Breaking News

ကိုသန်းလွင် - အသက်ကြီးရင့်လာသောအခါ

ကိုသန်းလွင် - အသက်ကြီးရင့်လာသောအခါ

(မိုးမခ) ဧပြီ ၁၅ ၊ ၂၀၂၄

( ၁ )

ကျန်းမာရေးစာစောင်တခုက  ခန့်မှန်းသည်မှာ အမေရိကန်လူထုသည် တစ်နှစ် တစ်နှစ်လျှင် မအိုသောဆေးများအပေါ်တွင် ၆.၂ ဘီလီယံမျှ သုံးစွဲသည်ဟု ဆိုသည်။ သို့သော် ခရင်များ၊ ဆံပင်ဆိုး ဆေးများနှင့် ပါးရေးနားရေတွန့်ခြင်းကို ကာကွယ်ရန် ထိုးသော Botox ဆေးများသည် ကုန်လွန်သွားသောအချိန်များကို ပြန်လည်ရရှိအောင် လုပ်မပေးနိုင်ပါ။

( ၂ )

သိပ္ပံပညာရှင်များသည် လူတို့၏ ဘိုင်အိုလိုဂျီသဘောအရ မည်သို့အိုရသည်၊  သဘာဝကြီးက မည် သို့ ဆောင်ကြဉ်းနေသည်ကို တနေ့တွင် သိနိုင်ရန် ကြိုးစားလျက်ရှိကြပါသည်။ ထိုသို့ ဖြစ်ပျက်ခြင်းကို ရပ်ဆိုင်းသွားအောင် သို့မဟုတ် နှေးကွေးသွားအောင် တတ်နိုင်မလားဟု ကြိုးစားနေရခြင်း ဖြစ်ပါသည်။ ပို၍အရေးကြီးသည်မှာ အသက်အရွယ်ကြောင့်ဖြစ်သော ရောဂါများကို မဖြစ်အောင် ကာကွယ်ရန် ဖြစ်ပါသည်။ ထိုအကြောင်းအရာများကို Hall Mark Of Ageing ဟု ခေါ်ပါသည်။ ၎င်းတွင် အဓိကအချက်ကြီးနှစ်ချက် ပါဝင်သည်။ ပထမအချက်မှာ ဆဲလ်များ၏ Wear and Tear တဖြည်းဖြည်း ပွတ်တိုက်၍ ပျက်စီးခြင်းနှင့် ဒုတိယအချက်မှာ ကိုယ်ခန္ဓာအနေဖြင့် အသုံးမကျတော့သည့် ဆဲလ်အအိုအဟောင်းများကို စွန့်ထုတ်ပစ်ရန်တို့ ဖြစ်ပါသည်။

လူတို့၏ ဒီအင်အေ (DNA) သည် မွေးဖွားလာစဉ်ကစ၍ အစဉ်ပြောင်းအလဲများကို လက်ခံခဲ့ရသည်။ ထိုသို့ ပြောင်းလဲရာတွင် အသုံးမလိုသော ဆဲလ်များ များစွာဖြစ်ထွန်းခဲ့ပါသည်။ ဆဲလ်များ သည် မိမိဘာသာ ခွဲစိတ်၍ အရေအတွက် များပြားအောင် ပြုလုပ်ရာတွင် ဤသို့ပင် အသုံးမဝင်တော့သောအပိုင်းများ ကျန်ရှိနေတတ်ကြသည်။ ပတ်ဝန်းကျင်၏လွှမ်းမိုးမှုကြောင့် ဆဲလ်များ သည် တစ်ခုမှ တစ်ခုသို့ (mutation) နည်းဖြင့် ပြောင်းလဲရသည်များလည်း ရှိပါသည်။

ထိုသို့ ဆဲလ်များ ပြောင်းလဲရာတွင် ဖြစ်ပေါ်လာသော အမှားများကို မိမိဘာသာ ပြုပြင်နိုင်စွမ်း ရှိခဲ့ပါသည်။ သို့သော် ဤဖြစ်စဉ်သည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ အားနည်းလာပါ သည်။ ဤသို့ မိမိဆဲလ်များပြောင်းလဲရာတွင် အမှန်ကိုဖြစ်အောင် လုပ်နိုင်စွမ်းအားနည်းလာရခြင်း ၏အကြောင်းရင်းကို ဘယ်သူမျှ မသိနိုင်ပါ။ နောက်ဆုံးတွင် ဆဲလ်များမှာ အလုပ်မလုပ်တော့ဘဲ အဟောင်းအမြင်းများဖြင့် ပြည့်လာရပါတော့ သည်။ အဆိုးဆုံးအခြေအနေတွင် ကျူမာများကို သတ်သော ဂျင်းတွင် မြူတေးရှင်း ဖြစ်လာနိုင်ပါသည်။ ၎င်းသည် ကင်ဆာကဲ့သို့သော ရောဂါများ ဖြစ်ပွားစေရန် လမ်းခင်းလိုက်ခြင်း ဖြစ်ပါသည်။

ဆဲလ်များသည် မိမိကိုယ်ကို ခွဲ၍ တိုးပွားအောင် ပြုလုပ်သောအခါ ဒီအင်အေတွင် ပါဝင်သော ခရိုမိုဇုံး ၏ အဖျားမှာ တို၍ တို၍ သွားတတ်ပါသည်။ ထိုတိုတောင်းသွားသော အရာများကို တီလိုမရီး (Telomere) ဟု ခေါ်ပြီး၎င်းတို့၏ အလုပ်မှာ ဖိနပ်ကြိုး၏ထိပ်တွင် ကြိုးကို ဖွာထွက်မသွားအောင် ချုပ်စည်းထားသော ပလတ်စတစ်များသဖွယ် ပြုမူပါသည်။

တီလိုမရီးသည် တိုတောင်းလွန်းသွားသောအခါ ဆဲလ်များထပ်၍တိုးပွားရန် မဖြစ်နိုင်တော့ပါ။ ထိုဖြစ်ရပ်မှာ လူများအသက်ငယ်ရွယ်နေစဉ်မှာတော့ အဆင်ပြေနေသောဖြစ်ရပ်တခုပင် ဖြစ်ပါသည်။ ၎င်းသည် ဆဲလ်များကို အမြဲတစေတိုးပွားနေခြင်း မဖြစ်အောင်လည်း ကာကွယ်ပေးသည်။ တိုးပွားလွန်းသောအခါ ဆဲလ်မှာ ကင်ဆာဖြစ်နိုင်သော အခြေအနေကို ရောက်ရှိသွားပါသည်။ အသက်ကြီးလာသောအခါ တီလိုမရီး တိုတောင်းခြင်းက ပြဿနာဖြစ်လာပြီး အထူးသဖြင့် စတင်ဆဲလ် (Stem Cell) များကို ဒုက္ခပေးကာ အရေပြား၊ ဆံပင်၊ သွေးနှင့် အခြားအင်္ဂါအစိတ်အပိုင်းများကို မဖန်တီးနိုင်တော့ပါ။

စတင် ဆဲလ်များတွင် ဤဖြစ်ရပ်ကို ကာကွယ်နိုင်သော သတ္တိရှိပါသည်။ သို့သော် အသက်အရွယ်ရလာသောအခါ ထိုသို့ စွမ်းဆောင်နိုင်သောသတ္တိများသည် ကျဆင်းလာသည်။ ဤနည်းဖြင့် စတင်ဆဲလ်များ၏အရေအတွက်မှာလည်း ကျဆင်းလာတော့သည်။ စတင် ဆဲလ်များသတ္တိကျဆင်းသော ကြောင့် ဆံပင်များမှာ နက်ရာမှဖြူလာကြသည်။ ဆံပင်အရေအတွက်လည်း နည်းပြီးပါးလာသည်။ ယခုပေါ်နေသောဆေးများမှာ စတင်ဆဲလ်များကိုအစားထိုးနိုင်သည်ဟုဆိုသော်လည်း ၎င်းတို့ အလုပ်လုပ်ကြောင်း သက်သေမရှိပါ။

ဤသို့ပြောင်းလဲသွားသော စနစ်ကို Epigenetic ဟု ခေါ်ပါသည်။ ဆဲလ်များတွင် ပါဝင်သော ဂျင်းကို ပိတ်နိုင်ဖွင့်နိုင်သည့် အရည်အချင်း ဖြစ်ပါသည်။ အသက်အရွယ်ကြီးလာသောအခါ ထိုအရည် အချင်းသည် ကျဆင်းလာပါသည်။ ထိုအရည်အချင်းကို တိုင်းတာခြင်းသည် လူတစ်ဦး၏ ဘိုင်အိုလိုဂျီ အသက်ကို တိုင်းတာခြင်းလည်း မည်ပါသည်။ ဤသို့ ဆဲလ်များ ပြောင်းလဲမှုကြောင့် နှလုံးခုန်အားလျော့နည်းလာပြီး သွေးလွှတ်ကြောနံရံများထူလာခြင်း၊ နှလုံးက လေ့ကျင့်ခန်းလုပ်ခြင်းအပေါ် တုံ့ပြန်နိုင်အားတို့အပေါ်တွင် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်ကြပါသည်။

ဆဲလ်တို့၏နောက်ထပ် အရေးကြီးသောအရည်အချင်းတခုမှာ စွမ်းအင်ထုတ်ပေးနိုင်ခြင်း ဖြစ်ပါ သည်။ ဆဲလ်၏စွမ်းရည်ကိုထုတ်ပေးသောအရာများမှာ mitochondra ဟုခေါ်ပြီး အသက်ကြီးလာသည်နှင့် စွမ်းအင်ကို ငယ်ငယ်ကလို ထုတ်မပေးနိုင်တော့ပါ။ ဆဲလ်များမှာ စွမ်းအင်လျော့နည်းလာသောအခါ ကိုယ်ခန္ဓာ၏ အခြားကလီစာများ၏ အလုပ်လုပ်နိုင်စွမ်းအားသည်လည်း ကျဆင်းလာပါသည်။ ယခင်လို မှန်ကန်စွာ အလုပ်မလုပ်နိုင်တော့ပါ။ ၎င်းကတဖန် epigenetic ကိုလည်း ထိခိုက်စေပြန်ပါသည်။ ပျက်စီးနေကာ Mitochondra များသည် ဆဲလ်အတွင်းမှ အပြင်သို့ ထွက်လာပြီး ရောင်ရမ်းခြင်း Inflammation ကို ဖြစ်စေပါသည်။ ကျန်းမာရေးလေ့ကျင့်ခန်းများ မှန်မှန်လုပ်နေသူ တဦးသည် ၎င်း၏အခြေအနေကို ထိန်းသိမ်းနေခြင်းဖြစ်ပြီး ကျန်းမာရေးကိုထိန်းသိမ်းနေခြင်း ဖြစ် သည်။

ထို့ကြောင့် အသုံးမဝင်တော့သော ဆဲလ်များကို ပြင်ပသို့ စွန့်ထုတ်နိုင်ရေးသည် အရေးကြီးသော ပြဿနာ ဖြစ်သည်။ ထိုသို့သော အခြေအနေကို Senescence ဟု ခေါ်သည်။ ထိုဆဲလ်များသည် ထပ်၍လည်း မတိုးပွားလာနိုင်တော့ပါ။ သူတို့သည် ကိုယ်တွင်းအင်္ဂါရပ်များကို ရန်ပြုလာနိုင်သဖြင့် လူ၏ ကိုယ်ခံအားစနစ်ကို သွား၍ထိခိုက်တော့သည်။ ကိုယ်ခံအားစနစ်ကလည်း ၎င်းတို့ကို စွန့်ပစ်ရန် ကြိုးစားပါလိမ့်မည်။

ယေဘုယျအားဖြင့်ဆိုလျှင် ကိုယ်ခံအားစနစ်က စွန့်ပစ်ခြင်းမှာ လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်ပါ သည်။ ဆဲလ်စနစ်ကြီးတခုလုံးအတွက် Turnover တခုသဖွယ် လုပ်နေကျ ဖြစ်ပါသည်။ သို့သော် အသက်အရွယ် ကြီးလာချိန်တွင် ဤဖြစ်ရပ်မှ ဖြစ်ရပ်နှစ်မျိုး ဖြစ်ပေါ်စေပါသည်။ ပထမတမျိုးမှာ စွန့်ပစ်ရမည့် ဆဲလ်အရေအတွက်သည် လွန်စွာများပြားလာသော အခြေအနေ ဖြစ်ပါသည်။ ဒုတိယတမျိုးမှာ စွန့်ပစ်သောစနစ်သည် အလုပ် မလုပ်တော့ဘဲ ပျက်စီးသွားခြင်း (Breakdown) ဖြစ်ပါသည်။ စွန့်ပစ်ရမည့် ဆဲလ်များသည် အပြင်သို့ မထွက်နိုင်သည့်အခါ မိမိကိုယ်ကို ပြန်လည်ဒုက္ခပေးပါတော့သည်။

လူတို့၏ ခုခံအားစနစ်က ငယ်ရွယ်သူတစ်ယောက်အဖို့ စွန့်ပစ်ရမည့် ဆဲလ်များကို အပြင်ရောက်အောင် ထုတ်ပစ်နိုင်ပါသည်။ အသက်အရွယ်ရလာချိန်တွင် ဖော်ပြခဲ့သော ပြဿနာများကြောင့် စွန့်ပစ်သည့် အလုပ်ကို လွယ်လွယ်ကူကူ မလုပ်နိုင်တော့ပါ။ စွန့်ပစ်ရမည့် ဆဲလ်များ အဆမတန် များပြားလာသောအခါ ခုခံအားစနစ်သည် သူ့အလုပ်ကို သူ မလုပ်နိုင်တော့ပါ။

သိပ္ပံပညာရှင်များက ဤပြဿနာကို ဖြေရှင်းရန် Senloytic ခေါ် ဆေးကို တီထွင်ထားကြပါသည်။ သို့သော် သုတေသနလုပ်ငန်းများမှာ စဦးအခြေအနေ၌သာ ရှိပါသေးသည်။

ဆဲလ်အများစုမှာ သူတို့ ပြုလုပ်ထားသည့် ပရိုတိန်းပေါ်တွင် အခြေပြု၍ အလုပ်လုပ်ကြပါသည်။ ဒီအင်အေသည် အိမ်တလုံး၏ ဘလူးပရင့် ဆိုပါက ဆဲလ်များသည် ဆောက်လုပ်ရေး အလုပ်သမားများ ဖြစ်ကြပါသည်။ ပရိုတိန်းများသည်  သစ်သား၊ သံချောင်းများနှင့် ပုံသဏ္ဌာန်တူပါသည်။ ပရိုတိန်းများမှာ အလုပ်တာဝန် များပြားလာသည်နှင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာတတ်ပါသည်။ ဤအဖြစ်ကို (misfolded Proteins) ဟု ခေါ်သည်။ ၎င်းတို့ကို ငယ်ရွယ်စဉ်က လွယ်လွယ်ကူကူ လုပ်နိုင်ခဲ့ကြသော်လည်း အသက်အရွယ် ကြီးရင့်လာသည့်အခါ ပျက်စီးနေသည့် ပရိုတိန်းများကို ဖယ်ရှားရန် မလွယ်ကူတော့ပါ။ ဥပမာ- အယ်ဇိုင်းမားရောဂါရှင်တစ်ယောက်၏ဦးနှောက်ထဲတွင် ထိုပျက်စီးနေသော ပရိုတိန်း (amyloid) များ ရှိနေပြီး ၎င်းတို့ကို ဖယ်ရှားရန် မဖြစ်နိုင်သောကြောင့် ရောဂါကို ကုစားရန် မဖြစ်နိုင်ပါ။ ထိုပရိုတိန်းများကို သဘာ၀ ဖယ်ရှားနည်းတစ်ခု ရှိသည်မှာ Autophagy နည်းဟုခေါ်ပြီး ၎င်းမှာ ဂရိဘာသာစကားအားဖြင့် “မိမိဘာသာ စားခြင်း” ဟုအဓိပ္ပာယ်ရပါသည်။ အသက်အရွယ်ကြောင့် ကိုယ်ခန္ဓာက ဤနည်းဖြင့် ထိုပရိုတိန်းများကို ဖယ်ရှားရန်မဖြစ်နိုင်သော အခါ လူတို့တွင် ကုမရနိုင်သော ရောဂါများ ဖြစ်ရပါသည်။

ဤနည်းမှာလည်း အသက်အရွယ်နှင့်အမျှ ကုစားနိုင်စွမ်းအား ကျဆင်းနေပါသည်။ ၎င်းကို ကုစားရန် (Rapmycin) ခေါ် ဆေးရှိသော်လည်း ထိုဆေးမှာ ကိုယ်ခံအားကို တိုက်ခိုက်သောသဘော ရှိပါသည်။ ထိုဆေး၏ အခြေခံမှာ ကိုယ်ခန္ဓာအစိတ်အပိုင်းကို အစားထိုးရာတွင် ကိုယ်ခုခံအားကို ငြှိမ်းသတ်ပေးသော ဆေး ဖြစ်ပါသည်။ ထို့ကြောင့် ရိုးရိုးကျန်းမာနေသော လူနာတို့အဖို့ ဤဆေးနှင့် မသင့်လျော်ပါ။

( ၃ )

အသက်အရွယ် နုပျိုနေအောင် ဆေးအကူအညီယူရန် ဆေးတို့သည် အဆင်သင့် မဖြစ်သေးပါ။ လူတို့ တတ်နိုင်သည်မှာ အချိန်မှန်မှန် လေ့ကျင့်ခန်းယူခြင်းနှင့် အစားအသောက်ကို ဂရုစိုက်ခြင်းတို့သာ ဖြစ်ပါသည်။

ကိုသန်းလွင်

Ref: The toll taken by years By Dana Smith NY Times March 29, 2024

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar