Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၇၈ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၇၈ )

(မိုးမခ) ဧပြီ ၁၅၊ ၂၀၂၄

14/4/24

Diary in the darkness 

မနက်စောစော သူငယ်ချင်းဆီက ဖုန်းလာတယ်။ 

ညက မေမြို့စစ်တက္ကသိုလ်ကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံး အလုံး နှစ်ဆယ် ကျော်နဲ့ပစ်တာ လူရော အဆောက်အဦပါ ထိခိုက်မှုရှိတယ်လို့ပြောတယ်။ မနေ့က မေမြို့သားတစ်ယောက်ကပြောတယ်။ သူတို့ဆီကို မင်းအောင်လှိုင် လာမှာမို့ လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေတာပဲလို့ ပြောသေးတယ်။ ခုတော့ သူတို့မြို့ကလေး ဗုံးကျည်မီးတွေ ဝေနေရှာပေါ့။ ဒုံးကျည်တွေရဲ့ ပစ်မှတ်က မင်းအောင်လှိုင် ဖြစ်တယ်လို့ ခန့်မှန်းကြတယ်။ 

သူက ခုတော့ နေပြည်တော်ကို ရဟတ်ယာဉ်နဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရတယ်။ ဒုံးတွေ၊ ဒရုန်းတွေက စစ်ကောင်စီထိပ်ပိုင်းတွေရဲ့နောက်ကို တကောက်ကောက် လိုက်နေပုံရတယ်။ ပြည်နယ်တွေမှာ တော်လှန်ရေးတပ်တွေက ကျေးလက်ကို အခြေခံ မြို့ကို တစ တစ သိမ်း ဆိုတဲ့ ဗျူဟာကို ကျင့်သုံးနေသလို ထိပ်ပိုင်းအဆင့်တွေကတော့ ဗဟိုကို အမြောက်နဲ့ပစ် ဆိုတဲ့ဗျူဟာကို သုံးနေဟန် တူတယ်။ ဒီဗျူဟာနှစ်ခုကို တော်လှန်ရေးတပ်တွေက အချိတ်အဆက်မိမိ ရေးဆွဲထားပုံရတယ်။ သတင်းရယူနိုင်မှုနဲ့ တော်လှန်ရေးအဖွဲ့အချင်း ပူးပေါင်းစစ်ဆင်နိုင်ခြင်းရဲ့ ရလဒ်ကောင်း ဖြစ်ပါတယ်။ 

မြဝတီစစ်မျက်နှာမှာတော့ ပူးပေါင်းစစ်ဆင်ရေးတွေ အချိတ်အဆက်မိမိ ရေးဆွဲနိုင်ခြင်းမရှိသလို တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ယုံကြည်မှုတည်ဆောက်ဖို့ ခက်ခဲနေဆဲ ဖြစ်ပုံရတယ်။ အထူးသဖြင်း အကျိုးစီးပွားခွဲဝေမှုမှာ ကြီးမားတဲ့ ကွာဟမှုရှိနေတယ်လို့ မြင်နေရတယ်။ BGF စောချစ်သူဟာ ကျားဖြန့် ညွှတ်ကွင်းထဲ မိနေလို့ ကယောင်ချောက်ချား ရုန်းထွက်ဖို့ ကြိုးစားနေတာ သိ သာပါတယ်။ သူဟာ ဝ လက်နက်ကိုင်တွေကို အားကျပြီး ဝ နောက်က ခြေရာထပ်လိုက်ပေမယ့် အချိန်အခါနဲ့ အခြေအနေက မျက်နှာသာမပေးတာမို့ ရာဇဝတ်သားအဖြစ် သတ်မှတ်ခံထားရသူပါ။

စစ်ကောင်စီဘက်မှာလည်း မင်းအောင်လှိုင်ကိုဖြုတ်ချဖို့ ကြိုးစားတဲ့ လယ်ယာဝန်ကြီးဟောင်း တနပ်စားမြင့်လှိုင် နဲ့အပေါင်းအပါတွေကို နှိပ်ကွပ်နေရသလို ဒုကာချုပ်စိုးဝင်း ဒရုန်းထိမှန်တာဟာ ဖရဲသီး သတင်းပေးတွေကြောင့်လို့ ယူဆပြီး အချင်းချင်း သံသယတွေ ပြင်းထန်နေပါတယ်။ စစ်ကောင်စီတွေဟာ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ တော်လှန်ရေးအင်အားစုတွေထက် နောက်ကျောက ဓားကို ပိုကြောက်နေတာ သိသာပါတယ်။ 

တော်လှန်ရေးအင်အားစုတွေနဲ့ရင်ဆိုင်တဲ့ တိုက်ပွဲတိုင်းလိုလို ရှုံးနေတာကြောင့် လူထုက စစ်ရှုံးကောင်စီလို့ မထိတထိ ခေါ်နေကြပါတယ်။ 

အိမ်ရှေ့နေပူပူထဲမှာတော့ ငါးနှစ် ခြောက်နှစ်အရွယ်ကလေးတသိုက် သူတို့ကိုယ် သူတို့ရေလောင်းရင်း သင်္ကြန်ကျနေပါတယ်။ လမ်းသွားလမ်းလာတွေမှ မရှိတာ။ 

အန်ကယ် တူမီး

14/4/24

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar