Breaking News

လေခဏီ - သေငယ်ဇောနဲ့ မြောချိန်

လေခဏီ - သေငယ်ဇောနဲ့ မြောချိန်

(မိုးမခ) ဧပြီ ၂၀ ၊ ၂၀၂၄

သင်္ကြန်ရေကစားပြီးကာ ရှိသေး၊ ငှက်သိုက်တွေ မီးမြှိုက်ပြီ။

စစ်ကြောင်းတွေလဲ တကြောင်းပြီးတကြောင်း ပျောက်ပျောက်သွားလိုက်တာ ဒေးဗစ်ကိုပါဖီးလ်မျက်လှည့်ပြနေသလားမှတ်ရ။ တပ်ကြီးတွေလိုက် ဖျောက်ပြတာတော့ ရိုးတောင်နေလို့ ကြည့်မယ့်သူတောင် သိပ်မရှိ။ ခုတော့ မီးက မအလ ဖင်မွှေးတောင် လိုက်ဟပ်နေလို့ မယားပစ်ပြေးရတဲ့အခြေ။ လိုကေးရှင်းဖျောက် VPN ခံ ပရိုဖိုင်လော့ချ ဘုရားပုံတွေ လျှောက်တင်နေရတဲ့ ဖေ့ဘွတ်ယူဆာဝဋ် စလည်ပြီလေ။ အမယ် ခု ရောက်တဲ့မြို့တောင် မီးမပေးခိုင်းရဲဘူးဆိုဘဲ၊ မီးလင်းကောင်ခါးပတ်ပါ ပြန်အပ်လိုက်ရတဲ့ ဘွ၊ မအလရဲ့ ဘွ။

ရခိုင်၊ ကရင်၊ မွန်၊ ကချင်၊ ကရင်နီ ပအိုဝ်း၊ ချင်းမျိုးစုံလင် ဗမာဒေသတခွင် ပြဲပြဲစင်အမဲဖျက်နေကြတာ တရက်တရက် မင်းအောင်လှိုင် မိသားစုအတွက် အူဂလယ်တယ်တယ်နဲ့ အသက်ပေးသွားတဲ့စစ်သားလေးတွေဆိုတာ နည်းမှတ်လို့။ ရက်မှလ လမှနှစ် တွက်စစ်သာကြည့်ကြပေရော့။ လက်ပေး ခြေပေး သားပေးမယားပေး ထော့နဲ့တိုပြတ်စာရင်း မပြောသေးဘူး။

စစ်သားတွေကို ဖြုတ်ချက်မိုက်သလို ဖုတ်ချက်မိုက်ပုံကလဲ အုပ်ကြီးအစ တိုင်းမှူးအလယ် သရေကြိုးအဆုံး တအုံးအုံးနဲ့ ပြေးနိုင်မှလွတ်မယ်နော်ဆိုသလိုကို ဆော်ကြတာကလား။ ကိုယ့်နယ်ရောက်လာ ကိုယ့်အစာ၊ ကိုယ်တိုက်ကိုယ်ယူ ကိုယ့်ပြည်သူ၊ ကိုယ် သိမ်းကိုယ်ပိုက် လက်နက်တိုက်၊ အမယ် ကိုယ့်နယ်ကိုယ်စိုး ကိုယ်မင်းမျိုးထိကို ဖြစ်လာပကိုး။

မအလအတွက် ထွက်ပေါက်က စစ်ဥထမ်းဥပဒေနဲ့ လူမျိုးရေး ဘာသာရေးအမုန်းကို အသုံးချပြီး အသက်အချောင်ပေးမယ့်သူတွေရှာတာဘဲရှိတော့တာ။ ဒီအချက်ကို ထူးထူးခြားခြားပံ့ပို့မယ့်သူကတော့ ပအိုဝ်းဗုဒ္ဓဘာသာနဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ဖြစ်နေတာပါဘဲ။ အံ့စရာမဟုတ်ပေမယ့် အသုံးချတတ်သူအဖို့ အသုံးချစရာဖြစ်သလို ခေါင်းဆောင်ပိုင်းရဲ့ မဟားတရား အကျိုးစီးပွားအတ္တအောက် အသုံးတော်ခံရမယ့် အနေအထားကလည်း ရောက်နေတာကိုး။ ကျန်လူမျိုးတွေ ဒေသတွေက စစ်ဥထမ်းထဲ ကိုယ့်လူမျိုး ကိုယ့်ရပ်ရွာ ပါမသွားအောင် ကျိုးစားနေချိန်မှာ သူတို့ကတော့ အတင်းထိုးထည့်ပေးသူတွေလှည့်ကွက်ထဲ မငြင်းသာသူတွေက ပါသွားရရှာတာ။ သင်တန်း ၁၅ရက်နဲ့ ရှေ့တန်းမှန်း နောက်တန်းမှန်းမသိထွက်ရပြီး အသက်ပေးလိုက်ကြရတာ။ တပ်က အသက်တွေကို တပွဲသုံးလုပ်နေတာ။ တခါ ရွာသားတွေကိုလဲ တကြိတ်တည်း တဉာဏ်တည်း အလိုတူအလိုပါဖြစ်အောင် လိုက်သွားသူရဲ့ မိဘတွေအတွက် ငွေပံ့ပိုးပေးခိုင်းသေးတယ်။ ပြီးတော့ သူတို့တိုက်ပွဲစရိတ်ပါ ထပ်ဆောင်းပေးလိုက်ရသေးတဲ့အပြင် ခု မသာစရိတ်ပါ ထပ်ကျခံပေးနေရသေးတယ်။ တခါတခါ သမီးပျိုနဲ့ မယားကို ဆွဲတာပါ ခံလိုက်ရသေးတယ်။ နောက်တခါ စစ်ပွဲဖြစ်ပြန်ရင်လည်း ဘယ်မှအပြေးမခံ လူသားတံတိုင်းက လုပ်ခံထားရသေးတာ။ ပြေးတဲ့အိမ် ပစ္စည်းသိမ်း မီးတိုက်တော့ ငုတ်တုတ်ခံကြရတာပါဘဲ။ အသက်နဲ့ စည်းစိမ် မလဲသာသူတွေဟာ အသက်ရော စည်းစိမ်ပါ ဆုံးရှုံးနေကြရတာပါဘဲ။

ဒါပေမဲ့ ဒီရက်စက်ရမ်းကား လူ့စိတ်လွန် လုပ်ဆောင်မှုတွေဟာ မအလနဲ့ သူ့တပ်ဆီ ပြန်လည်ဦးတည်လာနေပါပြီ။ နာကြည်းမှု၊ ရုန်းကန်မှု၊ တွန်းလှန်မှု၊ ထောက်ပံ့မှု ဦးဆောင်မှုတွေ တခုတည်း တသားတည်း ဖြစ်သွားမယ့် ဆုံမှတ်ရောက်ရင် အကုန်ပြတ်ပါပြီ။ စစ်မင်း သုံးဆက်လုံး ဗုန်းဗုန်းကျချိန် မဝေးတော့ပါ။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar