Breaking News

နိုင်ငံရေး၊ စစ်ရေး နယ်ပယ်က အကျိုးစီးပွားနဲ့ ရိုးသားမှု

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၂၇ မြင်ကွင်း

(မိုးမခ) ဧပြီ ၂၈၊ ၂၀၂၄

နိုင်ငံရေး၊ စစ်ရေး နယ်ပယ်က အကျိုးစီးပွားနဲ့ ရိုးသားမှု

နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံရေး ဖြစ်စဥ်များနှင့် ပတ်သက်သည့် လူသိများသော ဆိုရိုးစကားတရပ် ရှိသည်။ အမြဲတမ်းမိတ်ဆွေ၊ အမြဲတမ်းရန်သူဟူ၍ မရှိ၊ အမြဲတမ်းအကျိုးစီးပွားသာလျှင် ရှိသည်ဆိုသည့် ဆိုရိုးစကား ဖြစ်သည်။  အဆိုပါဆိုရိုးစကားက နိုင်ငံတကာဆက်ဆံရေး၊ ကွန်မြူနစ်၊ အာဏာရှင်၊ အရှင်းရှင် အစရှိသည့် နိုင်ငံရေးအယူအဆချင်း မတူကြသည့် နိုင်ငံတွေအကြား အုပ်စုဖွဲ့ကြသည့် အခြေအနေမျိုးကို နားလည်စေဖို့ ရှင်းလင်းပြောဆိုကြရတွင် အဆိုပါ ဆိုရိုးစကားဖြင့် နောက်ကွယ်က ဖုံးကွယ်နေသည့် အကျိုးစီးပွားများကို ဖော်ထုတ်ရှင်းပြလေ့ ရှိကြသည်။ ဥပမာအားဖြင့် အရင်းရှင် ကမ္ဘာ့အင်အားကြီးနိုင်ငံ အနေဖြင့် ဆိုဗီယက်ပြည်ထောင်စုနှင့် စစ်အေးခေတ် ရင်ဆိုင်နေကြရချိန်ကာလက ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးယို ယွင်းလာသည့်အခါ ဆိုဗီယက်ပြည်ထောင်စုနှင့်အားပြိုင်မှုတွင် ချိန်ခွင်လျှာအသာစီးရအောင် ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံထူထောင်ကတည်းက အမေရိကန်ပြည်ထောင်စုနှင့် ဆက် ဆံရေးမကောင်းခဲ့သည့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးထူထောင်ခဲ့သည့်အဖြစ်အပျက်မျိုးသည် မူဝါဒ၊ အခြေခံစံနှုန်းတန်ဖိုးများထက် အကျိုးစီးပွားကိုသာတွက်ချက်ပြီး ဖေါ်ဆောင်သည့် နိုင်ငံ ခြားရေး မူဝါဒ၏ ထင်ရှားသည့် သာဓက ဖြစ်သည်။ 

မြန်မာနိုင်ငံရှိ နိုင်ငံရေးအဖြစ်အပျက်များ၊ သမိုင်းမှတ်တမ်းများတွင်လည်း မိမိ၏ရန်သူဟု တလျှောက် လုံးမှတ်ယူထားသည့်အဖွဲ့အစည်း၊ ပါတီနှင့် အခြေအနေတခုတွင် ဘုံရန်သူ တူညီကြပြီး၊ ရည်မှန်းထားသည့်ရလဒ်တူကြသည့်အခါ မဟာမိတ်အဖြစ်လက်တွဲလုပ်ဆောင်ခဲ့ကြသည့် သာ ဓကတွေ အများအပြားရှိခဲ့ပြီး ဖြစ်သည်။ 

လတ်တလော မြဝတီမြို့ နယ်က လက်နက်ကိုင်တိုက်ပွဲများ၊ မြို့သိမ်းယူထားသည့်အခြေအနေ၊ အဖြစ်အပျက်များသည် နားလည်ရခက်ခဲသည့်အခြေအနေများဖြစ်နေပြီး အဆိုပါဖြစ်စဥ်ထဲပါဝင် ပတ်သက်နေသည့်အဖွဲ့အစည်းများကလွဲ၍ သာမန်လူထုအဖို့ ဖြစ်စဥ်ကို ဘယ်လိုနားလည်ရမှန်းမသိသည့်အခြေအနေမျိုးကြုံတွေ့နေကြရသည်။ ထိုသို့သော မြဝတီမြို့ထိန်းချုပ်ရေး၊ တိုက်ပွဲ၊ နောက်ကွယ်တွင် ဆွေးနွေးညှိနှိုင်းမှု အစရှိသည့်အခြေအနေမျိုးကို အထက်က ဆိုရိုးစကားဖြင့်သာ နားလည်ဖို့ ကြိုစားကြရသည့်သဘောလည်း ဖြစ်လာခဲ့သည်။ ဒီမိုကရေစီစနစ်လိုလားသည့်အဖွဲ့ နှင့်အာဏာရှင်စနစ်လိုလားသည့်အဖွဲ့ ဟူ၍ အဖြူနှင့်အမည်း၊ လူဆိုးနှင့်လူကောင်း စသည့်အလွယ် သရုပ်ခွဲ သတ်မှတ်လို့ရသည့်အခြေအနေမျိုးမဟုတ်ဘဲ အကျိုးစီးပွားပေါ် အခြေခံကာ ဘယ်အဖွဲ့နှင့် လက်တွဲမည်၊ ဘယ်အဖွဲ့ကိုကူညီဖေးမမည်ဆိုသည့်ဆုံးဖြတ်ချက်များကို ချမှတ်ကြသည့် အနေ အထားမျိုးလည်း ဖြစ်သည်။ 

ထိုသို့ဆုံးဖြတ်ချက်ချမှတ်ရာတွင် အမှန်တကယ်ထည့်သွင်းစဥ်းစားရသည့် အကျိုးစီးပွား၊ ထိခိုက်နစ်နာမှု၊ ဆုံးရှုံးမှုကို အများပြည်သူသိအောင်ပြောဆိုခြင်းမပြုဘဲ၊ အများလက်ခံစေနိုင်သည့် ယုတ္တိ၊ အကြောင်းအကျိုးဆက်စပ်ချက်များဖြင့် အများပြည်သူကို လှည့်စားသည့်ပြောဆိုမှုတွေလည်း ကြားကြရမည့် နေအထားဖြစ်သည်။ 

အမှန်တကယ်တော့ အကျိုးစီးပွားဆိုသည့်စကားရပ်က ဘာမျှ မကောင်းသည့်သဘောမပါ၊ မှား ယွင်းသည့်သဘောမပါဟု ထင်မြင်ပါသည်။ အကျိုးစီးပွားဆိုသည့်စကားရပ်က ကြားနေအငွေ့ အသက်ပါသည့် စကားရပ်သာ ဖြစ်သည်။ ခေါင်းဆောင်တွေ၏ အကျိုးစီးပွား၊ ပါတီ၊ အဖွဲ့တခုထည်း၏ အကျိုးစီးပွား၊ လူမျိုးစု တစုတည်း၏ အကျိုးစီးပွားဆိုသည့် ဝိသေသတွဲဖက်ပါဝင်လာသည့် စကားရပ်တွေက မကောင်းသည့်သဘော၊ အငွေ့အသက်၊ မရိုးသားမှု၊ ဖုံးကွယ်မှုများနှင့် ဆက်နွယ်လာခြင်း ဖြစ်သည်။ 

နိုင်ငံရေးအဖွဲ့အစည်းတရပ်၊ လက်နက်ကိုင်အဖွဲ့အစည်းတရပ်အနေနှင့် ဆုံးဖြတ်ချက်တရပ်၊ လုပ် ဆောင်မှုတရပ်မလုပ်မီ အကျိုးစီးပွားကို တွက်ချက်ရမည်သာ ဖြစ်သည်။ မဟုတ်လျင် မျက်ကန်းတောတိုးလုပ်ရပ်မျိုး ဆုံးဖြတ်ချက်မျိုးဖြစ်နေပါလိမ့်မည်။ သို့သော်လည်း တွက်ချက်သည့် အကျိုး စီးပွားသည် အများနှင့်လိုက်လျောညီသည့် အကျိုးစီးပွားဖြစ်ဖို့လိုအပ်ခြင်းသာဖြစ်သည်။ ယင်းအကျိုးစီးပွားကို ဦးတည်ရသည့်အခြေအနေ ဆုံးဖြတ်သည့် ရည်ရွယ်ချက်ကိုလည်း အများကို အသိပေးနိုင်သည့် ရိုးသားဖြောင့်မတ်မှုမျိုး လိုအပ်ခြင်း ဖြစ်သည်။ 

မိမိတို့အဖွဲ့တဖွဲ့တည်းအကျိုးခံစားရပြီး အခြားသောအဖွဲ့အစည်းတွေအနေနှင့် အသုံးချခံရသည့် သဖွယ်မဖြစ်ဖို့ အရေးကြီးပါသည်။ မိမိတို့အဖွဲ့အစည်းကကိုင်စွဲရသည့် အကျိုးစီးပွားတွေက အများနှင့်သက်ဆိုင်သည့် အကျိုးစီးပွားတွေဖြစ်လျှင် ထုတ်ဖေါ် မပြောဆိုနိုင်စရာမရှိဟုယူဆပါ သည်။ လူသိရှင်ကြားကြေညာထားသည့်ရပ်တည်ချက်က တမျိုး၊ လက်တွေ့တွင်ကိုင်စွဲသည့် အကျိုးစီးပွား ရပ်တည်ချက်က ဆန့်ကျင်ဘက်ဖြစ်နေလျင် မရိုးသားသည့်အဓိပ္ပာယ်လည်း ဖြစ်ပေလိမ့်မည်။ 

မိမိတို့ရပ်တည်သည့် အကျိုးစီးပွားကို ရိုးရိုးသားသားထုတ်ဖော်ပြောဆိုနိုင်ဖို့ အခြေခံမူဝါဒတွေနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည့်အကျိုးစီးပွားမျိုးမဖြစ်ဖို့ နိုင်ငံရေးတွင် အရေးကြီးသည်ဟုယူဆပါ သည်။ နိုင်ငံရေးတွေ စစ်ရေးတွေမှာ ပရိယာယ်ရှိကြသည်ဟုဆိုကာ အကျိုးစီးပွားတွေကို ဖုံးကွယ်ထားကြပြီး အများပြည်သူကို အသိပေးကြေညာထားသည့်ရပ်တည်ချက်က တမျိုး၊ လက်တွေ့ နိုင်ငံရေး၊ စစ်ရေးတွင် လုပ်ဆောင်နေသည်က လူတဦးတယောက်၊ လူတစု၊ လူမျိုးတမျိုး၊ အဖွဲ့အစည်းတဖွဲ့ ထည်း၏အကျိုးစီးပွားကို ဦးစားပေးကာ လုပ်ဆောင်နေသည်ဆိုလျှင် ထိုအနေ အထားသည် အနာဂတ်အတွက်မကောင်းဟု ဆိုရပေလိမ့်မည်။ 

အကျိုးစီးပွားရှိခြင်းသည် မမှားသော်လည်း အများအတွက်အကျိုးစီးပွားနှင့် တစုတဖွဲ့ တဦးအတွက် အကျိုးစီးပွားဖြစ်ခြင်းက မှားယွင်းသည်ဟုသာဆိုလျှင် မှားမည်မထင်ပါ။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar