Breaking News

ပြည်တွင်းစစ်ကာလအတွင်းက သင်္ကြန်၊ ပြင်ဦးလွင် မြို့ကို အဝေးမှ ပစ်ခတ်တိုက်ခိုက်

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၁၄ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၅၊ ၂၀၂၄

ပြည်တွင်းစစ်ကာလအတွင်းက သင်္ကြန်၊ ပြင်ဦးလွင် မြို့ကို အဝေးမှ ပစ်ခတ်တိုက်ခိုက်

စစ်အာဏာသိမ်းပြီးနောက် ၄ ကြိမ်မြောက်အဖြစ် ကျရောက်တဲ့ သင်္ကြန်ကာလမှာ စစ်မီးမရောက်သေးတဲ့ မြို့တွေ ရွာတွေမှာ ယဥ်ကျေးမှုသင်္ကြန်ပွဲကို ဆင်နွှဲတာတွေ ရှိနေပေမယ့် စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေက လူထုအဖို့တော့ စစ်ဘေးရှောင် စခန်းလို့ခေါ်ကြတဲ့ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ တောတွေ တောင်တွေထဲမှာ တိမ်းရှောင်နေရင်း သင်္ကြန်အချိန်အခါကို ဖြတ် သန်းနေကြရတာ ဖြစ်ပါတယ်။ ဗမာလူမျိုးတွေနဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ တိုင်းရင်းသား လူမျိုးစုတွေက သင်္ကြန်ပွဲကို ဆင်နွှဲလေ့ရှိပြီး ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ တိုင်းရင်းသား လူမျိုးစုတွေကတော့ သင်္ကြန်ပွဲကို ကျင်းပတာ ပါဝင်တာ နည်းပါးတာတွေ့ရပါတယ်။ 

ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ ကာလမဟုတ်တဲ့အခြေအနေမျိုးဆိုရင် မြန်မာနိုင်ငံက လူထုတွေအနေနဲ့ တနှစ်ပတ်လုံးမှာ ပိတ်ရက်အရှည်ကြာဆုံးလည်းဖြစ်တဲ့ သင်္ကြန်ကာလမှာ မိမိတို့ ရဲ့ ဇာတိမြို့ကို ပြန်ကြတာ၊ မိသားစုဝင်တွေ ပြန်ဆုံကြတာ၊ အားလပ်ရက်အဖြစ် ခရီးထွက်ကြတာတွေ ရှိကြပေမယ့် အခုလို နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ စစ်ပွဲတွေ ဖြစ်ပွားနေချိန် တနေရာနဲ့တနေရာ သွားလာရာမှာလည်း စစ်ဆေးမှု များပြားပြီး ရခိုင်ပြည်နယ်လို ဒေသတခုလုံးကို ကုန်းလမ်း၊ ရေလမ်း ကနေ ဝင်ထွက်တာတွေကို ပိတ်ပင်ထားချိန် ဖြစ်လို့ သင်္ကြန်ပိတ်ရက်ကာလမှာ မိမိတို့ ဇာတိနေရပ်ဆီ မပြန်နိုင်တဲ့ သူတွေလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်၊ မန္တလေးတိုင်းက အချို့ဒေသတွေနဲ့ စစ်ကိုင်းတိုင်းက နေရာအများအပြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး သင်္ကြန်ကာလမှာလည်း ယာယီရပ်နားတာ အပစ်ရပ်တာတွေမရှိဘဲ တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ အရပ်သားဖမ်းဆီး သတ် ဖြတ်ခံရတာတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေထဲက အရာတော်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းထိုးတာ ကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သတင်းတွေထဲ ဖေါ်ပြထားကြတာတွေ့ရပါတယ်။ အလားတူ ချောင်းဦးမြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်စစ်ကြောင်းဖြတ် သန်းစဥ်တိုက်ခိုက်ခံရတာကြောင့် ကျေးရွာတွေကို မီးရှို့နေတဲ့ သတင်းတွေလည်း ဖတ်ရှုရပါတယ်။ ကရင်နီပြည်ရဲ့ ဒေသအချို့မှာလည်း ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ တပ်ရင်းအချို့၊ မြို့အချို့ကို သိမ်းယူဖို့ တိုက်ခိုက်နေကြတဲ့ သတင်းတွေနဲ့ ကရင်နီပြည်ဘက်ကနေ ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်း၊ ဆီဆိုင်ဘက်စစ်ဘေးရှောင်သူတွေ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဖြစ်ပွားလာတဲ့ တိုက် ပွဲတွေကြောင့် ကရင်နီပြည်ဘက် ပြန်လည်တိမ်းရှောင်လာတဲ့ သတင်းတွေလည်း တွေ့နေရတာဖြစ်ပါတယ်။ 

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိတဲ့ မြို့ကြီးတွေမှာတော့ စစ်ကောင်စီဘက်က ကမကထ လုပ်တဲ့ သင်္ကြန်ပွဲတော် ကျင်းပနေပြီး နိုင်ငံရေးအရ သပိတ်မှောက်တာနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားမှာကို စိုးရိမ်တာကြောင့် ပုံမှန်ကာလ သင်္ကြန်တွေလို စည်ကားခြင်း မရှိတာတွေ့ရပါတယ်။ သတင်းအချို့မှာ ဖော်ပြတဲ့ သတင်းဓာတ်ပုံတွေလို ခြောက်ကပ်နေတဲ့ လမ်းတွေ ရှိသလိုပဲ လူစည်ကားတဲ့ နေရာတွေ၊ မဏ္ဍပ်တွေလည်း ရှိနေတာဖြစ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး ပုံမှန်အခြေအနေရှိစဥ် ကာလလို လူတိုင်း ဝင်ရောက်ဆင်နွှဲကြတဲ့ သင်္ကြန်ကာလနဲ့ နှိုင်းယှဥ်ရင်တော့ သိသိသာသာ ကျဆင်းသွားတာဖြစ်ပါတယ်။ 

 ဧပြီ ၁၄ ရက်နေ နေ့ခင်းမှာ မန္တလေးမြို့  မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်အနီး ဆိုင်ကယ်တွေထားရှိတဲ့ နေရာမှာ ဗုံးပေါက်ကွဲခဲ့ပြီး အရပ်သား ၁၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ သတင်းတွေ ဖော်ပြထားကြပါတယ်။ မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်ကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်နိုင်ပြီး ၂ ဆင့် ဖောက်ခွဲတာဖြစ်ပေမယ့် နှစ်ကြိမ်လုံးမှာ အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒီဗုံးခွဲမှုရဲ့ လက်သည်အနေနဲ့ ဘယ်အဖွဲ့အစည်းက မှ ၄င်းတို့လုပ်ဆောင်တာ ဖြစ်တယ်လို့ ထုတ်ဖေါ်ပြောဆိုတာ မတွေ့ရသေးပါဘူး။ အခုလို ကာလတွေမှာ ပေါက်ကွဲမှုတွေ၊ လူစည်ကားတဲ့နေရာတွေမှာ အချိန်ကိုက်ဗုံး သို့မဟုတ် အဝေးထိန်း ဗုံးဖောက်ခွဲမှုတွေက လက်သည်ပေါ်လေ့မရှိပဲ ဒီဖြစ်ရပ်တွေအပေါ်  နိုင်ငံရေးအရ အမြတ်ထုတ် ဝါဒဖြန့်တာတွေသာ ပေါ်ထွက်လာကြတာလည်း ဖြစ်ပါတယ်။ 

ဒီဖောက်ခွဲမှုကြောင့် သင်္ကြန်ပွဲတော်မှာ ဆင်နွှဲကြဖို့ ရည်ရွယ်ထားသူ အချို့ကို တွန့်ဆုတ်သွားစေနိုင်ပေမယ့်လည်း သိသိသာသာ ထပ်ပြီး လျော့နည်းသွားမယ့် လက္ခဏာတော့ မတွေ့ရပါဘူး။ 

ဧပြီလ ၁၄ ရက်နေ့မှာ နောက်ထပ် အများစိတ်ဝင်စားကြတဲ့ သတင်းတပုဒ်ကတော့ ပြင်ဦးလွင် မြို့ တွင်းကို ရှော့တိုက်ဒုံးလို့ယူဆရတဲ့လက်နက်တွေနဲ့ သင်္ကြန်အကျနေ့ ညပိုင်းမှာပစ်ခတ်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ ခုရက်ပိုင်းအတွင်းမှာ ပြင်ဦးလွင်မြို့ကို စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင် ရောက်ရှိနေတယ်ဆိုတဲ့သတင်းတွေကြောင့်လည်း အဲဒီလိုအချိန်ကာလကို ရွေးချယ်ကာ တိုက်ခိုက်တဲ့သဘောလို့ယူဆရပါတယ်။ ရှော့တိုက်ဒုံးသို့မဟုတ် လက်နက်ကြီးလို ကျည်ကျရောက်ပေါက်ကွဲသံကြိမ်ရေ ၃၀ ထက်မနည်း ကြားကြရတဲ့အကြောင်းနဲ့ စစ်တက္ကသိုလ်ဘက်ကို ရည်ရွယ်ပစ်ခတ်တယ်လို့သတင်းတွေမှာ ရေးသားဖေါ်ပြကြပေမယ့် ဘုန်းတော်ကြီးကျောင်း တကျောင်းထိမှန်ပြီး အနည်းဆုံးဘုန်းကြီးတပါးပျံလွန်တော်မူပြီး၊ အရပ်ဘက်ဆေးရုံတရုံလည်းထိမှန်ပြီး ဆေးရုံက ဝန် ထမ်း သို့မဟုတ် လူနာတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတဲ့သတင်းတွေလည်း ပေါ်ထွက်လာတာ တွေ့ရပါတယ်။ 

စစ်ကောင်စီခေါင်းဆောင်တည်းခိုလိမ့်မယ်လို့ ယူဆရတဲ့ နေရာ၊ စစ်တက္ကသိုလ်တို့ကို ပစ်မှတ်ထား ပစ်ခတ်တာ ဖြစ်ကောင်းဖြစ်နိုင်ပြီး မရည်ရွယ်တဲ့ဘုန်းတော်ကြီးကျောင်းလို အရပ်ဘက်ဆေးရုံတွေကိုထိမှန်ခဲ့တဲ့အနေအထားမျိုးလည်း ဖြစ်ပါလိမ့်မယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်လက်နက် ကိုင်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

နေပြည်တော်က စစ်ကောင်စီ ရဲ့ စစ်ရုံးချုပ်လို၊ အေလာလေယာဥ်ကွင်းလိုနေရာတွေကိုဒရုန်းတွေနဲ့ ဗုံးချတိုက်ခိုက်မှုဖြစ်ပွားအပြီး ၁၀ ရက်ဝန်းကျင်အကြာမှာ ပြင်ဦးလွင်မြို့ကို အခုလို လက်နက်ကြီး သို့မဟုတ် ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

အခုနှစ် သင်္ကြန်ပွဲ ဖွင့်ပွဲတွေမှာ အရင်နှစ်တွေတုန်းကလို စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်တာ မတွေ့ရတဲ့ အချက်အပေါ် စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တွေ အနေနဲ့ ဒရုန်းတိုက်ခိုက်မှု၊ အခုလိုရှော့တိုက်ဒုံးလိုအဝေးကနေတိုက်ခိုက်မှုတွေကိုစိုးရိမ်မှုတွေရှိနေတဲ့ အနေ အထားကြောင့် လူအများနဲ့ အခမ်းအနားတွေကို မတက်ရောက်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar