Breaking News

မြန်မာသာမက ထိုင်းပါ စောင့်ကြည့်နေကြရတဲ့ မြဝတီမြို့ အခြေအနေ၊ မော်လမြိုင်မြို့ စစ်ဌာနချုပ် ဒရုန်းတိုက်ခိုက်ခံရ

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၉ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၀၊ ၂၀၂၄

မြန်မာသာမက ထိုင်းပါ စောင့်ကြည့်နေကြရတဲ့ မြဝတီမြို့ အခြေအနေ၊ မော်လမြိုင်မြို့ စစ်ဌာနချုပ် ဒရုန်းတိုက်ခိုက်ခံရ

တနေ့ပြီးတနေ့ ပြောင်းလဲနေတဲ့ မြဝတီမြို့ရဲ့ အခြေအနေ ကို မြန်မာနိုင်ငံသားတွေသာမက ထိုင်းနိုင်ငံကပါ သတိကြီးစွာ၊ ပြင်ဆင်မှုများနဲ့ စောင့်ကြည်နေတဲ့ အနေအထားရောက်ရှိနေတာ ဖြစ်ပါတယ်။ မြဝတီမြို့ အခြေအနေဟာ မြဝတီမြို့စောင့် တပ်ရင်းလို့ အချို့က ခေါ်ဆိုကြတဲ့ ခလရ ၂၇၅ တပ်ရင်း လက်နက်ချခြင်း၊ မချခြင်းအပေါ်မှာ မူတည်နေသလို ရှိနေပြီး ဧပြီလ ၉ ရက်နေ့ ကုန်ဆုံးချိန်မှာတော့ KNU/KNLA  က တပ်ရင်းကို တိုက်ခိုက်နေပြီလို့ သတင်းတွေမှာ ဖော်ပြထားကြပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေတယ်လို့ ဖော်ပြထားကြပါတယ်။ 

သင်္ဃန်းညီနောင်တဝိုက်က တပ်ရင်းတွေ ဗျူဟာစခန်းတွေ အားလုံးကို KNLA  က သိမ်းယူပြီး ရက်အနည်းငယ်အကြာမှာ မြဝတီမြို့ကို စစ်ကောင်စီဘက်က ဆုတ်ခွာဖို့ သို့မဟုတ် KNLA က တိုက်ခိုက်ပြီး ဆက်လက် သိမ်းယူဖို့ နည်းလမ်း ၂ သွယ် ရွေးချယ်စရာရှိလာတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ အရပ်ဘက် အုပ်ချုပ်ရေး အရာရှိတွေထဲက အချို့ကို မဲဆောက်မြို့ကတဆင့် လေကြောင်းကနေ ကယ်ထုတ်သွားပြီးဖြစ်လို့ ကျန်ရှိတဲ့ သူတွေအနေနဲ့ ဘယ်လို ဆုတ်ခွာရေး အစီအစဥ်တွေ ချထားသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ချစ်ကြည်ရေး တံတား အမှတ် ၁ တဝိုက်ကို KNLA  က ဧပြီ ၉ ရက်နေ့မှာ နေရာယူထားကြတယ်လို့ သတင်းတွေ ပေါ်ထွက်လာပြီး ခရီးသွားတွေနဲ့ အလုပ်လုပ်ကိုင်သူတွေ ဖြတ်သန်းကြတဲ့ ချစ်ကြည်ရေး တံတားအမှတ် ၁ ကိုတော့ ထိုင်းနိုင်ငံဘက်ကရော မြန်မာဘက်ကပါ ဖွင့်လှစ်ထားဆဲ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ ချစ်ကြည်ရေးတံတားမှာ စစ်ကောင်စီဘက်က လက်နက်ကိုင် လုံခြုံရေး အစောင့်တွေ မရှိတော့ဘဲ လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းတွေသာ ရှိတော့တယ်လို့လည်း သတင်းတွေက ဖော်ပြကြပါတယ်။ 

ထိုင်းနိုင်ငံအနေနဲ့တော့ အချို့နေရာမှာ ပေ ၅၀ကနေ ပေ ၁၀၀ လောက်သာ အကျယ်တဲ့ သောင်ရင်းမြစ်ခြားတဲ့ မြဝတီနဲ့ မဲဆောက်မြို့ ၂ မြို့အကြား စစ်ဘေးတိမ်းရှောင်လာမယ့် မြန်မာနိုင်ငံသား ၁ သိန်းလောက်ထိ လက်ခံဖို့ ပြင်ဆင်ထားကြောင်း ထိုင်းအစိုးရအဖွဲ့ဘက်က ပြောဆိုထားကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာတင် မြဝတီမြို့ခံတွေ နယ်စပ်ကို ကျော်ဖြတ်ပြီး ထိုင်းနိုင်ငံဘက်ထဲ ဝင်ရောက်နေကြပြီဖြစ်သလို မြဝတီမြို့မှာပဲ ဆက်လက်နေထိုင်ပြီး အခြေအနေကို စောင့်ကြည့်မယ့်သူတွေလည်း အများအပြားရှိတယ်လို့ ဆိုကြပါတယ်။ 

ရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့ သာဓကတွေအရ စစ်ဘေးကြောင့် စွန့်ခွာသွားတဲ့ နေအိမ်တွေ၊ စျေးဆိုင်၊ ဂိုဒေါင်တွေ ကို ဖောက်ထွင်း ယူဆောင်ကြမယ့် အလားအလာလည်း ရှိနေပြီး BGF ကနေအမည်ပြောင်းထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့က အဲဒီလို လုယက်၊ ဖောက်ထွင်း ခိုးယူသူတွေ မြဝတီမြို့ပေါ်ကနေ အမြန်ဆုံး ထွက်ခွာဖို့ သတိပေးတဲ့ ကြေညာချက်တွေ လိုက်လံကြေညာနေတယ်လို့လည်း ဆိုပါတယ်။  ဒီဖြစ်ရပ်ကို ကြည့်ရင် မြဝတီမြို့ကို ထိန်းသိမ်းထားမယ့် လက်နက်ကိုင်အဖွဲ့တွေအနက် စောချစ်သူ ဦးဆောင်တဲ့ အဖွဲ့လည်း ပါဝင်နေတဲ့ သဘောလို့ ကောက်ချက်ချရမယ့် အနေအထားလည်း ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံကတော့ မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံရာမှာ စစ်တပ်အချင်းချင်း ဆက်ဆံရေးနဲ့ အစိုးရအဖွဲ့အချင်းချင်းဆက်ဆံရေးက မတူကွဲပြားတဲ့ သဘောမျိုး တွေ့နေရပြီး အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်ဖြစ်သူ ထဝီဆင် ပြောဆိုတဲ့ မြန်မာစစ်ကောင်စီရဲ့တပ်တွေ အင်အားချည့်နဲ့နေပြီဆိုတဲ့ စကား၊ တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းရမယ် ဆိုတဲ့စကားတွေက စစ်ကောင်စီအနေနဲ့ နှစ်သက်ခြင်းမရှိတဲ့ မှတ်ချက်တွေ ဖြစ်နေမှာ သေချာပြီး လေယာဥ်ခရီးစဥ် ၃ ကြိမ်ခွင့်တောင်းထားရာကနေ တကြိမ်သာ သွားရောက်သယ်ဆောင်ပြီး နောက်ရက် ခရီးစဥ်တွေကို ဖျက်သိမ်းလိုက်ခြင်းဟာ ထိုင်းအစိုးရနဲ့ စစ်ကောင်စီအကြား ဆက်ဆံရေး အနေအထား ပြောင်းလဲသွားတဲ့ သဘောလို့ ယူဆမှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။ 

တရုတ်နယ်စပ်မှာ တိုက်ပွဲတွေ ဖြစ်ပွားစဥ်ကလို နယ်စပ်ကို ပိတ်ထားတာမျိုး မဟုတ်ပဲ ထိုင်းနိုင်ငံ အနေနဲ့ နယ်စပ်ဂိတ်ကို ဖွင့်လှစ်ထားကာ ထွက်ပြေးတိမ်းရှောင်လာမယ့် သူ အရေအတွက် ၁ သိန်းထိ လက်ခံနိုင်ဖို့ နေရာထိုင်ခင်းတွေ ပြင်ဆင်ထားရှိတဲ့အကြောင်း ပြောဆိုခြင်းက တရုတ်နိုင်ငံနဲ့မူဝါဒ မတူညီတာကို ထင်ထင်ရှားရှား ပြသလိုက်တဲ့ သဘောလည်းဖြစ်ပါတယ်။ 

ဧပြီလ ၉ ရက်နေ့မှာပဲ မြဝတီမြို့က မြို့ခံတွေနဲ့ သင်္ဃန်းညီနောင် ဘက်က တိမ်းရှောင်ပြီး မြဝတီမြို့မှာ လာရောက်ခိုလှုံနေကြသူတွေ အရေအတွက် ၅၀၀ ဦးခန့်က မြဝတီမြို့ကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေးဖို့ KNLA ကို ရည်ရွယ်တဲ့ တောင်းဆို ဆန္ဒထုတ်ဖေါ်ခဲ့ကြတယ်လို့ ဆိုရှယ်မီဒီယာဖေါ်ပြချက်တွေ အရသိရပါတယ်။ တမြို့လုံးနီးပါး မီးလောင်ပျက်စီးသွားတဲ့ ကော့ကရိတ်မြို့နဲ့ နှိုင်းယှဥ်ပြပြီး မြဝတီမြို့မှာ တိုက်ပွဲတွေ မဖေါ်ဆောင်ကြဖို့ မတိုက်ခိုက်ကြဖို့ တောင်းဆို ကြတဲ့သဘောဖြစ်ပါတယ်။ ဒီနေရာမှာ မြို့သိမ်း တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့အခါ လက်နက်ကြီးနဲ့ လူနေမြို့တွေ၊ ကျေးရွာတွေဆီ ပစ်ခတ်လေ့ရှိပြီး လေကြောင်းကနေ တိုက်ခိုက်လေ့ရှိတဲ့ စစ်ကောင်စီတပ်တွေကို တောင်းဆိုတာမျိုး မဟုတ်ပဲ စစ်ကောင်စီ တပ်တွေကို ယှဥ်ပြိုင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် တပ်တွေကိုသာ ဘာလို့ တောင်းဆို မေတ္တာရပ်ခံကြတာလဲ ဆိုတဲ့ မေးခွန်းလည်း ရှိနိုင်ပါတယ်။ စစ်ကောင်စီကတော့ သိမ်းသွင်းပြောဆိုနိုင်ခြင်း မရှိတဲ့ အဖွဲ့အစည်းအဖြစ် မှတ်ယူထားကြတာကြောင့် အခုလို KNLA ကို မေတ္တာရပ်ခံတာလားဆိုတဲ့ စဥ်းစားမှုလည်း ရှိကောင်းရှိနိုင်ပါတယ်။ 

မြဝတီမြို့ကတော့ အခုရက်ပိုင်းအတွင်း အခြေအနေအပြောင်းအလဲတွေ နာရီနဲ့အမျှ ဖြစ်ပေါ်လာမယ့် အနေအထားဖြစ်ပြီး မြဝတီမြို့ရဲ့ လူနေအိမ်၊ မြို့နေလူထု အထိအခိုက် အပျက်အစီးဆုံးရှုံးမှုတွေ ဘယ်လို ဖြစ်ပွားလာမလဲဆိုတာ စောင့်ကြည့်ရမယ့် သဘောဖြစ်ပါတော့တယ်။ 

ဒီနေ့ အတွက်အခြားစိတ်ဝင်စားစရာ သတင်းတပုဒ်က မော်လမြိုင်မြို့ မှာ အခြေစိုက်တဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ ကာကွယ်ရေး ဒုဦးစီးချုပ် ဖြစ်သူ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း လာရောက် စီမံခန့်ခွဲနေချိန် တော်လှန်ရေး အင်အားစုတွေဘက်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာမှာ ဒုဦးစီးချုပ်အပါအဝင် စစ်အရာရှိကြီးတွေ ဒဏ်ရာပြင်းထန်စွာရပြီး အချို့ သေဆုံးတယ်ဆိုတဲ့ သီခြား အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့ အကြောင်းဖြစ်ပါတယ်။ 

ရတခ လို့ အတိုကောက်ခေါ်ဆိုတဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဟာ မြို့နဲ့ ၅ မိုင်ခန့်အကွာအဝေးမှာ တည်ရှိပြီး တောင်ညို တောင်တန်းတွေကို ကျောပေးပြီး တည်ဆောက်ထားတဲ့ စစ်ဌာနချုပ် တခု ဖြစ်ပါတယ်။ 

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် မြဝတီတဝိုက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ဒု-တပ်ချုပ်ကိုယ်တိုင် လာရောက် အမိန့်ပေး ကွပ်ကဲနေတဲ့ အနေအထားဖြစ်ပြီး အခု တိုက်ခိုက်မှုမှာ ဒု-တပ်ချုပ်ကိုယ်တိုင် ပြင်းထန်စွာ ဒဏ်ရာရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ဒီသတင်းမှန်ကန်ခဲ့မယ်ဆိုရင် စစ်ကောင်စီအဖို့ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိစေတဲ့ တိုက်ခိုက်မှု၊ နေပြည်တော် ဒရုန်းတိုက်ခိုက်မှု၊ မြဝတီမြို့ လက်လွှတ်ဆုံးရှုံးရမယ့် အနေအထားတွေက စစ်ကောင်စီဘက်က ဆုံးရှုံးမှုတွေ တခုပြီးတခု ဆက်တိုက်တွေ့ကြုံလာနေရတဲ့ လက္ခဏာတွေ ဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar