အောင်ဝေး - လွမ်းလို့ပဲ သေချင်ပါတယ်၊ အလွမ်းသေ
အောင်ဝေး - လွမ်းလို့ပဲ သေချင်ပါတယ်၊ အလွမ်းသေ
(မိုးမခ) ဧပြီ ၃ ၊ ၂၀၂၄
ကျနော် သေရင် လွမ်းလို့ သေတာပဲ ဖြစ်ချင်တယ်။ အခုတလောမှာ ကျနော် အရာရာကို လွမ်းနေမိတယ်။ ဆရာဇော်ဂျီရဲ့ "တပေါင်းမိုး" ကဗျာထဲကလို "ဘယ်ဆီလွမ်းမိ၊ တပ်မသိ"လည်း မဟုတ်။ ကျနော့်အလွမ်းက တိကျတယ်။ သေချာတယ်။ ကျနော် အတိအကျကို လွမ်းနေတာပါ။ အသေအချာကို လွမ်းနေတာပါ။ လွမ်းခြင်းသည် သမိုင်း မည်၏။ လွမ်းတတ်သူသာ သမိုင်းဝင်လေသည်။ ကျနော်က တိတိကျကျ လွမ်းတတ်သူပါ။ သေသေချာချာ လွမ်းတတ်သူပါ။ အသက်ကြီးလာလို့ပဲလား မသိပါ။ ငယ်စဥ်က ဘဝကို ပိုပြီးလွမ်းတတ်လာသည်။ လွမ်းမြိုင်ကျေးရဲ့ အဝေးမှာရောက်နေလို့လား မသိ၊ တိုင်းပြည်ကို ပို၍လွမ်းတတ်လာသည်။
မနေ့တစ်နေ့က ကျနော် ကဗျာတစ်ပုဒ် ရေးခဲ့သည်။ 'အောင်ဝေး မဖြစ်တာ ဖြစ်အောင်ဝေး' မြန်မာလို ရေးတဲ့ကဗျာကို ကျနော်က အင်္ဂလိပ်လို နိဂုံးချုပ်ထားသည်။
"Oh My Ghost!
16 Years an Exile."
၁၆ နှစ်ပြည်ပြေး၊ ပြည်ပြေး ၁၆ နှစ်မှာ အိမ်လွမ်းစိတ်တွေက ဂိုထောင်တစ်လုံးနှင့် အပြည့်အသိပ်ပါ။ အဲဒီ ၁၆ နှစ်မှာ ရန်ကုန်ကို တစ်ခေါက်မှ မပြန်ဖြစ်နိုင်ခဲ့ပေမဲ့ ရန်ကုန်ကလာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်ခါ တွေ့ရပါတယ်။
ရန်ကုန်က လာတဲ့ ကဗျာဆရာ မင်းထက်မောင်နဲ့ တစ်ခါ တွေ့ရပါတယ်။ ရန်ကုန်က လာတဲ့ ဆရာဒေါက်တာခင်မောင်ညိုနဲ့ တစ်ခါ တွေ့ရပါတယ်။ အမေရိကကို သီချင်းလာဆိုတဲ့ ကော်နီနဲ့ တွေ့ရ။ Rဇာနည်နဲ့ တွေ့ရ။
Lazy Club ကြီး နိုင်ဇော်နဲ့ တွေ့ရ။ ကျော်သူ ရွှေဇီးကွက် ဇနီးမောင်နှံနဲ့ တွေ့ရ။ ရန်ကုန်ကလာတဲ့ ချိုချို(ချိုပြုံး)နဲ့ ဖုန်းပြောရ။ ဒေါ်ခင်သူသူဝင်း၊ ကိုနေမျိုးဆေး သားအမိနဲ့ ဖုန်းပြောရ။ ဆရာမောင်သာနိုးနဲ့ ဖုန်းပြောရ။ ဆရာကြည်မင်း(ကျော်ဇောမင်း)နဲ့ ဖုန်းပြောရ။ ဆရာမ ရွှေကူမေနှင်းနဲ့ ဖုန်းပြောရ။ ဆရာမမိချမ်းဝေနဲ့ ဖုန်းပြောရ။ အစ်မနန်းအိအိဇာနဲ့ ဖုန်းပြောရ။ အစ်မသန်းမြင့်အောင်နဲ့ဖုန်းပြောရ။ မဇ္ဈိမလှိုင်း ကိုရဲလွင်နဲ့ ဖုန်းပြောရ။ ကဗျာဆရာ နေဘုန်းလတ်နဲ့ ဖုန်းပြောရ။ ဆရာမပန်းရိပ်ဖြူနဲ့ ဖုန်းပြောရ။ ဆရာမပန်ဒိုရာနဲ့ ဖုန်းပြောရ။ ကဗျာဆရာ မောင်ယုပိုင်နဲ့ ဖုန်းပြောရ။ ကိုဇာဂနာနဲ့ ဖုန်းပြောရ။ (မဇင်မာအောင်နဲ့ မစ်ရှီဂန်မှာ တွေ့တာ ကျန်သွားတယ်။ ။ဤကား စကားချပ်) ဒါ ကျနော့်အလွမ်းဖြေဋီကာတွေပါပဲ။ ဒီပြည်ပြေး ၁၆ နှစ်အတွင်းမှာ ပြည်ပြေးအချင်းချင်း လွမ်းတဲ့အလွမ်းတွေကလည်း ရှိပါသေးတယ်။ ပြည်ပြေးအချင်းချင်း လွမ်းတယ် ဆိုတာ တိုင်းပြည်ကို လွမ်းတာပါပဲ။ အမေရိကမဲဇာမှာ ပြည်ပြေးကြီး ဆရာမောင်စွမ်းရည်ကို ကျနော် လွမ်း။ အမေရိကမဲဇာမှာ ပြည်ပြေးကြီး ဒေါ်မာမာအေးကို ကျနော်လွမ်း။ ဒီ ၁၆ နှစ်တာ ပြည်ပြေးဘဝ၊ ဆရာမောင်စွမ်းရည်တို့၊ ဒေါ်မာမာအေးတို့နဲ့ နီးနီးကပ်ကပ် လက်ပွန်းတတီး နေခဲ့ရတဲ့အချိန်တွေဟာ အောင်ဝေးအတွက် သိပ်ကိုအဓိပ္ပာယ်ရှိခဲ့ပါတယ်။
မောင်စွမ်းရည်(၁၉၃၇- )
ဆရာက ၃၇ ခုဖွား။ ကျနော်က ၅၄ ခုဖွား။ ဆရာစွမ်းက ကဗျာမှာ၊ နိုင်ငံရေးမှာ ကျနော်တို့ရှေ့က ဦးဆောင်တစ်ဦးပါ။
တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ ကျနော်တို့ရှေ့က ကြယ်တာရာတွေပါ။
နိုင်ငံရေးမှာ ဆရာစွမ်းတို့ခေတ်က မန်းတက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုမှာ ဆရာနဲ့ နာမည်တူအနုပညာကျော်ပုဂ္ဂိုလ်တစ်ဦးက DSO ကျော်ငြိမ်းမယား ခင်နွဲ့ရီ ကျောင်းသား။ ဆရာစွမ်းက တိုးတက်တော်လှန်တဲ့ တပ်ဦးကျောင်းသား။ ဆရာစွမ်းက ၂၀၀၂ လောက်မှာ ဥရောပကနေ အမေရိက ရောက်လာတယ်။ အောင်ဝေးက ၂၀၀၈ မှာရောက်ပါတယ်။
ဒေါ်မာမာအေး (၁၉၄၂- ၂၀၂၄)
မမအေးက ၄၂ ခုနှစ်ဖွား ဆိုတော့ ကျနော့်ထက် ၁၂ နှစ်ကြီးပါတယ်။ ကျနော်က ဒေါ်မာမာအေးကို မမအေးလို့ပဲ ခေါ်ပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ကျနော်က အစ်မလို့ ခေါ်သဗျာ) မမအေးက အင်္ဂလန်ကနေ အမေရိကကို ၁၉၉၈ မှာ ရောက်တာပါ။
၂၀၀၈ မှာအမေရိကကို ကျနော် ရောက်ရောက်ချင်း လူလွှတ်ပြီး အကူအညီပေးတာ မမအေးပါ။ ဒီတုန်းက ကျနော်က မစ်ရှီဂန်(လန်စင်းမြို့)မှာပါ။
မမအေးက အင်ဒီယားနား (ဖို့တ်ဝိန်းမြို့)ပါ။ မစ်ရှီဂန် လန်စင်းနဲ့ အင်ဒီယားနား ဖို့တ်ဝိန်းတို့က အိမ်ဦးနဲ့ ကြမ်းပြင် မိုင် ၁၀၀ ကျော်ပါ။ ကား ၂ နာရီ မောင်းရတယ်။
ဆရာစွမ်းက နယူးယောက်မြို့မှာ နေတယ်။ နယူးယောက်မြို့ကို အခါအားလျော်စွာ ကျနော် ရောက်ပါတယ်။
ရောက်တိုင်း ဆရာ့အိမ်သွား၊ ဆရာနဲ့ အန်တီပြုံးကို ကန်တော့ပါတယ်။ ဒေါ်မာမာအေးနဲ့ကတော့ ကျနော်တို့ မိသားစု မစ်ရှီဂန်ကနေ အင်ဒီယားနားပြည်နယ်၊ အင်ဒီယားနားပုလိစ်မြို့ ပြောင်း၊ အဲဒီကနေတစ်ခါ ဖို့တ်ဝိန်း(အင်ဒီယားနားပြည်နယ်ထဲပါပဲ) ပြောင်းရွှေ့လာတော့ မမအေးနဲ့ အနေနီးကပ်နှလုံးနီးစပ် ဆိုပါတော့။ ဆရာစွမ်းက ကျန်းမာတယ်။ နေကောင်းတယ်။ လူကြီးကောင်း။ မမအေးက မကျန်းမာဘူး။ နှလုံးခွဲထားရတယ်။ ကင်ဆာ ခံစားရတယ်။ မမအေးက သူ ခံစားနေရတဲ့ ဝေဒနာတွေကို အိမ်လွမ်းစိတ်နဲ့ ကုတယ်။ တိုင်းပြည်ချစ်စိတ်နဲ့ ကုတယ်။
နွေဦးတော်လှန်ရေးမှာ အောင်ဝေး ဘာလုပ်လုပ် မာမာအေး အမြဲပါတယ်။ အောင်ဝေး တကိုယ်တော် ကဗျာရွတ်ဆိုပွဲမှာ မာမာအေးက အဖွင့်အမှာစကားပြော၊ အဖွင့်ကဗျာရွတ်ပြီး နွေဦးအတွက် ရန်ပုံငွေရှာပေးတယ်။
၂၀၂၄ ဖေဖော်ဝါရီ (၁၇) ဆရာမောင်စွမ်းရည် မွေးနေ့နီးတော့ နယူးယောက်မြို့က ကိုဖိုးခွား၊ ကိုနေတင်မြင့်တို့နဲ့ ကျနော်တို့၊ ကိုစောဝေတို့၊ ကိုငြိမ်းသစ်တို့၊ ထက်ဇော်တို့ ပေါင်းပြီး မွေးနေ့ဂုဏ်ပြုစာအုပ်ကလေး လုပ်တယ်။ မမအေးကို စာမူတောင်းတော့ အတော်ကို မကျန်းမမာ ဖြစ်နေတဲ့ကြားက ကြိုးစားပြီး ကဗျာတစ်ပုဒ် ချီးမြှင့်ခဲ့တယ်။
အဲဒီစာအုပ်ကလေး မထွက်ခင် ၂၀၂၄ ဇန်နဝါရီ ၈ ရက်နေ့မှာ မမအေး ဆုံးပါးသွားခဲ့ပါတယ်။ (အဲဒီစာအုပ်ကလေး ရောင်းပြီး မွေးနေ့ရှင် ဆရာစွမ်းကို ကျနော်တို့ ဒေါ်လာ ၁,၀၀၀ ကန်တော့နိုင်ခဲ့ပါတယ်။ မမအေး သာဓုခေါ်ပါနော်)
မမအေးရဲ့ နောက်ဆုံးအချိန်မှာ ကျနော်တို့၊ ခင်ဆွေရီ တို့ရှိနေခဲ့ကြတာမို့ ပိုလို့ထိခိုက်ကြေကွဲရ၊ လွမ်းဆွတ်တမ်းတရပါတယ်။ ပြည်ပြေးအချင်းချင်း လွမ်းတဲ့အလွမ်းက ကမ္ဘာတိုင်ပါတယ်။ အခု မမအေး ကွယ်လွန်တဲ့ နှစ်လ သုံးလထဲမှာပဲ မမအေးကို ဂုဏ်ပြုတဲ့ စာအုပ်ကလေး ကျနော်နဲ့ မိုးမခဆရာမောင်ရစ်တို့ ထုတ်ဝေနိုင်ခဲ့ပါတယ်။
ဒီစာအုပ်မှာ မမအေးရဲ့ Masterpiece "မေ့ကွက်ကိုရှာ"သီချင်းထဲက "လွမ်းသူရဲ့ ပွဲ"ဆိုတဲ့ စာသားကိုစာအုပ်နာမည်ပေးခဲ့ပါတယ်။ လွမ်းခြင်းသည် သမိုင်းမည်၏။ လွမ်းတတ်သူသာ သမိုင်းဝင်လေသည်။ ကျနော် လွမ်းတတ်ပါသည်။ လွမ်းနေပါသည်။ ကိုယ့်လက်ပေါ်မှာ ကိုယ် ချစ်ခင်တန်ဖိုးထားရတဲ့သူတစ်ယောက် ကွယ်လွန်ဆုံးပါးသွားတာကို လောလောလတ်လတ် ခံစားထားရတာကြောင့်ပဲလား မသိပါ။
ယခုတလော ကျနော် အရာရာကို လွမ်းမိနွမ်းမော ဖြစ်နေခဲ့ပါသည်။ ကျနော်က လွမ်းတတ်တဲ့သတ္တဝါထဲမှာမှ ကဗျာဆရာက လာဖြစ်နေသေးတာမို့ ပိုလွမ်းတတ်လေသလား။
ဆရာဦးတင်မိုး ကယ်လီဖိုးနီးယားမှာ ဆုံးတုန်းက (၂၀၀၇)၊ ကျနော်က ရန်ကုန်မှာပါ။
ရန်ကုန်မှာ ကျနော်လွမ်းတာပေါ့။ ဆရာရဲ့ အင်းစိန် မင်းကြီးလမ်း အိမ်မှာ ကျနော်တို့ တင်မိုး ဂုဏ်ပြုပွဲကို စစ်ထောက်လှမ်းရေးတွေ စောင့်ကြည့်နေတဲ့ကြားက ကျနော်တို့ လုပ်ခဲ့တာပေါ့။ လွမ်းခဲ့တာပေါ့။ အဲဒီနေ့က ဆဲဗင်းဂျူလိုင် ကျောင်းသားခေါင်းဆောင် ဘိုကလေးဦးလှရွှေ မိန့်ခွန်းပြောတယ်။ ရှစ်ဆယ့်ရှစ်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် မိန့်ခွန်းပြောတယ်။ အောင်ဝေးကအခမ်းအနားမှူးပေါ့။ အလွမ်းအနားမှူးပေါ့။
ဟော ဒေါ်မာမာအေး ကွယ်လွန်တော့လည်း မာမာအေး ဈာပနမှာ အောင်ဝေးပဲ အခမ်းအနားမှူး၊ အောင်ဝေးပဲ အလွမ်းအနားမှူး။ လွမ်းစရာရှိရင် လွမ်းစရာနဲ့ပဲ ဖြေရပါတယ်။ ဖြေလို့ ပြေတဲ့ အလွမ်းတွေ ရှိသလို၊ ဖြေမပြေနိုင်တဲ့ အလွမ်းတွေလည်း ရှိသမို့ မဟုတ်လား။ မပြေတဲ့ အလွမ်းကလေး တစ်ခု ပြောပြပါရစေ။ အောင်ဝေးရဲ့ ကဗျာဆရာဘဝဦးက အစောပိုင်းရေးခဲ့တဲ့ ကဗျာတွေမှာ ဒဂုန်တာရာ၊ ကြည်အေး၊ မောင်လေးအောင်တို့ အရိပ်လွှမ်းတယ်လို့ ဆရာမောင်စွမ်းရည်တို့လိုဝေဖန်ရေးဆရာတွေက ထောက်ပြကြပါတယ်။ ဟုတ်ပါတယ်။ ကျနော် ဒဂုန်တာရာ ခရေဇီပါ။ ကျနော် ကြည်အေးခရေဇီပါ။ ကျနော် မောင်လေးအောင်ခရေဇီပါ။ ဝန်ခံပါတယ်။
ကျနော့်ခရေဇီဆရာမကြည်အေးက အမေရိကမှာ နေတာပါ။ ကျနော် အမေရိကရောက်တော့ (၂၀၀၈) ဒေါ်ကြည်အေးနဲ့ အဆက်အသွယ်ရဖို့ လုပ်ပါတယ်။ တဆင့်ခံ အကူအညီတောင်းပြီး ဆက်သွယ်ဖို့ ကြိုးစားပါတယ်။ ဘယ်လိုမှ မရခဲ့ပါဘူး။ ဒေါ်ကြည်အေး ကဗျာဆရာမကကဗျာဆရာတွေနဲ့ ကင်းအောင်နေရော့သလား။ ပြည်တွင်းမှာတုန်းက အားမာန်သစ်စာပေက ထုတ်တဲ့ ဒေါ်ကြည်အေး ကဗျာစာအုပ် (ကြည်အေး၏ကဗျာများ) ဒုတိယအကြိမ်၊ ၁၉၉၂ ကို ကျနော်တည်းဖြတ်ပေးခဲ့တာပါ။ အမှားအယွင်းတွေ ပါသွားတဲ့ ပထမအကြိမ်ထုတ် စာအုပ်တုန်းက ကျနော်ထောင်က မလွတ်သေးပါဘူး။
ကြည်အေးကဗျာတွေနဲ့ ကဗျာဆရာ ဖြစ်လာတဲ့ အောင်ဝေးဟာ အမေရိကမှာ ကြည်အေးနဲ့ မတွေ့လိုက်ရပါဘူး။ ကြည်အေးကို မဖူးလိုက်ရပါဘူး။
၂၀၁၆ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ဒေါ်ကြည်အေး နယူးယောက်မြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီမတိုင်ခင် နယူးယောက်မြို့ကို ကျနော် ကြိမ်ဖန်များစွာ ရောက်ခဲ့ပေမဲ့ ဆရာမ ဒေါ်ကြည်အေးကို မတွေ့ခဲ့ မဆုံခဲ့ရတဲ့ အဖြစ်က လွမ်းလို့ သေလောက်ပါတယ်။ ။
အောင်ဝေး
(ဧပြီ ၁၊ ၂၀၂၄)
စာကြွင်း။ ။ဆရာမကြည်အေး မကွယ်လွန်ခင် သူ့ရဲ့နောက်ဆုံးကဗျာစာအုပ်ဖြစ်တဲ့ "ပွင့်ဒင်္ဂ"ကိုတော့ ကျနော် ထုတ်ခွင့်ရခဲ့ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar