Breaking News

မြဝတီမြို့အနီးက ခလရ တပ်ရင်း ၂၇၅ နဲ့ နောက်ဆုံးအခြေအနေ၊ စစ်ရေးနဲ့နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်ပြီလား

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၁၀ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၁၊ ၂၀၂၄

မြဝတီမြို့အနီးက ခလရ တပ်ရင်း ၂၇၅ နဲ့ နောက်ဆုံးအခြေအနေ၊ စစ်ရေးနဲ့နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်ပြီလား 

ဧပြီလဆန်းကတည်းက သင်္ဃန်းညီနောင်တဝိုက်မှာ အရှိန်မြင့်လာတဲ့ တိုက်ပွဲတွေနဲ့ တပ်ရင်းတွေနဲ့ ဗျူဟာစခန်းကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းယူပြီးနောက် မြဝတီမြို့အနီး နောက်ဆုံးကျန်ရှိတဲ့ ခလရ ၂၇၅ ကို သိမ်းယူဖို့ ကြိုးစားနေတဲ့သတင်းတွေက နာရီပိုင်း မိနစ်ပိုင်းနဲ့အမျှ စောင့်ကြည့် ဖေါ်ပြနေကြပြီး မြဝတီမြို့နေလူထုအနေနဲ့ တိမ်းရှောင်သူတွေ၊ မြို့ထဲ ဆက်လက်နေထိုင်ပြီး နေ အိမ်တွေ ဖောက်ထွင်းမခံရအောင်၊ မီးလောင်ခဲ့ရင် ဝိုင်းဝန်းငြှိမ်းသတ်နိုင်ကြအောင် အိမ်စောင့်ထားပြီး နေထိုင်နေကြသူတွေလည်း ရှိနေကြတဲ့သတင်းတွေ ဖတ်ရှုနေရတာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံဘက်ကတော့ မြဝတီမြို့တဝိုက်က တိုက်ပွဲတွေရဲ့ အကျိုးဆက်အနေနဲ့ ဝင်ရောက်လာနိုင်တဲ့ စစ်ဘေးရှောင်တွေ ကို ကူညီဖို့ အဆင်သင့်ပြင်ဆင်ထားတာ အသိပေး ကြေညာထားတာတွေ တွေ့ရပြီး မြန်မာနိုင်ငံဘက်အခြမ်းမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ နယ်စပ်စည်းကို ကျော်လွန်လာမယ့် အခြေအနေမျိုးဖြစ်ပွားခဲ့ရင် တားဆီးကာကွယ်နိုင်အောင် လုံခြုံရေးအစီအမံတွေ မျက်ခြည်မပြတ် စောင့်ကြည့်တာတွေလုပ်ဆောင်နေတာ တွေ့ရပါတယ်။ 

ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်ကုန်သွယ်ရေး အချက်အချာကျတဲ့ မြဝတီမြို့ သိမ်းယူရရှိရေးအတွက် KNLA နဲ့ ပူးပေါင်းတပ်တွေရဲ့ ကြိုးစားနေတဲ့ စစ်ရေးလှုပ်ရှားမှုတွေအပေါ်မှာတော့ သြဇာပေးနိုင်တဲ့အနေအထားမျိုးမတွေ့ရပါဘူး။ အခု နောက်ဆုံးဖြစ်ပွားနေတဲ့တိုက်ပွဲတွေက ဘယ်လိုအခြေ အနေကို ဦးတည်သွားစေမလဲ၊ မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံရေး စတာတွေနဲ့ ပတ်သက်လို့တော့ ထိုင်းစစ်တပ်၊ ထိုင်းအစိုးရအဖွဲ့ စတဲ့ အဖွဲ့အစည်းအသီးသီးမှာ ကြိုတင်မှန်းဆချက်၊ မူဝါဒဆိုင်ရာ အဆင်သင့်ပြင်ဆင်မှု စတာတွေ လုပ်ဆောင်နေတာ ရှိနိုင်တယ်လို့ မှန်းဆကြည့်ရပါတယ်။ 

မြဝတီမြို့ လက်လွှတ်ဆုံးရှုံးရခြင်း မြို့အနီးတဝိုက်က စစ်စခန်းတွေ၊ အခိုင်အမာ ဗျူဟာစခန်းတွေ ဆုံးရှုံးရခြင်းဟာ ကရင်ပြည်နယ်တခုလုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မဟာမိတ် ပူး ပေါင်းအဖွဲ့တွေ လက်ထဲကျရောက်နေပြီလို့တော့ အဓိပ္ပာယ်မကောက်ယူနိုင်ပေမယ့် နယ်စပ်ကုန် သွယ်ရေးမှာအရေးပါတဲ့ အချက်အချာမြို့၊ မြန်မာနိုင်ငံရဲ့ ထိုင်းနယ်စပ်နဲ့ ထိစပ်နေတဲ့ မြို့၊ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကနေ အခွန်အကောက်အများဆုံး ကောက်ယူရရှိနေတဲ့နေရာ နိုင်ငံ ရေး၊ စစ်ရေး ပြယုဂ်သဘောဆောင်တဲ့မြို့ကို လက်လွှတ်ဆုံးရှုံးရခြင်းက နောက်ထပ်နယ်မြေတွေ စခန်းတွေနဲ့ မြို့တွေ ဆက်လက်ဆုံးရှုံးဖို့ အလားအလာမြင့်တက်လာတာလို့လည်း ဆိုနိုင်တာဖြစ်ပါတယ်။ 

အခု ဖြစ်ရပ်ကိုလေ့လာကြည့်ရင် စစ်ကောင်စီအနေနဲ့ ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးကာလတုန်းက စစ်ရေးအခင်းအကျင်းကဲ့သို့ မြေပြင်က ဆက်သွယ်ရေးလမ်းကြောင်းကို မစိုးမိုးနိုင်တဲ့ အနေ အထား၊ စစ်ကူတပ်တွေ မြန်မြန်ဆန်ဆန် အချိန်မီမပို့ဆောင်နိုင်တဲ့အနေအထား၊ ရန်ကုန်ကနေ တနေ့တာ ခရီးအကွာအဝေး၊ မော်လမြိုင် ဘားအံကနေ ကုန်းလမ်းခရီးအားဖြင့် ၄ နာရီကြာအကွာအဝေးကို မပို့ဆောင်နိုင်တဲ့အနေအထားမျိုးထပ်မံဖြစ်ပွားပြီး ဒီအခြေအနေတွေက နောက်ထပ် အလားတူ နယ်မြေဒေသတွေ၊ စခန်းတွေ သိမ်းယူရာမှာ ထပ်ပြီးဖြစ်ပွားနိုင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း စတဲ့ နယ်မြေတွေ စခန်းတွေ မြို့တွေထပ်မံပြီးဆုံးရှုံးနိုင်ခြေ မြင့်တက်နေပြီး အခုလို စစ်ဆင်ရေးပုံစံတူဖြစ်စဥ်တွေ ထပ်မံဖြစ်ပွားလာနိုင်စရာလည်း ရှိနေတာဖြစ်ပါတယ်။ 

အခု မြဝတီမြို့အဖြစ်အပျက်ကြောင့် စစ်ရေး နိုင်ငံရေးချိန်ခွင်လျှာ ဘယ်လောက်ထိပြောင်းလဲသွားမလဲ ဆိုတဲ့မေးခွန်းကလည်း ခုရက်ပိုင်းအတွင်း ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်ရဲ့ မြို့တမြို့နဲ့ တပ်ရင်း၃/၄ ခု၊ ဗျူဟာကုန်းတခုတို့ကို သိမ်းပိုက်နိုင်ခြင်းက စစ်ရေး နိုင်ငံရေးချိန်ခွင် လျှာကို ဘယ်လောက်ထိအပြောင်းအလဲ ဖြစ်စေမလဲလို့ မေးစရာရှိနိုင်ပါတယ်။ စီးပွားရေးအရ အချက်အချာကျတဲ့ မြို့၊ နယ်မြေ၊ စစ်ကောင်စီတပ်တွေအနေနဲ့ တိုင်းဒေသကြီးတွေ မြို့ကြီးတွေ စိုးမိုးထားနိုင်တဲ့ နယ်မြေတွေကနေ နယ်စပ်ဒေသတွေ၊ တိုင်းရင်းသားနယ်မြေတွေကို ဆက်သွယ်ထားတဲ့လမ်းကြောင်းတွေကို ခိုင်ခိုင်မာမာထိန်းသိမ်းထားနိုင်တဲ့အနေအထားမရှိတော့တာကိုပြသလိုက်တာဖြစ်လို့ စစ်ရေးအရ အားနည်းချက်ကို ထင်ရှားစေခဲ့တဲ့သဘောလည်း ဖြစ်ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ နယ်မြေထိန်းချုပ်ဖို့ ဒီလိုအလားတူသဏ္ဌာန်တူ စစ်ဆင်ရေးတွေလုပ်ဆောင်လာဖို့ ပေါ်ထွက်လာဖို့ နှိုးဆော်သလို ဖြစ်စေတဲ့သဘောလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ စစ်ကောင်စီဆန့်ကျင်နေတဲ့လက်နက်ကိုင်အဖွဲ့တွေ အရေအတွက် များပြားနေသေးတာ၊ တခုမကသော အမိန့်ပေးမှု အောက်မှာရှိနေကြတာ၊ အကျိုး စီးပွားမတူကွဲပြားကြတာတွေ စိမ်ခေါ်မှုတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်အရင်သိမ်းရင် ကိုယ်အုပ်ချုပ်ခွင့်ရမယ့် ကိုယ့်ထိန်းချုပ်နယ်မြေဒေသဖြစ်မယ်ဆိုတဲ့အမြင်မျိုးတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်မလာဖို့လည်း အရေးကြီးပါတယ်။ ဒီနယ်မြေကို ရေရှည်အားဖြင့် ဘယ်သူအုပ်ချုပ်ခွင့်ရသင့်သလဲဆိုတာ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာနိုင်ကြဖို့အရေးကြီးပါတယ်။ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့တွေအချင်းချင်းအကြား အဖွဲ့အကျိုးစီးပွားထက် စစ်အာဏာရှင်စနစ်ဖယ်ရှားရေးရဲ့ အကျိုးစီးပွား၊ ဒေသရဲ့ အကျိုးစီးပွားလိုမျိုးကို ပိုပြီးအလေးပေးကြဖို့ အရေးကြီးလာတာဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်တွေကိုအနိုင်ရဖို့ တိုက်ခိုက်ကြရာမှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ရှိသလို၊ တဖက်မှာ အကျိုးစီးပွားခွဲဝေမှုအရ၊ နယ်မြေစိုးမိုးမှုအရ ပေါ်ပေါက်လာနိုင်တဲ့ အချင်းချင်းအကြားက ပဋိပက္ခတွေကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းနိုင်ဖို့လည်း အရေးကြီးပါတယ်။ 

အဲဒီလိုအကျိုးစီးပွား ပဋိပက္ခ၊ လူမျိုးရေး နိုင်ငံရေးအဖွဲ့အစည်းရဲ့ အုပ်ချုပ်ခွင့်အာဏာ၊ လူပုဂ္ဂိုလ်ရေး စတဲ့အကြောင်းတွေကြောင့် ပေါ်ထွက်လာနိုင်တဲ့ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းကြမယ့် platform တွေ၊ ယန္တရားတွေ၊ အခြေခံမူဝါဒတွေ ရှိထားကြရတော့မှာ ဖြစ်ပါတယ်။ စစ်ရှိန်ပြင်းထန်ချိန်နဲ့တိုက်တိုက်ဆိုင်ဆိုင် မြန်မာနွေဦးတော်လှန်ရေး၏တပ်ဦးက ရှိနေတယ်ဆိုတဲ့ NUCC ၏ဒုတိယအကြိမ်မြောက် ပြည်သူ့ညီလာခံကြီးကျင်းပချိန်နဲ့ တိုက်ဆိုက်တာကိုလည်း တွေ့ရပါတယ်။ ပြည်သူ့ညီလာခံက တင်ပြချက်၊ ဆွေးနွေးချက်နဲ့အကြံပြုချက်တွေက လက်ရှိစစ်ရေးအရှိန်နဲ့ လက်ငင်းပြည်သူတွေရင်ဆိုင်နေရတဲ့စစ်မီးသင့်နေမှုကို တိုက်ရိုက်တုံ့ပြန်တာ ကျယ်ကျယ် ပြန့်ပြန့်မတွေ့ခဲ့ကြရတာလည်း ထောက်ပြစရာ ဖြစ်ပါတယ်။

တိုက်ပွဲကာလ၊ တော်လှန်ရေးကာလမှာ အချင်းချင်းအကြားက ပြဿနာတွေကိုဖြေရှင်းကာ အတူ တူလက်တွဲလုပ်ဆောင်နိုင်ခဲ့ကြပေမယ့် သိမ်းယူရရှိတဲ့နယ်မြေတွေ မြို့တွေ၊ ဒေသတွေကို အုပ် ချုပ်ရမယ့်ကာလကျမှ ပါတီ၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်ပြီး နောက် ထပ် အသစ်သောပြဿနာ၊ လက်နက်ကိုင်ပဋိပက္ခတခုထဲ ကျရောက်မသွားဖို့အရေးကြီးတာလည်း ဖြစ်ပါတယ်။ 

ဒီနေ့အခြေအနေဟာ အောင်ပွဲလို့တော့ဆိုဖို့ စောလွန်းသေးတယ်လို့ မြင်ပြီး အောင်ပွဲအတွက် ကြို တင်ပြင်ဆင်ရမယ့် အခင်းအကျင်းတွေ၊ ပြင်ဆင်မှုတွေ၊ ဆက်ဆံရေးတွေ လုပ်ရမယ့် အချိန်ကာလလို့တော့ ဆိုကောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar