Breaking News

သီအိုဇော် - စင်ကာပူ ဝန်ကြီးချုပ် အပြောင်းအလဲ

သီအိုဇော် - စင်ကာပူ ဝန်ကြီးချုပ် အပြောင်းအလဲ

(မိုးမခ) ဧပြီ ၁၈ ၊ ၂၀၂၄

ဒေသတွင်းနိုင်ငံတွေထဲမှာ ပါတီစုံရွေးကောက်ပွဲနဲ့ အစိုးရ ရွေးချယ်တဲ့စနစ်ကို ကျင့်သုံးကြပြီး နိုင်ငံ လွတ်လပ်ရေးရတဲ့အချိန်ကစလို့ ပါတီတခုတည်းက အစိုးရဆက်တိုက်ဖြစ်နေတဲ့နိုင်ငံမျိုးက တော် တော်ရှားပါတယ်။

၂၀၁၈ ခုနှစ်အထိ ညွန့်ပေါင်းမဟာမိတ်ပါတီ အစိုးရအဖွဲ့ပုံစံကိုပါ ထည့်တွက်ပြောရရင်၊ လွတ်လပ် ရေးရပြီးကတည်းကစပြီး ၆၁ နှစ်ကြာ ဆက်တိုက် အစိုးရအဖွဲ့ထဲမှာ အဓိက ဦးဆောင်ပါတီအနေနဲ့  အင်အားအကြီးဆုံး ဖြစ်ခဲ့တဲ့၊ မလေးရှားနိုင်ငံက The United Malays National Organisation (UMNO)နဲ့ စင်ကာပူနိုင်ငံက People’s Action Party (PAP)တို့  နှစ်ပါတီပဲ ရှိပါတယ်။

၂၀၁၈ ခုနှစ် နောက်ပိုင်းမှာတော့ စင်ကာပူနိုင်ငံက လက်ရှိ အာဏာရပါတီဖြစ်တဲ့ PAP တခုတည်းပဲ ကျန်ပါတော့တယ်။ ဒါက နိုင်ငံတွေ လွတ်လပ်ရေး ရယူခဲ့ချိန်ကစလို့ ဆိုတဲ့ အချိန်ပိုင်းဖြတ်ချက်နဲ့ စဉ်းစားကြည့်တာမျိုးပါ။ တကယ်ကတော့ PAP ပါတီရဲ့ လွှမ်းမိုးမှုသမိုင်းက မလေးရှားနိုင်ငံက ခွဲထွက်ပြီး၊ လွတ်လပ်ရေး ရယူခဲ့တဲ့ ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မတိုင်မီ ကာလတွေအထိလည်း ဆွဲဆန့်ကြည့်လို့ ရပါသေးတယ်။

မလေးရှားနဲ့ ပေါင်းစည်းပြီးခါစ ၁၉၆၃ ခုနှစ် ရွေးကောက်ပွဲမှာရော၊ အဲဒီမတိုင်မီ ၁၉၅၉ ခုနှစ် ရွေး ကောက်ပွဲမှာပါ လီကွမ်ယူ ခေါင်းဆောင်တဲ့ PAPက နေရာအများဆုံး အနိုင်ရရှိခဲ့တဲ့ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံရဲ့ နိုင်ငံရေးပုံစံ အသွင်အပြင်အပေါ် အငြင်းပွားကြလို့ ရပါတယ်။ ဒါပေမဲ့ ဒီကနေ့ စင်ကာပူနိုင်ငံရဲ့ အောင်မြင်မှုများကို လီကွမ်ယူကစပြီး သူ့ရဲ့သား လက်ရှိဝန်ကြီးချုပ် လီရှန်လွန်းလက် ထက်အထိ၊ PAP ပါတီ ခေါင်းဆောင်မှုတွေနဲ့  ခွဲထုတ်စဉ်းစားလို့  လွယ်ကူမှာ မဟုတ်ပါဘူး။

အခုတော့ လီရှန်လွန်းက သူ ဝန်ကြီးချုပ်နေရာကနေ မေလ ၁၅ ရက်နေ့မှာ အနားယူပြီးတဲ့နောက်၊ စင်ကာပူနိုင်ငံရဲ့ စတုတ္ထမြောက်ဝန်ကြီးချုပ်အဖြစ် သူ့အစိုးရအဖွဲ့ရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန် ကြီးဖြစ်သူ လောရင့်စ်ဝေါင်း (Lawrence Wong) ကို တာဝန်ယူစေမယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။

တရားဝင်ကြေညာချက်လို့ ထည့်ပြောရတာက ပါတီတွင်း၊ ကက်ဘိနက်တွင်းမှာတော့ လောရင့်စ်ဝေါင်းဟာ ဆက်ခံသူဖြစ်လာမယ်ဆိုတာ ပြီးခဲ့တဲ့နှစ်တွေကတည်းက တိုင်ပင်ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်လို့ပါ။

၂၀၂၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ကတည်းက လောရင့်စ်ဝေါင်းကို စတုတ္ထမျိုးဆက် (4G team)ရဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဒါဟာ လီရှန်လွန်းအလွန် ကာလအတွက် ခေါင်းဆောင်လောင်းလို့ သတ်မှတ်လိုက်တာပါ။ ၂၀၂၂ ခုနှစ် ဇွန်လမှာတော့ ဘဏ္ဍာရေးဝန်ကြီး လောရင့်စ်ဝေါင်းက ဒုဝန်ကြီးချုပ်တာဝန်ကို ထပ်ပြီး တာဝန်ပေးအပ်ခံရပါတယ်။

ဝန်ကြီးချုပ် ဂိုချောက်တောင် (၁၉၉၀-၂၀၀၄)၊ ဝန်ကြီးချုပ် လီရှန်လွန်း (၂၀၀၄-၂၀၂၄) တို့လည်း ဝန်ကြီးချုပ်မဖြစ်ခင် ဒုဝန်ကြီးချုပ်တာဝန်ကို အရင်ယူခဲ့ကြရပါတယ်။ လီရှန်လွန်းကတော့ ဒုဝန် ကြီးချုပ် နေရာမှာ အကြာခဲ့ဆုံးပါ၊ ဂိုချောက်တောင် ဝန်ကြီးချုပ်သက်တမ်းတလျှောက်လုံးဆိုတော့ ၁၄ နှစ်နီးပါး ရှိခဲ့ပါတယ်။

လီကွမ်ယူက သူ့အရိုက်အရာအတွက် စစဉ်းစားတဲ့အခါ ဂိုချောက်တောင်က ပထမနေရာက မဟုတ်ခဲ့ပေမယ့် ၁၉၈၄ ခုနှစ်မှာ သူ့ကိုပဲ ရွေးချယ်လိုက်ကြပါတယ်။ အဲဒီနောက်တော့ ၁၉၈၅ ခုနှစ်ကနေ ၁၉၉၀ ပြည့်နှစ်အထိ ၅ နှစ်ကြာ သူက  ဒုဝန်ကြီးချုပ် ဖြစ်ခဲ့ပါတယ်။

ဒီနေရာမှာ နှစ်ပေါင်း ၆၅ နှစ်အတွင်း လောရင့်စ်ဝေါင်း အပါအဝင် ဝန်ကြီးချုပ် ၄ ဦးသာရှိသေးတဲ့ စင်ကာပူနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်ခန့်အပ်ဖို့ ကြိုတင်ပြင်ဆင်မှု အဆင့်ဆင့်ကိုသတိမပြုဘဲ မနေနိုင်ပါဘူး။ နောက်တခု ထပ်သတိထားမိတာက လီကွမ်ယူ၊ ဂိုချောက်တောင် တို့တုန်းကလိုပဲ လီရှန်လွန်းကလည်း စီနီယာဝန်ကြီးရာထူးကိုလက်ခံပြီး အစိုးရအဖွဲ့ မှာ ဆက်ရှိနေပေးဦးမယ်ဆိုတဲ့ အချက်ကိုပါ။ ဝန်ကြီးချုပ်ရာထူးသစ် နေရာ ချောချောမွေ့မွေ့ လွှဲပြောင်း ဆက်ခံနိုင်ရေးကို၊ တဆင့်ပြီးတဆင့် စဉ်းစားဆောင်ရွက်ပေးသွားလေ့ရှိတာမျိုးက စင်ကာပူနိုင်ငံရေးမှာ ပုံစံခွက်ထဲကလို အသားတကျ ဖြစ်နေပြီလို့ ဆိုရပါလိမ့်မယ်။

ကမ္ဘာမှာ လက်ချိုးရေတွက်လို့ရတဲ့ မြို့လည်း ဒါ၊ နိုင်ငံလည်း ဒါပဲလို့ ပြောရမယ့်နိုင်ငံ ဖြစ်ပေမယ့် စင်ကာပူ ဝန်ကြီးချုပ် လစာက စင်ကာပူ ဒေါ်လာ ၂ ဒသမ ၂သန်း ဖြစ်လို့ ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ အမြင့်ဆုံးပါ။ လီရှန်လွန်းက ဂျိုးဘိုင်ဒန်ထက် လေးဆလောက် ပိုရသူဖြစ်ပါတယ်။ ဒါတောင် ၂၀၁၂ ခုနှစ်က ၃၆ ရာခိုင်နှုန်း လစာလျှော့ချထားခဲ့တာပါ။

လောရင့်စ်ဝေါင်းက ၂၀၁၁ ခုနှစ် မေလမှာ အမတ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ပါလီမန်ထဲ ရောက်လာခဲ့ပါတယ်။ University of Wisconsin-Madisonက စီးပွားရေးဘွဲ့၊ University of Michigan-Ann Arbor က စီးပွားရေးမဟာဘွဲ့၊ Harvard Kennedy Schoolက Master in Public Administration တို့ကို ဆည်းပူးခဲ့ပြီး နိုင်ငံရေးထဲ မဝင်ရောက်မီ စင်ကာပူနိုင်ငံ Energy Market Authorityရဲ့ အမှု ဆောင် အရာရှိချုပ်တဦး ဖြစ်ခဲ့ပါတယ်။ အခုဆို သူက လွတ်လပ်ရေးရပြီးတဲ့နောက် မွေးဖွားခဲ့တဲ့ ပထမဦးဆုံး ဝန်ကြီးချုပ်လည်း ဖြစ်လာမှာပါ။

ဂိုချောက်တောင်အနေနဲ့ လီကွမ်ယူရဲ့နောက်ကနေ ဝန်ကြီးချုပ်ဖြစ်လာခဲ့ခြင်းက သူ့အတွက် အခက် အခဲတခုလို့ ပြောရမှာ ဖြစ်သလို၊ အခုလည်း လောရင့်စ်ဝေါင်း အနေနဲ့ လီရှန်လွန်း ချန်ရစ်ခဲ့မယ့် ကွက်လပ်ကို ဖြည့်ဆည်းနိုင်ဖို့အတွက်၊ အထူးသဖြင့် ဒီကနေ့လို ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ တော်တော် ကြိုးစားယူရလိမ့်မယ် ထင်ပါတယ်။

လီရှန်လွန်းရဲ့ ဒုဝန်ကြီးချုပ်နဲ့ဝန်ကြီးချုပ်သက်တမ်း စုစုပေါင်းကိုက ၃၄ နှစ်ဝန်းကျင်ရှိပြီး၊ ပြော စမှတ်ပြုရမယ့် မှတ်တိုင်တွေ အများအပြားရှိခဲ့ပါတယ်။ ကင်းဘရစ်၊ ဟားဗတ်ဘွဲ့ရ လီရှန်လွန်းဟာ နိုင်ငံရေးထဲမဝင်မီ ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဘဏ္ဍာရေးဝန်ကြီးဘဝမှာ အခွန်လျှော့ချမှု၊ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးတို့လိုအရေးကြီးတဲ့ဘဏ္ဍာရေးစနစ်အပြောင်း အလဲတွေ ပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။

လောရင့်စ်ဝေါင်း ဝန်ကြီးချုပ်သစ်ဖြစ်လာချိန်က ရွေးကောက်ပွဲနဲ့လည်း သိပ်မဝေးတော့တဲ့အချိန် ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲက အခုနှစ်နှောင်းပိုင်းကနေ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကြား အချိန်မရွေး ပြုလုပ်နိုင်ပါတယ်။ အာဏာရပါတီတို့ ထုံးစံအတိုင်း အသာစီးရှိနိုင်တယ်လို့ ထင်ရတဲ့ ကာလတဝိုက်မှာ ရွေးကောက်ပွဲ ခေါ်ကြမှာပါ။

သူ ဝန်ကြီးချုပ်အဖြစ် ကျမ်းကျိန်တဲ့ မေလ ၁၅ ရက်နေ့မှာပဲ အစိုးရအဖွဲ့သစ်လည်း ကျမ်းကျိန်ကြမှာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ နေရာအပြောင်းအလဲ ကြီးကြီးမားမား လုပ်ဖို့မရှိသေးဘူးလို့ သူ က ပြောထားပါတယ်။ တဆက်တည်း တသမတ်တည်း လုပ်ကိုင်သွားနိုင်မယ့် အစိုးရအဖွဲ့ ဖြစ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ အလားတူပါပဲ၊ အောင်မြင်တဲ့ပေါ်လစီတွေကို ဆက်ကျင့်သုံးသွားဖို့လည်း များပါလိမ့်မယ်။ 

လောရင့်စ်ဝေါင်းက သူ့ရဲ့ အဓိကဦးစားပေး အာရုံစိုက်မယ့်အရာ ၃ ခုက အလုပ်အကိုင်၊ စီးပွားရေးနဲ့ လူနေမှုစရိတ်တို့ ဖြစ်တယ်လို့လည်း မီဒီယာတွေကို ဖြေခဲ့ပါတယ်။

သူ့ရှေ့က ဝန်ကြီးချုပ်တွေထဲမှာ ဂိုချောက်တောင်ရဲ့ ဝန်ကြီးချုပ်သက်တမ်း ၁၄ နှစ်ဆိုတာက အတိုဆုံးပါ။ အသက် ၅၁ နှစ်အရွယ် လောရင့်စ်ဝေါင်းအနေနဲ့ ဝန်ကြီးချုပ်အဖြစ် နှစ်အတန်ကြာတိုင် အောင်ထမ်းဆောင်နိုင်ဖို့အတွက် စိန်ခေါ်မှုတွေကြားကနေ  အကောင်းဆုံးကြိုးစားသွားလိမ့်မယ်လို့ ယူဆရပါတယ်။

သီအိုဇော်

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar