Breaking News

မသီတာ(စမ်းချောင်း) - ပြည်တော်ဝင်တေး နှောင့်နှေးမှာ စိုး

မသီတာ(စမ်းချောင်း) - ပြည်တော်ဝင်တေး နှောင့်နှေးမှာ စိုး

(မိုးမခ) ဧပြီ ၁၀ ၊ ၂၀၂၄

လတ်တလောမှာ တော်လှန်ရေးတပ်တွေဘက်က စစ်ရေးအောင်မြင်တိုးတက်မှုတွေအပေါ်  မြန်မာလူထုက ပျော်ရွှင် တက်ကြွလာကြသလောက် နိုင်ငံတကာကတော့ စေ့စပ်ညှိနှိုင်းပေးနိုင်ဖို့ ပိုပြီးအားထုတ်လာနေပါတယ်။ အထူးသဖြင့်တော့ တရုတ်နဲ့ ထိုင်းဘက်က ပိုပြီးမြင်သာတဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာ အထောက်အကူပေးရေးဆိုတဲ့ ခေါင်းစဉ်အသီးသီးအောက်ကနေ လုပ်လာတာမျိုးပါ။ ထိုင်းဝန်ကြီးချုပ်က မြန်မာစစ်ကောင်စီဟာ အင်အားချည့်နဲ့လာနေတာကြောင့် ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ အချိန်ကောင်း ဖြစ်လိမ့်မယ်လို့ ပြောလိုက် ပါတယ်။ ကမ္ဘောဒီးယားက ဟွန်ဆန်ကလည်း သူ့အနေနဲ့ စကစကို ဆွေးနွေးမယ်လို့ ဆိုတယ်။

ကုလသမဂ္ဂကလည်း လက်ထောက် အတွင်းရေးမှူးချုပ်တဦးဖြစ်တဲ့ ကုလသမဂ္ဂဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးဌာန (United Nations Department of Safety and Security-UNDSS) ရဲ့ အကြီးအကဲ Mr. Gilles Michaud အနေနဲ့ စစ်ကောင်စီ ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နေပြည်တော်မှာ သွားတွေ့ခဲ့ပါတယ်။ အဲဒီလိုပဲ မြန်မာ့အရေး အထူးသံတမန်အဖြစ် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ပ်ကို ခန့်အပ်လိုက်ပါတယ်။ 

ဒီအနေအထားတွေက နိုင်ငံရဲ့ အနေအထားဟာ လုံခြုံရေးအရ အစွမ်းကုန် စိုးရိမ်စရာ အနေအထား ဖြစ်နေတယ်၊ နိုင်ငံတကာအနေနဲ့ ဒီအတိုင်း လွှတ်ပေးထားလို့ မဖြစ်တော့ဘူးဆိုတာကို သတိပြုမိနေကြောင်း ဖော်ပြနေပါတယ်။ သူတို့ စိုးရိမ်နေကြတာက တော်လှန်ရေးကနေ နိုင်ငံရေးအခင်း အကျင်းသစ်ကို ဘယ်လောက်ချောချောမွေ့မွေ့ ရွေ့နိုင်ကြမလဲဆိုတာ ဖြစ်ပါတယ်။ ဒီနေရာမှာ စစ်ရေး အသာရမှုသက်သက်နဲ့ နိုင်ငံရေးအခင်းအကျင်းသစ်ဆီ ဗြုန်းစားကြီး သွားလို့ မရတဲ့အတွက် ဆွေးနွေးဖို့ဆိုတာကို ပြောကြတာဖြစ်ပြီး စကစကို အနာဂတ်အတွက် အာဏာရှယ်ယာ ရနိုင်တဲ့ အစုအဖွဲ့အနေနဲ့ သူတို့ကိုယ်တိုင်က သဘောထားနေသေးတာမျိုးလို့ မယူဆနိုင်ပါဘူး။ စကစ လက် လျှော့ရတော့မယ့် အနေအထားမို့ အာဏာလေဟာနယ်အတွက် ဆွေးနွေးမှုတွေ လိုအပ်တယ်၊ အဲဒီလိုမဟုတ်ရင် လုံခြုံရေးဆိုင်ရာအဆိုးဆုံးအနေအထားတွေဖြစ်လာမယ်လို့ တွေးပူမှုမျိုးကို အခြေခံပြီး ပြောလာတဲ့ဆွေးနွေးညှိနှိုင်းမှုမျိုးလို့ ယူဆနိုင်ပါတယ်။ ဒု-ကာချုပ်ရဲ့ လတ်တလောသတင်းတွေအရ နိုင်ငံကြီးတချို့ကလည်း ထင်တာထက်မြန်ဆန်တဲ့ လက်လျှော့လာရမှုမျိုး စကစဘက်မှာ ဖြစ် လာနိုင်တယ်လို့ ကြိုတွက်နေတာတွေ ရှိလာနေပါပြီ။

ဒီအချိန်မှာ တော်လှန်ရေးကို နိုင်ငံရေးအရ ဦးဆောင်နေတယ်ဆိုတဲ့ အန်ယူစီစီရဲ့ ပြည်သူ့ညီလာခံမှာတော့ တော်လှန်ရေးနိဂုံးပိုင်းအတွက် ဘယ်လိုပြင်ဆင်ထားသင့်တယ်ဆိုတာမျိုး၊ စစ်ကောင်စီ အာဏာလက်လွှတ်ချိန်အတွက် လိုအပ်တဲ့ အုပ်ချုပ်ရေးလေဟာနယ်နဲ့ တရားဥပဒေ စိုးမိုးမှုတွေအတွက် လက်နက်ထိန်းချုပ်မှုအပါအဝင် အသေးစိတ်ပြင်ဆင်မှုဆိုင်ရာဆိုတာမျိုးဆုံးဖြတ်ခဲ့တာကိုမတွေ့ရပါဘူး။ 'မြေပြင်အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးယန္တရားများ (ပအဖ၊ ပကဖ၊ ပလဖ) တို့ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ စနစ်တကျလုပ်ဆောင်နိုင်ရန်နှင့် တာဝန်ယူမှု၊ တာ ဝန်ခံမှုရှိစေရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများအကြား ဟန်ချက်ညီလုပ်ဆောင်နိုင်သော ယန္တရားများအဖြစ် သုံးသပ်ပြင်ဆင်တည် ဆောက်ရန်'ဆိုတဲ့ ယေဘုယျဆန်တဲ့ ဆုံးဖြတ်ချက်ပဲ တွေ့ရပါတယ်။ ရှိနှင့်ပြီး ယန္တရားကို အုပ်ချုပ်ရေး-တရားစီရင်ရေး လေဟာနယ်တွေအတွက် ဘယ်လို အသုံးချသွားမယ် ဆိုတာထက် 'သုံးသပ်ပြင်ဆင် တည်ဆောက်'ဖို့အဆင့်မှာပဲ ရှိနေသေးပြီး ခုနေ စကစက အာဏာစွန့်ရင်တောင် ဒီဘက်က အဆင်သင့် မဖြစ်သေးသလို ဖြစ်နေပါတယ်။ ဒီအနေအထားကို နိုင်ငံတကာက သိပ်စိုးရိမ်နေတာပါ။

စစ်မှုမထမ်းမနေရ ဥပဒေအရေးမှာလည်း စကစဘက်က ဗျူဟာအတိုင်း အရွေ့တွေကို အကောင် အထည်ဖော်နေတာရဲ့ သက်ရောက်မှုဟာ ပြည်တွင်းနေလူထုကိုသာမက အိမ်နီးချင်းတွေထိပါ ထိခိုက်နေပါတယ်။ ဒါကြောင့် နိုင်ငံရဲ့ အနေအထားဟာ လုံခြုံရေးအရ အစွမ်းကုန် စိုးရိမ်စရာ အနေအထားလို့ နိုင်ငံတကာက သဘောထားနေပေမဲ့ ညီလာခံ ဆုံးဖြတ်ချက်ကတော့ 'လူထုနှင့် တော်လှန်ရေးအင်အားစုအသီးသီး ပူးပေါင်း၍ မဟာဗျူဟာမြောက် အလျင်အမြန် တုံ့ပြန်ဆောင် ရွက်ရန်'ဆိုတဲ့ အနေအထားမှာပဲ ရှိနေပါတယ်။ ဘယ်လို တုံ့ပြန်ရမယ်ဆိုတဲ့ အသေးစိတ် စဉ်းစားပြင်ဆင်ထားတာမျိုး မဖော်ပြထားပါဘူး။ ကူချင်တဲ့ နိုင်ငံတကာအတွက် ဘယ်လို ကူနိုင်တယ်ဆိုတာမျိုး မပြောပြထားနိုင်ပါဘူး။

ဒါ့အပြင် ခုမှ 'ဘုံနိုင်ငံရေးသဘောတူညီမှုများ ရနိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများအား လုံးနှင့် ထိတွေ့ဆွေးနွေးမှုများကို အမြန်ဆုံး လုပ်ဆောင်သွားရန်'ဆိုတဲ့ အကြံပြုချက်ကို မှတ်တမ်းတင်ထားတုန်း အနေအထားမှာပဲ ရှိနေသေးတာကိုလည်း တွေ့ရပါတယ်။ ကျန်အကြံပြုချက်တွေထဲမှာလည်း ပြည်ထောင်စု စုဖွဲ့မှု၊ ဗမာပြည်နယ် ဖွဲ့စည်းရေး၊ ရိုဟင်ဂျာလူမျိုးများဆိုင်ရာ မူဝါဒ၊ အခြားလူ့ရပိုင်ခွင့်ဆိုင်ရာ မူဝါဒစတဲ့ တော်လှန်ရေးအလွန် နှစ်ဘူတာ အရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေချည်း ဖြစ်နေပါတယ်။ 

ဒီတော့ နိုင်ငံတကာကပဲ ကွက်ကျော်တွေ တွက်ကာ စကစအုပ်ချုပ်ရေးကို အဆုံးသတ်လိုက်ဖို့ ဇွတ်ဆွေးနွေးညှိနှိုင်းစေချင်နေကြသလို ဖြစ်နေတာလား၊ လူထုကပဲ စစ်ရေးအနေအထားကို စိတ် ကြီးဝင်မိပြီး စကစအလွန် နိုင်ငံရေး အခင်းအကျင်းအတွက် အကောင်းမြင်လွန်းနေကြတာများလားဆိုတာမျိုး စဉ်းစားစရာ ဖြစ်ရပါတယ်။ 

စစ်ရေးမှာ ရွေ့နေသလောက် နိုင်ငံရေးမှာတော့ အလှမ်းကျယ် အလယ်လွတ်နေသလို ခံစားလာကြရတာပေါ့။ ဒီနေ့ မနက်ဖြန်ဆိုသလို စကစက လက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်ရင်တောင် အာဏာလေဟာနယ်အတွက် ရှိနေဆဲ ယန္တရားတွေကို 'သုံးသပ်ပြင်ဆင်တည်ဆောက်'နေဦးမှာဆိုတော့ စကစရေ ဖြည်းဖြည်းပေါ့၊ နိုင်ငံတကာရေ အေးဆေးပေါ့လို့ပဲ ပြောကြရလေမလားပေါ့။ 

နောက်ထပ် အဆုံးအဖြတ်တွေအတွက် ခြောက်လ တခါ ညီလာခံကို မှန်မှန်ကျင်းပဖို့လည်း (ဘယ် လိုပဲ တကယ်မလုပ်ခဲ့နိုင်ပေမဲ့ မူအရ) ဆုံးဖြတ်ခဲ့ကြတယ် ဆိုလေတော့ ပြည်တော်ဝင်သီချင်းကို ဆိုညည်းချင်သူ ပြည်သူစစ်စစ်တွေအဖို့ ဆက်ပြီး အောင့်အည်းနေကြရုံပဲလားလို့ မချင့်မရဲ မေးခွန်း ထုတ်မိပါရဲ့။ 

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar