထားရတာပါ၊ သင်တန်းတက်ရတာ ပျော်မှာမဟုတ်ပါဘူး၊ ဒီလို ထင်စရာရှိမလား။ ဒါပေမဲ့၊ ထင်သာထင် မဝင်ဘူး၊ ကျောင်းအမ ဆိုသလိုမျိုး ဖြစ်တော့မည်။

မအလ စစ်တပ်ထဲ ရောက်သွားပြီ၊ စစ်သင်တန်းတက်နေရပြီ၊ မအလ စစ်တပ် ယူနီဖောင်းနဲ့ကြည့်ကောင်းကောင်း၊ မကောင်းကောင်း၊ သုံးလပဲ သင်သင်၊ ခြောက်လပဲသင်သင်။ စစ်သင်တန်း ရောက်ရင် လူငယ်တွေအားလုံး စစ်မှုပြုခံရတော့မယ်။ စစ်ပုံပြုခံရတော့မယ်။ စစ်စရိုက်သွင်းခံရတော့မယ်။ ပညာမတတ်တဲ့ လူငယ်တွေ စစ်တပ်မှိုင်းမိတော့မယ်။ ပညာတတ်လူငယ်တွေ ပိုပြီး ဦးချိုးခံရတော့မယ်။ စစ်တပ် ပုံစံခွက်ထဲ ရိုက်သွင်းတာ ရိုင်းရိုင်းပြောရရင် ယောကျ်ားချင်း စော်ကားခံရတာထက် ဆိုးသည်။

(မနက်ဖြန် အဆုံးသတ်ပါမည်)

အောင်ဝေး

(ဧပြီ ၁၁၊ ၂၀၂၄)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar