Breaking News

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး တစိတ်တပိုင်း ရုပ်သိမ်းသွားတဲ့ မြဝတီမြို့

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၇ မြင်ကွင်း

(မိုးမခ) ဧပြီ ၈၊ ၂၀၂၄

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး တစိတ်တပိုင်း ရုပ်သိမ်းသွားတဲ့ မြဝတီမြို့

ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့တို့က သောင်းရင်းမြစ်ခြားပြီး ဟိုဘက်သည်ဘက် ထိစပ်နေတဲ့ နယ်စပ်မြို့  နှစ်မြို့ဖြစ်ပါတယ်။ မဲဆောက်မြို့ဟာ မဆလ ခေတ်လို့ခေါ်ဆိုတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ခေတ် မှောင်ခိုကုန်သွယ်ရေးခေတ်ကတည်းက နယ်စပ်ကုန် သွယ်ရေး ပစ္စည်းတွေ ရောင်းချတဲ့မြို့ ၊ ဖလူး၊ ဝေါ်လေ စတဲ့ နယ်စပ်ဂိတ်တွေကနေ မြန်မာ နိုင်ငံကို သယ်ယူမယ့် ထိုင်းကုန်ပစ္စည်းတွေကို စုစည်းဖြန့်ချိတဲ့မြို့ဖြစ်ခဲ့တဲ့ မဲဆောက်မြို့ဟာ ၁၉၈၈ ခုနှစ် အရေးအခင်းပြီးနောက် တက်လာတဲ့ နဝတလက်ထက်မှာ နယ်စပ်ကုန်သွယ်ရေးကို တရားဝင်လုပ် ဆောင်ခဲ့ပြီးနောက် မဲဆောက်-မြဝတီက ကုန်သွယ်ရေး လမ်းကြောင်းအပေါ်မှာ ပိုမိုစည်ကားလာပြီး ဆယ်စုနှစ် ၃ နှစ်ကျော်ကာလ ရောက်လာချိန်မှာ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အကူအညီချေးငွေနဲ့ တည်ဆောက်ခဲ့တဲ့ မြဝတီ-ကော့ကရိတ်- အိန္ဒု အဝေးပြေးလမ်း စသဖြင့် ပိုမိုချောမွေ့ မြန်ဆန်လာတဲ့ လမ်းကြောင်းနဲ့ စည်ကားတဲ့ မြို့တမြို့ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ 

မဲဆောက်မြို့ဟာလည်း မြန်မာနိုင်ငံကို အုပ်ချုပ်တဲ့စစ်အစိုးရနဲ့ ပဋိပက္ခဖြစ်သူ နိုင်ငံရေးသမား၊ အရပ်ဖက်အဖွဲ့အစည်းက သူတွေ ရောက်ရှိခိုလှုံရာမြို့ တမြို့ဖြစ်လာပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာ ဏာသိမ်းပြီးနောက်မှာတော့ မြန်မာနိုင်ငံက CDM လုပ်ပြီး တိမ်းရှောင်သူတွေ၊ စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး လုပ်ဆောင်ကြသူတွေရဲ့ မှီခိုရာမြို့တမြို့ဖြစ်လာပါတယ်။ မြဝတီမြို့က မဲဆောက်ကို ကူးမယ့်သူတွေအတွက် တထောက်နားစရာ၊ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့မြို့ အဖြစ်နဲ့ ၃ နှစ်တာလုံးလုံးတည်ရှိခဲ့ပြီးနောက် အခုရက်ပိုင်းမှာ KNU/ KNLA က ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ အနေ အထားရောက်ရှိလာပြီဖြစ်ပါတယ်။ KNU/KNLA နဲ့ အခြားလက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေက ကော့ကရိတ်မြို့ကို သိမ်းယူဖို့ လနဲ့ချီ ကြိုးပမ်းနေချိန်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းကို KNLA က ဖြတ်တောက်ထားတဲ့ အနေအထားမှာ မြဝတီမြို့အနီး သင်္ဃန်းညီနောင်အနီးက ဗျူဟာစခန်းတွေ၊ တပ်ရင်းတွေကို တခုပြီးတခု သိမ်းယူပြီး နောက်ဆုံး မြဝတီမြို့အနီးဆုံး မြို့စောင့်တပ်လို့ ဆိုကြတဲ့ ခမရ ၂၇၅ တပ်ရင်းတခုသာ သိမ်းယူဖို့ ကျန်ရှိပြီး မြဝတီက သိမ်းယူခံရဖို့ လက်တကမ်းကွာ အနေအထားရောက်ရှိနေပြီဖြစ်ပါတယ်။ မြဝတီမြို့မှာ တိုက်ပွဲတွေဖြစ်မလားဆိုတာမသေချာသေးတဲ့အနေအထားမှာ မြဝတီမြို့မှာရှိတဲ့ ခရိုင်အဆင့်အုပ်ချုပ်ရေးနဲ့ အစိုးရရုံးက အရာရှိတွေကို ဧပြီ လ ၇ ရက်နေ့ညက မဲဆောက်မြို့ကတဆင့် လေယာဥ်နဲ့ မြန်မာနိုင်ငံရန်ကုန်မြို့ သို့မဟုတ် မော်လမြိုင်မြို့ဆီ ကယ်ထုတ်သွားခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ မြဝတီမြို့ကနေ ကုန်း လမ်းကနေ ပြန်ထွက်ခွာဖို့ ခက်ခဲနေတဲ့အခြေအနေမျိုး ရောက်ရှိပြီး နယ်စပ်ကုန်သွယ်ရေး စခန်းကို စစ်ကောင်စီအနေနဲ့ လက်လွှတ်ရမယ့် အနေအထားလည်း ဖြစ်ပါတယ်။ KNU/KNLA အနေနဲ့ ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေး မကင်းရာ မကင်းကြောင်း အချက်တွေကြောင့် အရပ်ဖက် မြို့ဖြစ်တဲ့ မြဝတီမြို့ကို တိုက်ခိုက်သိမ်းယူတာထက် စစ်ကောင်စီဘက်က အသာတကြည် စွန့်ခွာသွားတဲ့ အနေ အထားမျိုးရောက်အောင် ကြိုးပမ်းနေတဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ပမာဏအများဆုံး ကုန်သွယ်စခန်း အကောက်အခွန်စခန်းကို လက်လွှတ်လိုက်ရတဲ့အနေအထားက ကြီးကြီးမားမား သိက္ခာကျစရာလည်း ဖြစ်ပါလိမ့်မယ်။ ယခင် ၃ နှစ်တာကာလစလုံး စစ်ကောင်စီရဲ့ လက်အောက်ခံသဖွယ် ဖြစ်တဲ့ စောချစ်သူ ခေါင်းဆောင်တဲ့ BGF တပ်ဖွဲ့ ရဲ့ အကူအညီနဲ့ မြဝတီကို ထိန်းသိမ်းထားနိုင်တာ ဖြစ်ပြီး မကြာခင်လအနည်းငယ်က စောချစ်သူက BGF အနေနဲ့ ဆက်လက်မသွားတော့ပဲ သီးခြားလွတ် လပ်စွာရပ်တည်တော့မယ်လို့ ကြေညာလိုက်တဲ့နောက် စစ်ကောင်စီအဖို့ မြဝတီကို ထိန်းချုပ်ထားဖို့ အခွင့်အလမ်း သိသာစွာနည်းပါးလာတဲ့သဘောလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကရင်ပြည်နယ် ဖားအံကနေ အရှေ့ဘက် ကော့ကရိတ်၊ မြဝတီတလျှောက်မှာ KNU/KNLA ၊ KNU/KNLA (PC) နဲ့ BGF အပြင် DKBA စတဲ့ အဖွဲ့တွေ လှုပ်ရှားနေကြတာ ဖြစ်ပြီး တချို့သော လက်နက်ကိုင် တိုက်ပွဲတွေမှာ BGF က စစ်ကောင်စီဘက်ကနေကူညီတိုက်ခိုက်ပေးခဲ့တာတွေရှိခဲ့ပြီး BGF ကိုလည်း မြဝတီမြို့ နယ်ထဲက ရွှေကုက္ကို ကျေးရွာတွေတဝိုက်မှာ တရားမဝင်တဲ့ စီးပွားရေး လုပ်ငန်းတွေ ဖြစ်တဲ့ ကာစီနို၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ လိုင်စင်မဲ့ ကားမှောင်ခို၊ မူးယစ်ဆေးပြားကုန်သွယ်မှု စတဲ့လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပေးထားပြီး အချို့သော အကျိုးအမြတ်တွေကို အဲဒီနယ်မှာ တာဝန်ရှိတဲ့ စစ်တပ်အရာရှိတွေပါ မျှဝေခံစားနေကြတာ ဖြစ်ပါတယ်။ 

သို့ပေမယ့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းပြောင်းလဲလာတဲ့ စစ်ရေးချိန်ခွင်လျှာကို BGF  လက်နက် ကိုင်အဖွဲ့ကအကဲဖြတ်ပြီး ရပ်တည်မှုပြောင်းလဲလိုက်ချိန်မှာ စစ်ကောင်စီအဖို့ မြဝတီမြို့နဲ့ ကရင် ပြည်နယ် အရှေ့ဘက်ခြမ်းကခြေကုပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးရဖို့ ဖြစ်လာတဲ့သဘောလို့ ဆိုနိုင်မယ် ထင်ပါတယ်။ အခုလတ်တလော ဖြစ်ပွားနေတဲ့ကိစ္စမှာ ထိုင်းနိုင်ငံအနေနဲ့တော့ စစ်ကောင်စီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး စစ်တပ်အချင်းချင်းနဲ့ အစိုးရအချင်းချင်းဆက်ဆံရေးက ဆက်လက် ကောင်းမွန်နေတဲ့သဘောလို့ ဆိုရင် ဆိုနိုင်ပါတယ်။ 

အကယ်၍ မြဝတီမြို့ကျခဲ့မယ်ဆိုရင် ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေးကရတဲ့ အကောက်အခွန်ကို စစ်ကောင်စီက ဘယ်လိုကောက်ခံမလဲဆိုတဲ့ မေးခွန်းလည်း ရှိနိုင်ပါတယ်။ စစ်ကောင်စီအနေနဲ့ မြဝတီကိုမစိုးမိုးနိုင်သည့်တိုင် ၄င်းစိုးမိုးထားတဲ့နယ်မြေကနေ မြဝတီဘက်ကိုမဖြတ်သန်းမီမှာ ကောက်ခံတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ကရင်ပြည်နယ် မြို့တော်ဖြစ်တဲ့ ဖားအံမြို့ကတော့ လောလောဆယ်မှာ လုံခြုံစိတ်ချရတဲ့ ဒေသတခု ဖြစ်နေဦးမှာဖြစ်ပေမယ့် မကြာခင် တချိန်ချိန်မှာ ဘားအံမြို့လည်း ခြိမ်းခြောက်ခံရနိုင်တဲ့ မြို့တမြို့ဖြစ်ကောင်း ဖြစ်လာနိုင်တာ ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar