Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၇၃ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၇၃ )

(မိုးမခ) ဧပြီ ၂၊ ၂၀၂၄


2/4/24

Diary in the darkness 


ပြီးခဲ့တဲ့ လ တလ လုံး အုပ်ကြီးအသတ်ခံရတဲ့သတင်းတွေ လှိုင်လှိုင်တက်ခဲ့တယ်။ ရပ်ကွက်ထဲက ဆယ်အိမ်မှူးလည်း ညနေတိုင်းလိုလို အိမ်ရှေ့ကဖြတ်ပြီး သင်တန်းသွားနေရတယ်။ တနေ့က ကျွန်တော်တို့မြို့နယ် အုပ်ကြီး အသတ်ခံရတဲ့အကြောင်း သူကပြောပါတယ်။  သူပြောတာကို စိတ်မကောင်းတဲ့ မျက်နှာပေးနဲ့နားထောင်ရပါတယ်။ ဒီခေတ်ကြီးမှာ ဒီလောက်အိုက်တင် မလုပ်တတ်ရင် အသက်မရှင်နိုင်ဘူးလေ။ သိတဲ့အတိုင်းပဲ အုပ်ကြီးတွေ အသတ်ခံရတာကို လူတွေက တိုးတိုးတိတ်တိတ် ဝမ်းသာအားရပြောနေကြတာ။ 

သတိနဲ့နေ သတိနဲ့စား သတိနဲ့ သွား သတိနဲ့ပြော ။ သတိပဌာန်တရားကို နေ့ည မပြတ် နှလုံးသွင်းနေရတဲ့ အချိန်။ ဗုံးတွေကလည်း ရန်ကုန်နေရာအနှံ ဒုံးဒုံး ဝုန်းဝုန်းပါပဲ။ 

ရပ်ကွက်ထဲမှာ ညတိုင်းလိုလို သူခိုးကပ်တယ်။ အိမ်က စက်ဘီးနှစ်စီး ၊ ဆယ်အိမ်မှူးဆီက စက်ဘီး တစ်စီး အခိုးခံရတယ်။ ရပ်ကွက်ထဲက အိမ်တိုင်းလိုလို ခြံစည်းရိုးတွေ ၊ သံစူးဘရိတ်တွေ အထပ်ထပ် ထပ်ကာကြ။ အပြင်ကနေ ခြံသော့ဖွင့်မရအောင် သံပြားတွေပိတ်ကာကြ။ အခုခိုးတဲ့သူခိုးက ပရော်ဖက်ရှင်နယ် သူခိုးဖြစ်ပုံရတယ်။ ခြံသော့ဖွင့်တာ ငါးမိနစ်မကြာဘူး။ စီစီတီဗွီမှာ အတိုင်သားမြင်ရတယ်။ စက်ဘီး ထားတဲ့နေရာကို တန်းသွား၊ စက်ဘီးစီးပြီး ခြံထဲက အေးအေးဆေးဆေးထွက်သွားတာတွေ့ရတယ်။ လာခိုးတဲ့သူက နှစ်ယောက်။ မနက် သုံးနာရီလောက်မှာလာခိုးတာ။ အသက်နှစ်ဆယ်လောက်ပဲ ရှိဦးမယ်။ ရဲကို လိုင်းကြေးပေးပြီး ခိုးနေတဲ့စံနစ် ထွန်းကားချိန်မှာ ရဲ တိုင်ဖို့ စိတ်မကူးကြဘူး။ ဘယ်သူမှ အဲဒီ‌ေလာက် မအ ကြဘူး။ ကိုယ်ခြံ၊ ကိုယ့်အိမ်၊ ကိုယ်လမ်း ကိုယ် ကာကွယ်မှ ရမယ်ဆိုတဲ့အသိ လူတိုင်းမှာရှိတယ်။ 

အစိုးရကိုယ်တိုင်က လူသတ်၊ ဓါးပြတိုက် နေမှတော့ ပြည်သူတွေ သူခိုး ခိုးခံရတာ မဆန်းပါဘူး။ တအိမ်နဲ့တအိမ် ဖုန်းနဲ့ အချိတ်အဆက်လုပ်ပြီး သတိပေးကြဖို့ ဆော်ဩနေကြတယ်။ တအိမ်က ခြံစည်းကို ဘေးအိမ်တွေက ဝိုင်းကူ ခတ်ပေးကြတယ်။ အိမ်ရှေ့မှာ အိပ်နေကြ ခွေးမလေး လည်း သူခိုးအခိုးမခံရခင် နှစ်ရက်လောက်ကတည်းက ပျောက်နေတာ။ ခုမှ သတိထားမိကြတယ်။ သူခိုးတွေက ခြံတံခါးဖွင့်နေတာတွေရင် အိမ်ပြင်ကို ချက်ချင်းမထွက်ဖို့၊ အိမ်ထဲကနေပဲ လူသံ ဝိုင်းပေးဖို့ သတိပေးကြတယ်။ သူခိုးတွေက အိမ်ရှင် အပြင်ထွက်လာတာ သိရင် လေးခွနဲ့ပစ်တယ်။ မျက်လုံးမှန်ရင် မသက်သာဘူး။ လူထုက လူထုကိုကာကွယ်နေရတဲ့ အခြေအနေ။ အစိုးရကတော့ သူခိုးဓါးပြကို အကာအကွယ်ပေးနေရလို့ မအားဘူး။ လူထုက အလိုက်သိဖို့လိုတယ်။

နေပူချိန်က နေ့လယ်ဆို ၁၀ဝ ᐤF ကျော်တယ်။ အပူရှပ် ဖျားနေကြတယ်။ ကျွန်တော်လည်း သုံးရက်လောက် ခံလိုက်ရတယ်။ ဆေးဖိုး ငါးသောင်းကျော်လောက် ကုန်မှ အဖျားကျတယ်။ ကုန်ဈေးနှုံးတက်တော့ အဖျားလည်း ဈေးတက်တာပေါ့။ 

ဒါပေမဲ့ အုပ်ကြီးအသတ်ခံရတဲ့ သတင်းတွေ၊ စစ်ကောင်စီတပ်တွေ ပြုတ်ပြုတ်ပြုန်းနေတဲ့သတင်းတွေ၊ တော်လှန်ရေးတပ်တွေက စစ်ကောင်စီစခန်းတွေ တခုပြီးတခု သိမ်းနေတဲ့ သတင်းတွေ အင်တာနက်မှာဖတ်ရတော့ အားတက်တာပေါ့။ 

အရေးထဲ တပ်မတော်နေ့ကို ညနေဘက်မှာ ကျင်းပလိုက်တော့ လူတွေက စစ်ကောင်စီတပ် နေဝင်ချိန်ရောက်ပြီလို့ အနက်ကောက်ပြီး အသားလွတ် အားတက်နေမိသေးတယ်။ 

နေရာအနှံ့မှာ စစ်မူထမ်းဖို့ စစ်တပ်က လိုက်ဖမ်းနေတဲ့သတင်းတွေကလည်း အရပ်ထဲမှာ အင်တာနက်ပေါ်မှာ ပလူပျံနေတယ်။ မိန်းမက ရှင်အပြင်မထွက်နဲ့ စစ်ကောင်စီတပ်မှာ ဗျူဟာမှူးတွေ သေကုန်လို့ ရှင်တို့အဖိုးကြီးတွေကို အစားထိုးမလို့တဲ့။ ကေတီဗွီမှာ ဘီယာဆိုင်တွေမှာ အဖိုးကြီးတွေကိုလိုက်ဖမ်းနေတယ်တဲ့။ မိန်းမက မျက်စောင်းထိုးသတိပေးတယ်။ ကျွန်တော် အိမ်ထဲက အိမ်ပြင်မထွက်ပါဘူး။ စစ်မူ့ထမ်းအမိန့်ကို ဖီဆန် ဖို့မရည်ရွယ်ပါ။ မိန်းမ အမိန့်ကို နာခံရုံ သက်သက်ပါခင်ဗျာ။

ဒီနေ့ မီး သဘောကောင်းတုန်း အမြန်ရေးလိုက်တာ။ နောက်နေ့ ဆက်ရေးမယ်။ 

အန်ကယ် တူမီး

2/4/24

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar