Breaking News

မျိုးသန့်ထွန်း(စစ်ကိုင်း) - ဝန်ကြီးချုပ်ဦးနုရဲ့ ဆောင်ရွက်ချက်ကြီး ၅ ချက်

မျိုးသန့်ထွန်း(စစ်ကိုင်း) - ဝန်ကြီးချုပ်ဦးနုရဲ့ ဆောင်ရွက်ချက်ကြီး ၅ ချက်

(မိုးမခ) ဧပြီ ၂၈ ၊ ၂၀၂၄

ဦးနုဟာ မြန်မာပြည်ရဲ့ လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာခဲ့ ပထမဆုံးဝန်ကြီးချုပ် ဖြစ်ခဲ့တယ်။ပါလီမန်ခေတ် ဒီမိုကရေစီအပြည့်အဝရှိတဲ့ ဝန်ကြီးချုပ်ဦးနု ဖြစ်ပါတယ်။ 

ထိုခေတ်မှာ အတိုက်အခံတွေ ရှိတယ်။ မ‌ကျေနပ်က ဝေဖန်လို့ ရတယ်။ တိုက်ခိုက်လို့ ရတယ်။ဝန်ကြီးချုပ်ကို မကြိုက်တဲ့သူ ရှိတယ်။ ကြိုက်တဲ့သူတွေ ရှိတယ်။ အဲဒါ ပြည်သူက အာဏာအပ် နှင်းထားတဲ့ ဒီမိုကရေစီအစိုးရတရပ် မြန်မာပြည်မှာ ပေါ်ထွန်းခဲ့ဖူးတာ ယနေ့ခေတ် လူငယ်များ လေ့လာဖို့ကောင်ပါတယ်။ ယနေ့ခေတ် လူငယ်များကတော့ ဝန်ကြီးချုပ်ဦးနုအကြောင်း သိပ်မသိကြတာဟာ နိုင်ငံအတွက် ဝမ်းနည်းစရာကောင်းလှပါတယ်။ စာပေ မဖတ်ရှု မလေ့လာကြတာလည်း ဖြစ်နိုင်ပါတယ်။

တခါက စာရေးသူ "ဦးနု ပြတိုက်"မှာ ပြတိုက်မှူး အလုပ်လုပ်စဉ် ကြုံဖူးပါတယ်။

လူငယ်တယောက်က "နု-အက်တလီ စာချုပ်" ကို ဦးနု အိမ်မှာ လက်မှတ်ထိုးတာလား မေးဖူးပါတယ်။ ဪ...မသိလို့မေးတာပါလို့ ဆိုပါတယ်။ သူတို့လိုလူငယ်မျိုးတွေများပြာရင်း နိုင်ငံအတွက် ရင်လေးမိပါတယ်။ အဲသလို မေးခွန်းမျိုး မီဒီယာသမား သတင်းထောက်မလေးတစ်ဦးက မေးဖူးပါတယ်။ နု-အက်တလီစာချုပ်က ဒီအိမ်မှာ လက်မှတ်ထိုးတာ မှတ်လို့ ပြောဖူးပါတယ်။ သူမက ကွန် ပျူတာတက္ကသိုလ်ကနေ ဘွဲ့ရလာတာလို့ ဆိုပါတယ်။ ဒါတွေမကပါဘူး။

ဦးနုကို တို့ဗမာအစည်းအရုံးဝင်ဖြစ်လို့ သခင်နု ဖြစ်လာတယ်ဆိုတာမသိတဲ့လူငယ်တွေတော်တော်များများ တွေ့ရဖူးပါတယ်။ အချို့လူငယ်တွေက တို့ဗမာအစည်းအရုံးဆိုတာမသိကြပါဘူး။ ဒီအတွက် စိတ်မ‌ကောင်းပါ။‌ နောင်အ‌ရေးအတွက် ဝမ်းနည်းစရာပါ။ 

ဒေါက်တာသန်းထွန်းက 'သမိုင်း သင်တယ်ဆိုတာ မအအောင်လို့' ပြောထားပါတယ်။ သမိုင်းကို မသင်ရဲ မသင်ကြည့် ခွေးဖြစ်လိမ်မယ် တဲ့။  သမိုင်းကို ဖျက်ဆီးသူ‌တွေ၊ သမိုင်းအမှန်ကို ဖုံးကွယ်ထားသူတို့ကြောင့်  သမိုင်းတရားခံဘယ်သူတွေလဲဆိုတာ အထင်အရှား ရှိနေပါတယ်။ သမိုင်းအမှားတွေဖော်ထုတ်နေသူတွေ ရှိနေဆဲ။ သမိုင်းတရားခံတွေလည်း ရှိနေဆဲပါ။

ဦးနုဘဝမှာ ဝန်ကြီးချုပ်မဖြစ်ခင် ငယ်စဉ်က တာတေလန်အောင် ဆိုးခဲ့တယ်၊ မိုက်ခဲ့တယ်။ ဦးနု ရဲ့ ကိုယ်တိုင်ရေးပုံတူ "တာတေစနေသား" (၂၀၁၂) စာအုပ်ကို ဖတ်ကြည့်ရင်း အော်ကြောလန်တာတေစနေသား ဘဝမှ ဝန်ကြီးချုပ်ဘဝအထိ တက်လှမ်းခဲ့ပုံကို ကွက်ကွက်ကွင်းကွင်းတွေ့နိုင်တယ်။လူတိုင်း အထူသဖြင့် လူငယ်တိုင်း ဖတ်ကိုဖတ်ရမယ်စာအုပ်လို့ အကြံပြုပါတယ်။ 

ဦးနုရဲ့ဘဝတလျှောက်မှာ မောင်နု၊ ကိုနု၊ ကိုကြီးနု၊ သခင်နု၊ ဝန်ကြီချုပ်ဦးနု အထိ ခေါ်ခံရသူဖြစ် လာပါတယ်။ စာရေးဆရာ၊ ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးသမား၊ နိုင်ငံ့ခေါင်းဆောင် ဝန် ကြီးချုပ်ဘဝ၊ ဘုရားဆုပန်တဲ့ လူသား စတဲ့ အသိအမှတ်ပြုခံခဲ့ရပါတယ်။

ဦးနု ဟာ လူသားတဦးပါ။ လူသားဖြစ်‌တာကြောင့် သူ့ဘဝမှာ အားသာချက်တွေရှိသလို အားနည်း ချက်တွေ ရှိနိုင်ပါတယ်။

ဦးနုမှာ ကမ္ဘာကငြင်းလို့ မရတဲ့ အချက်ကြီး (၅)ချက်ရှိပါတယ်။

(၁) ဦးနုဟာ ၁၉၃၆က ကိုလိုနီအစိုးရကို ဆန့်ကျင်တဲ့ ဒုတိယကျောင်းသပိတ် ခေါင်းဆောင် ဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူမှ ငြင်းမရပါ။

(၂) ဦးနုဟာ ၁၉၃၇ ခုနှစ်က နဂါနီးစာအုပ်အသင်းကို တည်ထောင်သူတဦး ဆိုတာရော ဘယ်ပုဂ္ဂိုလ်ကမှ ငြင်းလို့မရပါ။

(၃) ယနေ့ မြန်မာပြည် လွတ်လပ်ရေးကို လက်မှတ်ထိုး ယူခဲ့တဲ့ "နု-အက်တလီ စာချုပ်"  ချုပ်ခဲ့သူ တဦး ဆိုတာ ဘယ်လိုမှ မမေ့ရတဲ့  လူသားတဦးဆိုတာ ဘယ်သူ ငြင်းဦးမှာလဲ။

(၄) ဝန်ကြီးချုပ်ဦးနု ဦးဆောင်၍ ၁၉၅၅ က ကမ္ဘာ့အသိ ဘန်ဒေါင်း(ဒွန်း)ညီလာခံမှ ငြိမ်းချမ်းရေးမူကြီး‌တွေချမှတ်နိုင်အောင်၊ အခြားနိုင်ငံ့ခေါင်းဆောင်းများ သဘောတူလက်ခံလာနိုင်အောင် ဆောင် ရွက်နိုင်ခဲ့တာဟာ သာဓကပြစရာ မလို၊ ဘယ်သူမှ ငြင်းချက်ထုတ်လို့ မရပါကြောင်း။ ယနေ့အချိန်ထိ ဘန်ဒေါင်းညီလာခံက ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းရေးမူကြီးတွေကို နိုင်ငံတကာက လက်ခံကျင့်သုံးနေကြပါတယ်။

(၅) ဒီနောက်ဆုံး အချက်ကတော့ ဝန်ကြီးချုပ်ဦးနု၏ဆောင်ရွက်ချက်ထဲမှာ နောက်ဆုံးအချက်လို့ပြောရမယ် ထင်ပါတယ်။ 

ဗုဒ္ဓသာသနာ၏အသက်သွေးကြော (ရေသောက်မြစ်) လို့ပြောလို့ရတဲ့ ဗုဒ္ဓသာသနာအတွက် အရေး ကြီးလှသော "ဆဋ္ဌသင်္ဂါယနာ" တင်တော်မူတဲ့ အလုပ်ကို လုပ်ဆောင်ခဲ့တယ်ဆိုတာ ငြင်းလို့ မရကောင်းပါ။ ဘယ်မှလည်း မငြင်းနိုင်တဲ့ အချက်ကြီး ဖြစ်လို့နေပါတယ်ခင်ဗျား။

ဒီအချက်ကြီး ၅ ချက်ကို ဝန်ကြီးချုပ်ဦးနု ကိုယ်တိုင် မလုပ်ဘူး၊ မဆောင်ရွက်ခဲ့ဘူး ဆိုတာ ကမ္ဘာက ဘယ်ပုဂ္ဂိုလ် လူတဦး တယောက်ကများ မဟုတ်ပါဘူးလို့ ငြင်းလို့မရတဲ့ အချက်ကြီး ဖြစ်လို့နေပါကြောင်း  ကမ္ဘာသူ ကမ္ဘာသားများ အသိပေးလိုက်ရပါတယ်။

စာကိုး

၁။ "တာတေစနေသား"၊ဦးနု၊ငါတို့စာပေ၊၂၀၁၂။

၂။"မိန့်ခွန်းပေါင်းချုပ်"၊ဦးနု၊ငါတို့စာပေ၊၂၀၁၄။

၃။ဝိဓူရ သခင်ချစ်မောင် ရဲ့‌ပြောသောစကား(၁၉၉၅ ဝန်ကြီးချုပ်ဦးနုရဲ့ဈာပနမှာ ပြောသောစကားများ)

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar