နေသွင်နိုင်း - ကြယ်ရောင်ဓား
ကြယ်ရောင်ဓား
နေသွင်နိုင်း
(မိုးမခ) ဧပြီ ၁၀၊ ၂၀၂၄
နေရောင်ကိုစူးစိုက်ကြည့်တဲ့အခါ ရဲရင့်ပြီး
လရောင်ကို ခိုလှုံတဲ့အခါ နူးညံ့တယ်
နေရောင်က နွေ
လရောင်က ချော
"ဒီိဘဝနဲ့ မလုံလောက်လို့
နောက်ဘဝအထိ
ကူးချစ်ရမယ်ဆိုရင်တောင်
ဒီသံသရာနဲ့
လုံလောက်ပါ့မလား " တဲ့
ချောကို ချစ်ပုံ။
"ရန်သူနဲ့ တွေ့တဲ့အခါ
ကိုယ့်လက်သီး ကိုယ် စမ်းမိတယ်...။
မိတ်ဆွေနဲ့ တွေ့တဲ့အခါ
ကိုယ့်နောက်ကျောကိုယ် စမ်းမိတယ်...။
ချစ်သူနဲ့တွေ့တဲ့အခါ
ကိုယ့်ရင်ဘတ် ကိုယ် စမ်းမိတယ်..."တဲ့။
ပုလဲ ကဗျာ
ကဗျာ ပုလဲ
ကြယ်လည်း ကြယ်
ဓားလည်း ဓား
အနာဂတ်ကိုဖတ်တဲ့အခါ
ပေါက်ပြဲနေတဲ့ နိုင်ငံတော်ရဲ့ အတွင်းသားမှာ
အာဏာရှင်ရဲ့သွေးကို ဖောက်ထုတ်ခဲ့တဲ့ ကဗျာ။
အလံဟာ တဖျပ်ဖျပ်
တတောပြီး တတော
တတောင်ပြီး တတောင်
မိစ္ဆာတွေရဲ့ခြေလက်တွေကို တုပ်နှောင်
ဓားအိမ်က ကဗျာကို ဆွဲနှုတ်
ပေါင်မုန့်သားထဲ ချစ်ခြင်းမေတ္တာကို ဌာပနာ
နေကြာဖက် နှမ်းဖက်တွေကို သစ္စာတရားနဲ့ပေါင်းခံလို့
"အာဏာရှင်ရဲ့ နာရေး" အတွက်
"ဒါး"ဟာ "ဓား" လို့ အသံထွက်ခဲ့တယ်။
သမိုင်းက မအောင်မြင်သူရဲ့ အုတ်ဂူကို မတူးဖော်ကြဘူးရဲဘော်တို့
လာ.....ညီအစ်ကိုတို့လာကြ
ကဗျာဆရာရဲ့သမိုင်းကို တူးကြမယ်။
ခက်သီနား သီဖို့ဆို
တရားလည်း သိ
ဓါးလည်း ရှိမှ
ခက်သီသည် မခက်။
ကောင်းကင်နဲ့ မြေကြီးကြားမှာ
မသေတဲ့ကြယ်
မညှိုးတဲ့ ပန်း
သမ္မတကမ်းခြေမှာ
လိပ်ပြာလှလှ
သမိုင်းလှလှ
ကမ္ဘာနဲ့ကဗျာကို လမ်းပြသွားခဲ့တယ်။ ။
*** ဆရာခက်သီသို့ ....
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar