Breaking News

ရဲဘော်တေး - ကျောက်စရစ်တောမာခေါင်ခေါင်က အတောင်ကျွတ်ကြိုးကြာတွေ ရေပျောက်ချိန်

ရဲဘော်တေး - ကျောက်စရစ်တောမာခေါင်ခေါင်က အတောင်ကျွတ်ကြိုးကြာတွေ ရေပျောက်ချိန်

(မိုးမခ) ဧပြီ ၁၁ ၊ ၂၀၂၄


စစ်ဗိုလ်ချုပ်တွေ ရင်သိပ်နာနေကြသတဲ့။

နာဆို ကြေးနန်းနှစ်ပင်ကို ပလယာနဲ့ ညှစ်လိမ်သလိုမျိုး အသည်းနှလုံးကို ဆုတ်ညှစ်ညှပ်လိမ် ကျောင်းဘုန်းကြီးကို ဖိုးသူတော်က ခေါင်းခေါက်ပြီး စိန်ပလိမ်တိန် လုပ်ခံရလိုက်ချိန်ကိုး။ 

ကြည့်အုံး၊ မဟာဧရာမ စတန်းဒတ်အာမီကြီးကို ရေသန့်ဘူးခွံဗုံးနဲ့ အုံးသတဲ့။ PVC ပိုက်ဆိုရင်ကို အမြင်တင့်တယ်သေး။ ခုတော့ ဟမ်းမားကားကို ချေးကားတိုက်ခံရသလိုကို ခံစားနေရတယ်လေ။ အုံးတာမှ စစ်ရုံးချုပ်တို့၊ ကာချုပ် မအလ အိမ်တော်တို့နော်။ ဒုချုပ်ကိုးကွင်းတော့ အားနာပါးနာဆော်ပေးပါသေး။ တိုင်းမှူးလောက်ဖြင့် စောက်ဖက်မလုပ် ဝေးရော။

တကယ်ကို ရင်အကြီးကြီးနာရပါသော်ကော။ တပ်မှန်သမျှ ပီပီဘုတ်နဲ့လုပ်ထားတဲ့ ဒရုန်းမှာ ရေသန့်ဘူးဗုံးဆင်ပြီး ဖျင်တာ ဖျင်တာများ။ သေသွားရင်တောင် သူရဘွဲ့ရစော်မနံ၊ ဒင်းထိုက်နဲ့ဒင်းကံ ခံပေါ့လို့က ငေါ့ခံရအုံးမယ်၊ မုန့်ဟင်းခါးကို ပြုံးစိစိနဲ့ အစားခံရမယ်။ ရေသန့်ဗုံးဆိုပေမဲ့ တကယ် တမ်းချ အကူအကာမဲ့ခံရတာလေ။ ဘယ်ဘက်နဖူးနဲ့ နားရွက်ကြားဆို အတိအကျ တလက်မ မလွဲ အဖြဲခံရတာနော်။ ရှေ့တန်းကမှ သူပစ် ကိုယ်ပစ် ရှိသေး။ ဒါက တဖက်သတ် ကျုံးခံရတာ။ ဆိုဖာပြည့်ခန်းသာလယ်မှာ ပီကြံရွယ်တဲ့ ရေသန့်ဗုံး မင်းဘယ်သို့တုန်းဆိုပြီး အုံးလိုက်တာပါကလား။ ဘုရားတောင် တချိန်မရ၊ မိဘလဲ သတိမေ့၊ သေနတ်နဲ့တေ့ခံရတာထက်ဆိုး၊ ငရဲအိုးဒါရိုက်၊ မြွေခြောက်ကိုက် ရေတိမ်နစ်၊ အပွဲပွဲနွဲလာသမျှ ရွှေကြက်ယက်ကျမှ အနူလက်သီးထိုးခံရတဲ့လက်ဝှေ့ကျော်ကြီးအဖြစ်ထက် ဆိုးပေါ့။

ဒီထက်နာစရာတမျိုးက ကိုယ့်အရိုးကို ဆီပုလင်း ချိပ်ပေးရတာပဲ။

ဘယ့်နှယ် ဝယ်ထားသမျှ လက်နက် ထုတ်ထားသမျှ ခဲယမ်းအပြင် ဆန် ဆီ ဆေး ရိက္ခာ အကုန်ပေးရရုံတင်မက ရန်ပုံငွေပါ လှူလိုက်ရတဲ့အဖြစ် လေ့ကျင့်ပြီးသားလူတွေပါ အဆစ်ထည့်ရုံနဲ့လဲမပြီး ယာဥ်ကြီးယာဥ်ငယ် အသွယ်သွယ်ကို ဆီဂိုဒေါင်ပါ အပိုဆောင်းလို့ ဒုံးစင်ကား အကောင်းကြီးတွေနဲ့အားမရ။ သံချပ်ကာကား အမြှောက်ကား အပင့်ကား တင့်ကားတွေပါမချန် ဗျူဟာလိုက် မြေလှန်အပ်လဲမတင်းတိမ် စစ်တိုင်းကြီးတွေပါ ချိန်နေသေး၊ အင်း စစ်တိုင်းကြီးတွေ ပေးပြန်ရင်လည်း စစ်ဌာနချုပ်ကြီးပါ လွေးချင်တယ် ဖြစ်အုံးမယ်။ စစ်ဌာနချုပ်ကြီး ကျွေးလိုက်ပြန်လဲ ကာချုပ်ကြီးနဲ့အပေါင်းပါတွေကို အချိုတည်းချင်သေးက လာအုံးမှာ။ အချိုတည်းပြီး ပြန်လဲ သူတို့စည်းစိမ်အားလုံး မျိုခဲရမှ ဝမယ့်သဘော။ 

အင်း.... နာစရာအကောင်းဆုံးကတော့ သားစဥ်မြေးဆက် လက်ဆင့်ကမ်း အုပ်ချုပ် စစ်မင်းလုပ်ပြီး တကမ္ဘာလုံးက သူဌေးနဲ့ ငွေရေးချင်းပြိုင် ငါတို့နိုင် ရွှေသွေးချင်းပြိုင် ငါတို့နိုင်ဆိုပြီး စီစဥ်ထားသမျှ ရေတိုက်စားခံရတဲ့ နုံးသဲတွေလို ဝုန်းခနဲပြိုတော့မှာကို တွေးနေရတဲ့ လက်ရှိအခြေအနေ တွင်းနက်ကြီးပဲလေ။

-

Join Us @ MoeMaKa Telegram

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar