Breaking News

နယ်စပ်ဒေသက တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ အာဆီယံရဲ့ ထုတ်ပြန်ကြေညာ

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၁၈ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၉ ၊ ၂၀၂၄

နယ်စပ်ဒေသက တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ အာဆီယံရဲ့ ထုတ်ပြန်ကြေညာ

ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက စစ်ကောင်စီရဲ့ စစ်စခန်းတွေ၊ တပ်ရင်းတွေ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ လက်ထဲကျရောက်သွားပြီးနောက် မြဝတီမြို့က ကရင်လက်နက်ကိုင် အဖွဲ့တွေရဲ့ ခွဲဝေထိန်းချုပ်မှုအောက် ရောက်ရှိနေပြီး မြဝတီမြို့ ပြန်ရဖို့ စစ်ကောင်စီဘက်က အင်အားဖြည့်လာတဲ့ စစ်ကြောင်းက မြဝတီမြို့ဆီ ဦးတည်လာနေချိန်မှာ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လက် နက်ကိုင် တိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ နဲ့ အရပ်သားတွေ ဘေးကင်းလုံခြုံမှုရှိအောင် ကာကွယ်စောင့်ရှောက်ပေးကြဖို့ ကိုလည်းနှိုးဆော်တဲ့ ကြေညာ ချက်ကို ထုတ်ပြန်လိုက်ကြပါတယ်။ 

လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေထဲက မြဝတီမြို့အနီးက တိုက်ပွဲတွေက အိမ်နီးချင်း ထိုင်းနိုင်ငံကို တိုက်ရိုက် သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်တာကြောင့် ထိုင်းနိုင်ငံအနေနဲ့ အခုလို အာဆီယံအဖွဲ့ရဲ့ အားကိုယူပြီး သံတမန်ရေးအရတောင်းဆိုတဲ့အနေနဲ့ ထွက်ပေါ်လာတာလို့ မှန်းဆရပါတယ်။ အာဆီယံရဲ့ ထုတ်ပြန်ချက်နဲ့ တရုတ်နိုင်ငံတို့က မြန်မာ့ပဋိပက္ခနဲ့ ပတ်သက်လို့ ပြောဆိုရာမှာ လက်ရှိ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို တွေ့ဆုံ ဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာကြဖို့ လို့ ရည်ညွှန်း ထားတာတွေ့ရပြီး တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းကို ၂ ဖက်မကတဲ့ အဖွဲ့တွေအကြား အသုံးပြုနိုင်ကြမလားဆိုတာလည်း အဓိက မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။ 

မြန်မာနိုင်ငံတွင်းက အင်အားစုတွေအကြားမှတော့ အပြတ်အသတ် အနိုင်ရရေးက အများစုသော အဖွဲ့တွေရဲ့ ရည်မှန်းချက်၊ ဆုပ်ကိုင်ထားတဲ့ ရပ်တည်ချက် ဖြစ်နေပါတယ်။ ခု နှစ်ပိုင်းနဲ့ လပိုင်းတွေအတွင်း သိသိသာသာ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ၊ စစ်အင်အားတွေ ဆုံးရှုံးနေတဲ့  စစ်ကောင်စီသည်ပင်လျင် ၄င်းရဲ့ လျင်မြန်စွာ ကျဆင်းလာတဲ့ အင်အားကို သတိပြုမိပေမယ့် တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ အဖြေရှာဖို့ စိတ်ဝင်စားပုံမရပါဘူး။ တစုတစည်းတည်း အမိန့်တခုအောက်မှာ ရှိတဲ့ လက်နက်ကိုင် အင်အားစု၊ အဖွဲ့ အနေနဲ့ဆိုရင် ၄င်းတို့တပ်ကသာ အင်အားအကြီးဆုံး ဆိုတဲ့ ယူဆ ချက်ကိုကိုင်စွဲထားနေတဲ့သဘောလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ၄င်းတို့ကို ဆန့်ကျင် တိုက် ခိုက်နေတဲ့လက်နက်ကိုင်အဖွဲ့တွေဘက်မှာတော့ တခုတည်းသောအမိန့်ပေးစနစ်အောက်မှာ မဟုတ်တာ၊ အကျိုးစီးပွားအရ မတူကွဲပြားကြတဲ့ သဘောသဘာဝကို အားနည်းချက် အနေနဲ့ စစ်ကောင်စီဘက်က ရှုမြင်ပြီး ဆန့်ကျင်ဘက် အင်အားစုတွေရဲ့ အားနည်းချက်၊ ပျော့ကွက်တွေ ရှိနိုင်တဲ့ ကိစ္စရပ်တွေမှာ အတူတူ လက်တွဲမလုပ်နိုင်အောင်၊ ဖဲ့ထုတ်စည်းရုံးတာ၊ တွေဝေအောင် စည်းရုံးသိမ်းသွင်းတာတွေလုပ်ပြီး ဆန့်ကျင်ဘက်ရဲ့ စုစည်းမှုကို အားပျော့အောင်ကြိုးပမ်းနေတဲ့သဘောလည်း ဖြစ်ပါတယ်။ 

အခု နောက်ဆုံး အာဆီယံအနေနဲ့ ထုတ်ပြန်ကြေညာချက်က လက်ရှိဖြစ်နိုင်ခြေရှိတဲ့ မြဝတီမြို့ စစ် မျက်နှာမှာ တိုက်ခိုက်မှုတွေအရှိန်အဟုန်နဲ့ ဖြစ်ပေါ်မလာစေဖို့ လက်ရှိအနေအထားကနေပြီး ဆွေး နွေးကြဖို့ တိုက်တွန်းတာ ဖြစ်ပါတယ်။ သောင်ရင်းမြစ်သာခြားပြီး မြဝတီနဲ့ထိစပ်နေတဲ့ မဲဆောက်မြို့ရဲ့ လုံခြုံရေး၊ မြန်မာနိုင်ငံဘက်က အလုံးအရင်းနဲ့ဝင်ရောက်လာနိုင်တဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီရမယ့်အရေး၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအပေါ် ထိခိုက်နိုင်ခြေနဲ့ မဲဆောက်မြို့ရဲ့ လုံခြုံ ရေးကို ပါထိခိုက်လာနိုင်တာမို့ ထိုင်းနိုင်ငံအနေနဲ့ စိုးရိမ်မှု ကြီးကြီးမားမား ရှိနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ဒီနေရာမှာ တရုတ်နိုင်ငံက ၄င်းနဲ့ နယ်စပ်ဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားခဲ့စဥ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အပစ်ရပ်ဖို့ ဖိအားပေးတဲ့ အနေအထားနဲ့ ထိုင်းနိုင်ငံအနေနဲ့မြန်မာ့အရေးမှာ တိုက်တွန်းပြောဆိုပုံက မတူကွဲပြားတာတွေ့ရမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့နယ်စပ်ဒေသက လက်နက်ကိုင်အဖွဲ့တွေအပေါ် ကြီးကြီးမားမား သြဇာရှိပြီး အဆိုပါလက်နက် ကိုင်တွေအနေနဲ့ လက်နက်ခဲယမ်းရဲ့ လိုမျိုး၊ ကုန်သွယ်မှု၊ သံတမန်ရေးအရ အစရှိတဲ့ ကဏ္ဍတွေအတွက် တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ထိန်းမထားလို့မရတဲ့အနေအထားလည်း ဖြစ်ပါတယ်။ ဒါကြောင့် အောက်တိုဘာ လကုန်ကစတင်ဖြစ်ပွားတဲ့လက်နက်ကိုင်တိုက်ပွဲတွေက တရုတ်နိုင်ငံရဲ့ဖိအားပေးမှု ကြားဝင်စေ့စပ်မှုတွေနဲ့ အပစ်ရပ်ဆွေးနွေးမှုတွေမှာ ပါဝင်ရပြီး ဇန်နဝါရီလဆန်းမှာ ရပ်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ 

အခု ထိုင်းနယ်စပ်က လက်နက်ကိုင်အဖွဲ့တွေရဲ့အနေအထား၊ ထိုင်းနဲ့ မြန်မာအစိုးရရဲ့ လက်ရှိဆက် ဆံရေး စတာတွေက တရုတ် နယ်စပ်က အနေအထားနဲ့ မတူခြားနားတဲ့ အနေအထားဖြစ်ပါတယ်။ 

အာဆီယံ အနေနဲ့ တရုတ်နိုင်ငံလို မြန်မာစစ်ကောင်စီကိုရော၊ တိုင်းရင်းသားလက်နက်ကိုင်တွေကိုပါ လက်တွေ့ဖိအားပေးနိုင်တဲ့ အနေအထားမျိုးမှာ ရှိမနေပါဘူး။ အာဆီယံ အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၃ နှစ်တာအတွင်း အာဆီယံသဘောတူမူ ၅ ချက်ကို အကောင်အထည်ဖော်ခြင်းမရှိလို့ စစ်ကောင်စီခေါင်းဆောင်၊ အစိုးရအဖွဲ့ဝင်တွေကို အစည်းအဝေးတွေမှာ တက်ရောက်ခွင့် မပေးဖို့ ဆုံးဖြတ်တာက အမြင့်ဆုံး ပြစ်ဒဏ်ခတ်မှု၊ ဖိအားပေးမှု ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံလို အင်အားကြီးနိုင်ငံမဟုတ်တာ၊ မြန်မာ့အရေးနဲ့ပတ်သက်လို့ ထိုင်းစစ်တပ်နဲ့ထိုင်းအစိုးရအဖွဲ့တို့ရဲ့အကြား အမြင်ချင်းထပ်တူမကျတာ၊ အကျိုးစီးပွားချင်းထပ်တူမကျတာတွေက မြန်မာ့အရေးမှာ မူဝါဒတွေ၊ အရေးယူဆောင်ရွက်မှုတွေ အားပျော့ရခြင်းအကြောင်း ဖြစ်နိုင်ပါတယ်။ 

မြန်မာစစ်ကောင်စီကတော့ မြဝတီမြို့ ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် ၄င်းရဲ့စစ်ရေးအင်အား ရှိသလောက်ထုတ်ပြီးသုံးကာ ကြိုးစားမယ့်လက္ခဏာ တွေ့နေရပါတယ်။ လောက်ကိုင်၊ ချင်းရွှေဟော် ဆုံးရှုံးထားတဲ့ ဖြစ်ရပ်နဲ့ အခု မြဝတီမြို့ ဆုံးရှုံးသွားပြီး ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားနေတဲ့ ဖြစ်ရပ် ၂ ခုနှိုင်းယှဥ်ကြည့်ရင် မြဝတီမြို့ ပြန်လည်တိုက်ခိုက်ဖို့အတွက် စစ်ကောင်စီအနေနဲ့ မြေပြင် တပ်ကူပို့ဖို့ အခွင့်အလမ်းရှိသေးတယ်ဆိုတဲ့အနေအထားကိုတွေ့ မြင်နိုင်ပါတယ်။ မြေပြင်တပ်ကူ ဘယ် လောက်ထိခရီးရောက်မလဲ၊ ပို့လာတဲ့အင်အားရဲ့ဘယ်လောက်ရာနှုန်းက မြဝတီမြို့ဆီ ချဥ်းကပ်လာနိုင်မလဲဆိုတဲ့မေးခွန်းတွေကအဓိကကျပြီး မြဝတီအနီးမှာအခြေစိုက်တဲ့ ယခင် BGF လက်ရှိ KNA လို့အမည်ပြောင်းလဲသွားတဲ့ စောချစ်သူ ခေါင်းဆောင်တဲ့လက်နက်ကိုင်တပ်တွေက စစ်ကောင်စီနဲ့ KNLA အကြား ဘယ်သူ့ဘက်ကရပ်မလဲဆိုတာလည်း အရေးပါတဲ့အချက်တချက်ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar