Breaking News

သတင်းမီဒီယာတွေရဲ့ ပုံဖော်ခြင်း နဲ့ ပကတိအရှိအခြေအနေ

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၁၅ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၆၊ ၂၀၂၄

သတင်းမီဒီယာတွေရဲ့ ပုံဖော်ခြင်း နဲ့ ပကတိအရှိအခြေအနေ 

ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာ ဖတ်မိတဲ့သတင်းတင်ပြမှုတခုရဲ့ မှတ်ချက်တွေထဲ တခုက တော့ “ဟိုး လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက သတင်းတင်ဆက်တာတွေကို ပြန်တောင့်တမိတယ်၊ သတင်းကို သတင်းလို professional ဆန်ဆန်တင်ပြခဲ့ကြတာ” လို့ မှတ်ချက်ရေးထားတာကို ဖတ်ရှုမိတဲ့အခါ သတင်းမီဒီယာတွေ ဝင်ငွေရတဲ့ လမ်းကြောင်းတွေ ပြောင်းလဲလာပြီး သတင်းဌာနတွေရဲ့ မူဝါဒတွေ၊ သတင်းသမား တဦးချင်းတွေရဲ့  ရပ်တည်ချက်တွေက အရင် နှစ် ၄၀/၅၀ ကာလတွေနဲ့ မတူတော့ဘူးဆိုတာကို ဖော်ပြတဲ့ မှတ်ချက်အဖြစ် သဘောပေါက် နားလည်မိပါတယ်။ 

ဒီမှတ်ချက်ရေးသူက အသက်အရွယ်လူကြီးပိုင်းလို့ မှတ်ယူရတဲ့သူ တယောက်ဖြစ်ပုံရပြီး သတင်းမီဒီယာတွေ ပရိသတ်ရဲ့ စာစောင် ဝယ်ယူရာက ရတဲ့ ဝင်ငွေ၊ ရေဒီယို၊ ရုပ်သံ၊ မဂ္ဂဇင်း သတင်းစာတွေရဲ့အချိန် နဲ့ စာမျက်နှာကို ကြော်ငြာထည့်သွင်းပြီး ရတဲ့ငွေကြေးနဲ့ ရပ်တည်ကြတဲ့ ခေတ်ကာလတွေက သတင်းစာကျင့်ဝတ်ကို တည့်တည့်မတ်မတ် ကိုင်စွဲခဲ့ကြတဲ့ လူထုရော အစိုးရအပေါ်ပါ သြဇာရှိခဲ့ကြတဲ့သတင်းစာတွေ၊ သတင်းသမားတွေ ခေတ်ကောင်းခဲ့ကြတဲ့ကာလကို ရည်ညွှန်းပြောဆိုတာလို့ နားလည်မိပါတယ်။ 

မြန်မာနိုင်ငံမှာလည်း သတင်းစာတွေ၊ သတင်းသမားတွေ ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်ခဲ့တဲ့ ကာလတွေ ရှိခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ ဖဆပလ ခေတ်လို့ခေါ်တဲ့ ပါလီမန်ဒီမိုကရေစီခေတ် ကာလတွေ ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ သတင်းသမားတွေက နိုင်ငံရေးသမားတွေရဲ့ နောက်ဆွဲလည်း မဟုတ်၊ နိုင်ငံရေး အကျိုးစီးပွား၊ ရည်မှန်းချက်တွေနဲ့ ချိတ်ဆက်ထားတာ မျှော်ကိုးလုပ် ဆောင်တာမျိုးနည်းပါးပြီး သတင်းစာတွေရဲ့ ဂုဏ်သိက္ခာ၊ သတင်းသမားတွေရဲ့ဂုဏ်သိက္ခာကို ထိန်း သိမ်းလက်ဆင့်ကမ်းခဲ့ကြတဲ့ ကာလလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

အဲဒီကာလတွေက သတင်းစာတွေက နိုင်ငံရေးအရ အရောင်အသွေးမရှိကြဘူးလားလို့ မေးရင် အရောင်အသွေးမရှိဘူးလို့ မဆိုနိုင်ပေမယ့် သတင်းစာရဲ့ ဂုဏ်၊ သတင်းသမားရဲ့ ဂုဏ်သိက္ခာကိုလည်း အလေးထားကြတဲ့ကာလ ဖြစ်ပါတယ်။ မိမိတို့ ထောက်ခံတဲ့ နိုင်ငံရေး အင်အားစုကို ပမာဏတခုထိတော့ ထောက်ခံရေးသားကြတာ ဖြစ်ပေမယ့် အလွန်အကျွံ၊ ဂျပိုးကို လိပ်ဖြစ်အောင်တော့ ရေးသားဖော်ပြကြတာ မဟုတ်သလို နိုင်ငံရေးသမားတွေရဲ့ နောက်လိုက်သဖွယ် ရပ်တည်ကြတာလည်း မဟုတ်ခဲ့ပါဘူး။ 

ဒီနေရာမှာ သတင်းစာတွေ၊ သတင်းဌာနတွေ တည့်တည့်မတ်မတ် မရပ်တည်ကြတော့ဘဲ ဝင်ငွေ၊ ဌာန ရပ်တည် ရှင်သန်ရေး၊ သတင်းသမားတဦးချင်းရဲ့ ရပ်တည်ရေးတွေအတွက် ဘက်လိုက်လာကြတာ၊ ကမ္ဘာ့အရေးကိစ္စတွေနဲ့ ပတ်သက်ရင်လည်း အဖြူနဲ့ အမည်း၊ သူတော်ကောင်းနဲ့ ဗီလိန် စသဖြင့် ပုံဖော်ပြီးတင်ပြကြတာတွေ၊ ဆိုရှယ်မီဒီယာရဲ့ တင်ဆက်မှုတွေကိုပြိုင်ရင်းနဲ့ ပရိသတ်အတွက်အကျိုးရှိစေမယ့် တင်ဆက်ပုံထက် လူအများကြိုက်တဲ့ တင်ဆက်ပုံမျိုးအဖြစ် အသွင်ပြောင်းပြီး တင်ဆက်လာကြတာ တွေ့ကြရပါတယ်။ အဆိုးဆုံးအချက်က ငွေနောက်လိုက်၊ အများကြိုက် ရှုထောင့်လိုက်ပြီး သတင်းအချက်အလက်တွေကို ထိမ်ချန်ကြတာတွေ ဖြစ်ပါတယ်။ 

အနောက်နိုင်ငံက သတင်းမီဒီယာတွေအထဲမှာလည်း အများကြိုက် အများယူဆတဲ့ အမြင်၊ အာ ဏာရှိတဲ့ ရေပန်းစားတဲ့ နိုင်ငံရေးခေါင်းဆောင်၊ ပါတီတွေရဲ့ အမြင်ကို လိုက်ပြီးဖော်ပြကြတဲ့ သတင်းဌာနတွေက အများစုသဖွယ် ဖြစ်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို ပုံသေကားကျ သတ် မှတ်ထားကြတဲ့ ဇာတ်လမ်းသွားတွေ၊ နိုင်ငံရေးနယ်ပယ်က ခေါင်းဆောင်တွေ၊ နိုင်ငံတွေရဲ့ ပုံရိပ်တွေနဲ့သတင်းဖတ်ရှုသူကို ကျယ်ကျယ်ပြန့်ပြန့်စဥ်းစားတွေးခေါ်စေတာထက် သိစေချင်တဲ့ အစိတ် အပိုင်း၊ အချက်အလက်၊ ရှုထောင့်ကိုသာ လှစ်ဟပြပြီး အများကြိုက် ဇာတ်လမ်းသွားတခု၊ ပုံရိပ်တခုကို မြင်စေအောင် ပုံဖော်ကြပါတယ်။ 

ဒီလို လက္ခဏာတွေကို မကြာသေးတဲ့ ကာလတွေမှာ ဖြစ်ပွားနေတဲ့ ကမ္ဘာ့အရေး အခင်းကိစ္စတွေမှာ တွေ့နိုင်ပါတယ်။ ယူကရိန်း-ရုရှား စစ်ပွဲ၊ ပါလစ္စတိုင်း ဟားမာ့စ်-အစ္စရေး ပဋိပက္ခ၊ အစ္စရေးရဲ့ အရပ်သားတွေ သောင်းဂဏန်းနဲ့ချီ ထိခိုက်သေဆုံးစေတဲ့ စစ်ဆင်ရေး၊ အီရန်-အစ္စရေး ပဋိပက္ခ စတဲ့ နိုင်ငံတကာအရေးကိစ္စတွေမှာ အနောက်တိုင်းမီဒီယာတွေအနေနဲ့ ကမ္ဘာကြီးက စစ်ပွဲတွေ ဦး တည်နေခြင်းကို ရှောင်လွှဲနိုင်ဖို့တင်ပြတာမျိုးထက် အဖြူ နဲ့ အမည်း၊ သူတော်ကောင်းနဲ့ ဗီလိန် ဆိုတဲ့ ပုံဖော်မှုမျိုးနဲ့ တင်ပြနေကြတာဖြစ်ပြီး နောက်ဆုံး အဖြစ်အပျက်ဖြစ်တဲ့ အီရန်ရဲ့ မစ်ဆိုင်း၊ ဒရုန်းနဲ့ အစ္စရေးနိုင်ငံကို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားလာချိန်မှာ ကမ္ဘာကြီးက ၂ နိုင်ငံထက်ပိုပြီး ပါဝင်လာနိုင်တဲ့ ကမ္ဘာစစ်လိုမျိုးကိုဖြစ်ပွားလာတော့မလားဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်ထွက်လာတဲ့အနေအထား လည်းဖြစ်ပါတယ်။ 

ကမ္ဘာ့အရေးအခင်းတွေ၊ နိုင်ငံတကာ ကိစ္စ၊ ပြဿနာတွေမှာ အဖြူနဲ့ အမည်း၊ လူကောင်းနဲ့ လူဆိုး ပုံဖော်တင်ပြကြသလိုပဲ မြန်မာနိုင်ငံရဲ့ ပြဿနာတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ၊ တိုက်ပွဲတွေ၊ သတ်ဖြတ်မှုတွေ စတဲ့အကြောင်းအရာ သတင်းတွေနဲ့ ပတ်သက်ပြီး မြန်မာသတင်းမီဒီယာတွေအနေနဲ့ စစ်ဆေးအတည်ပြုပြီး အချက်အလက်တွေရရှိဖို့ ခက်ခဲမှု ရှိသလို တဖက်မှာလည်း နိုင်ငံ ရေးအဖွဲ့အစည်း၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လောင်းရိပ်၊ အားပေးထောက်ခံမှု၊ အကြောက်တရားတွေအပေါ် မူတည်ကာ သတင်းတွေကို ဘက်လိုက်မှုနဲ့ တင်ပြကြ၊ မနှစ်သက်တဲ့ အဖြစ် အပျက်၊ မလိုလားတဲ့ အချက်အလက်တွေကို ထိမ်ချန်ခဲ့ကြပြီး တင်ပြကြတာတွေက အခုကာလမှာ ပိုမို မြင်တွေ့နေရတာပါ။ 

ဆိုရှယ်မီဒီယာခေတ်၊ ဆိုရှယ်မီဒီယာ ပလက်ဖောင်းကတဆင့် ဖြန့်ချိကြတဲ့ ကာလမှာ ပရိသတ်ရဲ့ တုံ့ပြန်မှုကို ကွန်းမင့် (comment) တွေကို လေ့လာကြည့်ရင် သိရှိနိုင်ပါတယ်။ ကွန်းမင့်တိုင်းဟာ ဆီလျော်ခြင်း မရှိသော်လည်း ကွန်းမင့်တွေထဲမှာ သတင်းတင်ပြမှုရဲ့ အချက်အလက် လွဲမှားခြင်း၊ မတိကျခြင်း၊ အရေးပါတဲ့ အကြောင်းအရာက ချန်လှပ်ခံရခြင်းတွေကို  တွေ့ရလေ့ ရှိပါတယ်။ 

နိုင်ငံတကာသတင်းမီဒီယာတွေလိုပဲ မြန်မာနိုင်ငံက သတင်းမီဒီယာတွေလည်း ခေတ်ရဲ့ ရေစီးထဲ မျောပါ ပုံသဏ္ဌာန်ပြောင်းလဲကြရတဲ့သဘော ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ပရိသတ်အနေနဲ့ သတင်းမီဒီယာမှာ ဖော်ပြထားတဲ့ အချက်အလက်ကြောင့်ဆိုတဲ့ ယုံကြည်ကိုးစားမှုနဲ့ အဲဒီအချက် အလက်တွေကို အခြေခံပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်တဲ့အခါ မှားယွင်းမှုတွေ၊ လမ်းလွဲလိုက်မိတာတွေ ဖြစ်ဖို့ အလားအလာ များတဲ့အနေအထားလည်း ဖြစ်ပါတယ်။ 

တခြားတဖက်မှာလည်း မိမိတို့ ဖြစ်စေချင်တဲ့သတင်းအချက်အလက်တွေကိုသာ အသားပေး ဖော် ပြတာ၊ တကယ်ရှိတာ၊ တကယ်ဖြစ်တာထက် ပိုတဲ့ အရေအတွက်၊ ဖြစ်စေချင်တဲ့ ရလဒ်တွေကိုသာ ရနေ ရောက်နေတဲ့သဘော  ရေးသားမှုတွေက လက်တွေ့ အဖြစ်အပျက်တွေနဲ့ ကင်းဝေးစေပြီး တချိန်ချိန်မှာ ဆုံးဖြတ်ချက် အလွဲတွေ၊ ရလဒ်အလွဲတွေနဲ့ ရင်ဆိုင်နိုင်ခြေလည်း ရှိနေတာ ဖြစ်ပါတယ်။

အမှန်နဲ့ အမှားဆိုတဲ့အရာက သတင်းမီဒီယာက ဆုံးဖြတ်ရမယ့်အရာမဟုတ်ဘဲ သမိုင်းမှတ်တမ်းတင်တဲ့အချိန်အခါမှာသာ မှတ်တမ်းတင်ကြမှာ ဖြစ်ပါတယ်။ သတင်းမီဒီယာအနေနဲ့ အချက် အလက်အမှန်တရားကိုသာ စိစစ်ဖော်ထုတ်တင်ပြဖို့ တာဝန်ရှိပြီး ဘယ်လို အဖွဲ့အစည်းမျိုးမဆို တာဝန်ခံမှုရှိစေဖို့ သတင်းမီဒီယာက မေးခွန်းထုတ်ရမယ့်၊ မေးခွန်းထုတ်ရဲတဲ့ ဝတ္တရားလည်း ရှိတာဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar