Breaking News

ရတနာပုံဆရာမှတ်ကြီး - ပြည်သူမရှိ တပ်သားသက်သက်နိုင်ငံ အိပ်မက်

ရတနာပုံဆရာမှတ်ကြီး - ပြည်သူမရှိ တပ်သားသက်သက်နိုင်ငံ အိပ်မက်

(မိုးမခ) ဧပြီ ၁၅ ၊ ၂၀၂၄

တပ်အုပ်စုထဲမှာ ဖြုတ်ထုတ်သတ်မလုပ်လို့က မရတော့တဲ့ အခြေအနေ။

ခေါင်မှန် အကုန်ယူဖြစ်သွားပြီ။ မြင့်လှိုင်ဆီမှာ ပတ္တမြားတင် မီးခံသေတ္တာတလုံး အပြည့်ရှိ။ ဒီဘဲက ငွေစုပြီး ရေတပ်နဲ့ လေတပ်ပါ ဥထားပြီးသား။ ဖား ဖား ဆိုတာနဲ့ ရိုက်တော့မှာလေ။ ဒါပေလို့ မအလက လူသာပုတာ၊ နှာတံရှည်တယ်၊ နှာတဖျားသာသွားပြီပေါ့ကွယ်။ 

ညိုစော သမီးက စနိုက်ကြော်လို့ ခင်သီရိသက်မွန် တခုလပ် ဖျတ်ဖျတ်လူး အနုပညာလောကထဲ ဝင်၊ ဒူးချင်သလို ဒူးနေတာကို မကျေတဲ့ အငြိုးပါ အတိုးထည့်ပြီး အာဏာသိမ်းတာကို မကျေနပ်သံ ထွက်ခဲ့တဲ့ ပါးရည်နပ်ရည်နဲ့ လက်စလက်နပါရှိတဲ့ ညိုစောကို အနားခေါ်နေရာပေးပြီးတော့ကို ဗျင်းတာနော်။ ထန်းလျက်ကျွေး ခွေးသတ်တဲ့အကွက်။ ကြောင်ချေးရဲ့ ကြောင်လက်သည်းကုတ်ချက်ကို ကျွဲမကြီးပါ နှလုံးတုန် ရင်ခုန်စိတ်လှုပ်ရှား လက်ဖျား ခြေဖျားတောင် အေးနေပြီဆိုလား၊ သူ မွေးတဲ့ခွေး သူ့ ပြန်ကိုက်တဲ့ အရသာကို စခံစားလို့။ အမဲလိုက်ဖို့ ခြံစောင့်ဖို့ အားကိုးရမလားဆိုပြီး ကျားစွယ်လေးပါ သွေးတိုက်ခဲ့သေးတာ မဟုတ်လား။ တပ်ထဲမှာ လက်အောက်ငယ်သား ကြိုက်တဲ့အောင်စိုးကိုလည်း ချောင်ထိုးပြီး အပြီးရှင်း။ သူ့လက်အောက်ငယ်သားတွေ ဆရာသမားအတွက် တင်းနေရုံဘဲ တတ်နိုင်။ 

ဘောင်းဘီဝတ်ရော အကျွတ်ရော မြေဓားပြမှုနဲ့ ထုချေပြလိုက်တော့ မဆီတဲ့မဆိုင် မြေဘုတ်ဘီလူး ပအိုဝ်းခေါင်းဆောင်ကြီးတွေပါ “ဟုတ်ကဲ့ခမျ ဟုတ်ကဲ့ခမျ” တွေ ဖြစ်ကုန်ရောတဲ့။ ခိုင်းသမျှ နှစ်ဆတိုး လုပ်မယ့်သဘော။ မခိုင်းလဲ ပအိုဝ်းလူငယ်မှန်သမျှ စစ်သားလုပ်ရမယ်ချည်း ဟောနေ ပြောနေကြတော့တာ။ ရှာထားသမျှလည်း စစ်စရိတ်ထည့်ပေါ့လေ။ တပ်က ဘောင်းဘီချွတ်ဝတ်တွေကို နှာယောင်ရိုက်ပြလိုက်တာ လက်ရှိ ဘောင်းဘီဝတ်တင်မက ပြည်သူ့စစ်တွေပါ ဂိန်ဂိန်အော်ရတော့တာကိုး။ အကုန်လုံးက မြေသူခိုး မြေဓားပြ မြေမုဒိမ်း မြေပြန်ပေးချည်း မဟုတ်လား။ ပအိုဝ်းတွေမြေသိမ်းချက်ကလည်း အကွက်ပေါင်းသောင်းချီရိုက်စားလို့ကို မကုန်တာလေ။ ကြည့်လိုက်ရင်လည်း ဘုရားဒကာအဆင့်က တပြားသားမှမလျှော့။ ဆော့လိုက်တာလည်း ဗုဒ္ဓဟူးနံ မှန်သမျှအကုန်ဆိုတာလို။

ဘောင်းဘီကျွတ်ခရိုစိမ်းနဲ့ စီးပွားရေး မုဒိမ်းခရိုနီရယ်၊ ပြည်သူ့စစ် ကျားဖြန့်ရာဇာ ခရိုပြာတွေရနဲ့ INGO ခရိုညိုတွေရယ်၊ ဘာသာပေါင်းစုံ ဆတော်ခရိုဝါတွေနဲ့ ခရိုနက် ပအိုဝ်းမြေဘီလူးကြီးတွေအကုန်လုံး ဘောမအနုပညာရှင် ခရိုဖြူလေးတွေပါမကျန် မအလကို ရေကြည်တော်ဆက်ရတော့မှာ။ မဆက်ရင် အပြတ်သိမ်း အပြီးရှင်းကစ်တော့မှာ။ ရေကြည်တော်ဆက်လို့များ အသက်ချမ်းသာပေးမှာလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ အကုန်လုံးကို ဒိုင်းကာတော့မှာ၊ မဒိုင်းမချင်း ကာတော့မှာလေ။ ဘယ်သူမဆို သူ့မိသားစုအတွက်ဘဲ ဖြစ်ရတော့မှာ။ ခုဇွတ်အတင်း စစ်ထဲသွင်းဥပဒေသုံးရင်းသုံးရင်း စစ်မင်းပြည်သက်သက် ထူတော့မှာ။ တိုင်းရင်းသားတွေကြား ခွဲထားသတ်ပုံအကုန်သုံး ပြည်နယ်အသစ်ဖတ်စာတွေ ချပေးပြီး စစ်ရေးပိုရှုပ်အောင် မွှေမယ်။ 

ရောင်စုံခရို ဗိုလ်ဟောင်းဗိုလ်သစ် ဘယ်မှ လစ်မရ၊ လစ်မရ ဆိုတာ မိသားစုဝင်တွေပါအကျယ် ချုပ်။ ခု တရက် တကောင်ထုတ် သတ် ပွဲတော်တည်နေ။ အောက်ခြေတွေလည်း ကိုယ့်အဆင့်နဲ့ကိုယ် ဆွဲစားခွင့်ပေးထားပြီးသား။ အဲဒါကြောင့် သူ့အစွယ် သိတဲ့ကောင်တွေဟာ သိမ်းနိုင်ထိန်းနိုင်မယ့်ကောင်ရှာ၊ ကစ်ဖို့ ပစ်ဖို့ လုပ်လာကြတာပေါ့။ 

ဘာရမလဲ သာဝဘဲလေ။ တပ်တွင်း ပုန်ကုန်မှုမဖြစ်မချင်း ဘာထည့်တွက်မလဲ။ ပုန်ကန်မှု မဖြစ်နိုင်အောင်လည်း ဘယ်ကောင်မှ ကိုယ့်ရာထူးမှာ ဖင်နွေးအောင် မထိုင်ရ၊ ခဏခဏပြောင်း၊ တပည့်ကောင်းလေး မွေးချိန်မရအောင် ပလေးတာ၊ ဆန်ကောထဲက ဇီးဖြူသီးကမှ သက်သာအုံးမယ်။ ခုဟာ အုံးမွေးလုံးထဲ ထည့်မွှေခံရတဲ့ ကျောက်ခဲတွေအဖြစ်မျိုးလေ။ ဆိုတော့ စစ်ဗိုလ်တွေလည်း တယောက်ပြောင်း တယောက်ကြည့်၊ မိမိကလွဲ ဘယ်သူတပါးမှယုံမရအောင် အစီစဉ်တကျ ဖော်ဆောင်နေတာ။ သေနတ်တွေ ဝန်းရံထားတဲ့ မိသားစုပိုင် ပြည်သူမရှိ တပ်သားသက်သက် နိုင်ငံအတိဖြစ်အောင် ဖန်တီးနေတော့တာလေ။

ခရိုရောင်စုံဟာ နုကြည်နဲ့မှ ရဲရဲမပေါင်းရင် ကိုယ့်မိသားစုအလောင်းတောင် ကိုယ်မြင်ရဖို့ မဖြစ်နိုင်ဘူးဆိုတာ သိလာကြပြီဆိုတော့…..ဟုတ်ကဲ့..ငွေရောင်ပိတ်ကားပေါ်မှာသာ ဆက်လက်ကြည့်ကြပါစို့ခင်ဗျား။

ရတနာပုံမှတ်ကြီး

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar