Breaking News

ဘူးသီးတောင်မြို့က နေအိမ် မီးရှို့ဖျက်ဆီးမှုတွေရဲ့ အကျိုးဆက်၊ မြစ်ကြီးနား အကျဥ်းထောင် ဆူမှု သေဆုံးသူ အကျဥ်းသား ၄ ဦးထက်မနည်း သေဆုံး

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၁၉ မြင်ကွင်း

(မိုးမခ) ဧပြီ ၂၀ ၊ ၂၀၂၄

ဘူးသီးတောင်မြို့က နေအိမ် မီးရှို့ဖျက်ဆီးမှုတွေရဲ့ အကျိုးဆက်၊ မြစ်ကြီးနား အကျဥ်းထောင် ဆူမှု သေဆုံးသူ အကျဥ်းသား ၄ ဦးထက်မနည်း သေဆုံး

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့မှာ သင်္ကြန် အကြိုနေ့ ဝန်းကျင်က စတင်ကာ ဖြစ်ပွားလာနေတဲ့ နေအိမ်မီးရှို့ဖျက်ဆီးတာတွေ၊ အရပ်သား တွေဖမ်းဆီးထားတာတွေ၊ အချို့သော နေအိမ်တွေကို ဘူဒိုဇာမြေထိုးစက်တွေနဲ့ ထိုးပြီး ဖျက်ဆီးတာတွေက လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့အကြားက စစ်ရေးပဋိပက္ခ အပြင်၊ အဲဒီဒေသတွေမှာ လှုပ်ရှားမှုရှိနေတဲ့ ARSA လို ရိုဟင်ဂျာ လက်နက်ကိုင်တပ်လည်း ပါဝင်လာပြီး လူမျိုးရေး ဘာသာရေးအသွင်ဆောင်တဲ့ လက်တုံ့ပြန်မှုတွေ၊ သတ်ဖြတ်မှုတွေ ဆီအထိ ဦးတည်လာနိုင်တဲ့ အနေအထားတွေ ဖြစ်လာနေတာကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ 

သင်္ကြန်ရက်တွေအတွင်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဧပြီလ ၁၅ ရက်နေ့မှာ MSF ရုံးခန်းမီးရှို့ဖျက်ဆီးခံရကြောင်း နိုင်ငံတကာ NGO အဖွဲ့တဖွဲ့ဖြစ်တဲ့ နယ်စည်းမခြားဆရာဝန်များအသင်း MSF က ထုတ်ပြန်ချက်ထုတ်ခဲ့ပြီးနောက်မှာ ဘူးသီးတောင်မြို့က အဖြစ်အပျက်တွေကို အာရုံစိုက်မိလာကြတာ ဖြစ်ပါတယ်။ ရခိုင်သတင်းဌာနအချို့မှာ ရေးသားဖေါ်ပြချက်တွေအရ စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်တဲ့ ဘူးသီးတောင်မြို့မှာ စစ်ကောင်စီတပ်တွေက ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးပြီး ရခိုင်လူမျိုးတွေရဲ့ နေအိမ်တွေ၊ ရပ်ကွက်တွေကို မီးရှို့ဖျက်ဆီးတာ အချို့သောနေအိမ်တွေကို ဘူဒိုဇာနဲ့ ဖျက်ဆီးဖယ်ရှားတာတွေ လုပ်ဆောင်နေကြောင်း ဖေါ်ပြထားကြတာတွေ့ရပါတယ်။ အင်တာနက် နဲ့ ဖုန်းလိုင်းတွေ ကောင်းကောင်းမရတဲ့ အနေအထားကြောင့်လည်း ဘူးသီးတောင်မြို့က အဖြစ်အပျက်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ အတည်ပြုဖို့ ခက်ခဲနေတဲ့ အနေအထားမှာ အခုလို သတင်းတွေထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာပဲ အိန္ဒိယနိုင်ငံက သတင်းစာတစောင်ဖြစ်တဲ့ The New Indian Express က ဖေါ်ပြရာမှာ ARSA နဲ့ ARA ရိုဟင်ဂျာ လက်နက်ကိုင်တပ်တွေက စစ်ကောင်စီရဲ့  အားပေးမှုနဲ့ ဟိန္ဒူဘာသာဝင် ၁၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ကို ဖမ်းဆီးထားတယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။ ဒီသတင်းဖေါ်ပြပြီးနောက်မှာ စစ်ကောင်စီဘက်က ပြောရေးဆိုခွင့်ရှိသူက အိန္ဒိယသတင်းဌာနရဲ့ ဖေါ်ပြချက်ကို ငြင်းဆိုလိုက်ပြီး စစ်ကောင်စီ အနေနဲ့ အခု ဖြစ်ရပ်တွေနဲ့ သက်ဆိုင်မှုမရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။ အခုလို ဘူးသီးတောင်မြို့မှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ ဓါးစာခံ ဖမ်းဆီးတဲ့ အဖြစ်အပျက်တွေ မဖြစ်ပွားမီ သီတင်းပတ်အနည်းငယ်က စစ်ကောင်စီရဲ့ ခွင့်ပြုမှု နောက်ကွယ်က လှုံ့ဆော်မှုကြောင့်လို့ ယူဆရတဲ့ ရိုဟင်ဂျာလူမျိုးတွေရဲ့ AA ဆန့်ကျင်ရေး ၊ စစ်ပွဲတွေ အလိုမရှိဆိုတဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘူးသီးတောင်မြို့မှာ အခုလို မတည်မငြိမ်ဖြစ်ပွားနေတဲ့ အချိန်မှာလည်း အထက်က ကြွေးကြော်သံတွေနဲ့ ဆန္ဒပြမှုတွေ ထပ်မံဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ဧပြီလ ၁၉ ရက်နေ့မှာ သတိပေး ပြောဆိုလိုက်ပါတယ်။ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ရည်ညွှန်းပြီး အဆိုပါအဖြစ်အပျက်မျိုး ထပ်မံဖြစ်ပွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့လည်း သတိပေးလိုက်ပါတယ်။ ဒီလို အဖြစ်မျိုး ထပ်မံဖြစ်ပွားမှာကို ခွင့်ပြုလို့မရပါဘူးလို့လည်း ကုလမဟာမင်းကြီးက ပြောဆိုပါတယ်။ 

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့က နယ်ခြားစောင့် ရဲစခန်းအများအပြားကို တပြိုင်နက်ထဲ တိုက်ခိုက်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ မြန်မာစစ်တပ်က ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ကို နှိမ်နှင်းရေး အကြောင်းပြချက်နဲ့ ရိုဟင်ဂျာ ကျေးရွာအမြားအပြားကို ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်ကိုင် အဖွဲ့ဝင်မဟုတ်တဲ့ မိန်းမနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား  ထောင်သောင်းချီ သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ထိုစဥ်က ARSA နဲ့ စစ်ကောင်စီတပ်က ဆန့်ကျင်ဘက် မှာရှိခဲ့ကြပေမယ့် အခု ဖြစ်ရပ်မှာတော့ စစ်ကောင်စီနဲ့ ARSA တို့ မဟာမိတ်သဖွယ် ပူးပေါင်းလုပ်ဆောင်နေကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တခုလုံးကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်စခန်းတွေ၊ မြို့တွေကို တိုက်ခိုက်သိမ်းယူနေတဲ့ AA ကို အပြင်းအထန် ခုခံတိုက်ခိုက်နေရတဲ့ စစ်ကောင်စီအနေနဲ့ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ မဟာမိတ်ပြုကာ AA ကို ခုခံတိုက်ခိုက်ဖို့၊ လူမျိုးရေး အဓိကရုဏ်းလိုမျိုး အသွင်ဖြစ်အောင် ပုံဖော်ဖို့ ရိုဟင်ဂျာတွေကို ပြည်သူ့စစ်၊ စစ်မှုထမ်း အဖြစ်စုဆောင်းပြီး AA ကို ခုခံတိုက်ခိုက်ရာမှာ အသုံးချဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် တုန်းကလို အခြေအနေမျိုး လူမျိုးရေးနဲ့ ဘာသာရေး ဆိုင်ရာ အမုန်းတရားတွေကို နှိုးဆွပြီး အကြမ်းဖက်မှုတွေ သတ်ဖြတ်မှုတွေ၊ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ထပ်မံ ဖြစ်ပွားမလာစေဖို့ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အားလုံး ဝိုင်းဝန်းတားဆီး ကာကွယ်ကြဖို့လိုအပ်တာလည်း ဖြစ်ပါတယ်။ ပြည်ပအခြေစိုက် ရိုဟင်ဂျာအရေး ဦးဆောင်လှုပ်ရှားသူတွေက ပြောဆိုရာမှာတော့ စစ်ကောင်စီက ဘူးသီးတောင်မြို့ ရှိ ရခိုင်အိမ်တွေကို ဖောက်ထွင်း ပစ္စည်းယူတဲ့အခါ၊ မီးရှို့ဖျက်ဆီးတဲ့အခါ ရိုဟင်ဂျာတွေကို အတင်းအဓမ္မ ခေါ်ဆောင်သွားပြီး ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာတွေအကြား အထင်အမြင်လွဲအောင် လုပ်ဆောင်တာလို့ RFA မြန်မာပိုင်းကို ပြောဆိုထားပါတယ်။ 

၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်အနေနဲ့ ရိုဟင်ဂျာ လူဦးရေ ၁ သန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းလိုနေရာတွေမှာ ထွက်ပြေးခိုလှုံနေကြရတာ ၇ နှစ်ကျော်ရှိလာချိန်မှာ နောက်ထပ် လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ ပဋိပက္ခနဲ့ သတ်ဖြတ်မှုတွေ ဖြစ်ပွားလာနိုင်တဲ့ အန္တရာယ် ထပ်မံကျရောက်လာနေတာလည်း ဖြစ်ပါတယ်။ အာဏာ ထိန်းချုပ်ရယူဖို့ရာအတွက် လူမျိုးဘာသာ မတူကွဲပြားတဲ့ သူတွေလက်ထဲ လက်နက်တွေ အမုန်းတရားတွေ စိုးရိမ်ကြောင့်ကြမှုနဲ့ လက်ဦးမှုရယူ တိုက်ခိုက်ကြမယ့် အခြေအနေမျိုးကို ဖန်တီးနေကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်ထပ် အကြောင်းအရာတခုက မြစ်ကြီးနား အကျဥ်းထောင်မှာ ထောင်ဆူပူမှုဖြစ်ပွားပြီး စစ်ကောင်စီရဲ့ လုံခြုံရေးတွေက ပစ်ခတ်နှိမ်နှင်းရာမှာ အနည်းဆုံး ၄ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့တဲ့ သတင်းဖြစ်ပါတယ်။ ဧပြီလ ၁၇ ရက်နေ့မှာ ကြေညာတဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် နဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိရာက စတင်ဖြစ်ပွားတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြတာ ဖြစ်ပါတယ်။ ဧပြီလ ၁၈ ရက်နေ့နေ့ခင်းပိုင်းက စတင်ခဲ့တဲ့ အကျဥ်းထောင်ဆူပူမှုကို ညနေပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေက စတင်ပစ်ခတ်ခဲ့ပြီး သေဆုံးမှုတွေရှိခဲ့ကြောင်း အစောပိုင်းသတင်းတွေ ထွက်ပေါ်ခဲ့ကာ ယမန်နေ့ကတော့ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးတာကို အတည်ပြုပေမယ့် အမည်နဲ့တကွ ထုတ်ပြန်အသိပေးတာမျိုးတော့ မဟုတ်ပါဘူး။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် အကျဥ်းထောင်တွေမှာ မကြာခဏ ဆန္ဒပြမှုတွေ၊ ထောင်ဆူပူမှုတွေ ဖြစ်ပွားလေ့ရှိကာ အသက်ဆုံးရှုံးမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar