Breaking News

အောင်ဝေး - စစ်မှုပြုခြင်း၊ စစ်ပုံပြုခြင်း၊ စစ်စရိုက်သွင်းခြင်း- ၂

အောင်ဝေး - စစ်မှုပြုခြင်း၊ စစ်ပုံပြုခြင်း၊ စစ်စရိုက်သွင်းခြင်း- ၂

(မိုးမခ) ဧပြီ ၁၈ ၊ ၂၀၂၄


အမိန့်ပေး အမိန့်ခံ အင်စတီကျူးရှင်း စစ်တပ်အကြောင်း မသိရင် ဒီစကားပြောရ ခက်တယ်။ ကဗျာ(ခေတ်ပေါ်/ခေတ်ပြိုင်)မှာ "ငါ" ဆိုတာ ရှိတယ်။ ကဗျာက (အနုပညာက) Personal ကနေ Universal ကို သွားတယ်။ 

ဥပမာ– ဘောင်းဘီဝတ် မိုးတိမ်/မာယာကော့ဖ်စကီး။ အောင်ချိမ့်/ဂန္ထဝင်မမ။ 

စစ်တပ်မှာ အဲဒါ မရှိဘူး။ စစ်တပ်က လူတဦးချင်းရဲ့ ဂုဏ်ရည် Individual ကို စစ်သင်တန်းမှာကတည်းကချိုးနှိမ်ပစ်လိုက်ပြီ။ ရိုက်ချိုးပစ်ပြီးပြီ။ အမိန့်ပေး အမိန့်ခံသတ္တဝါတွေ စုနေတဲ့သီးခြားအလွှာ သီးခြားလူတန်းစား Institution ဖြစ်အောင် ပုံစံပေးတယ်။ ပုံစံသွင်းတယ်။ စစ်မှုပြု၊ စစ်ပုံပြု၊ စစ်စရိုက်သွင်းတာ စစ်တပ် အလုပ်။ 

ဘယ်စစ်တပ်ဖြစ်ဖြစ်၊ ဒီမိုကရေစီစစ်တပ်နဲ့ အာဏာရှင်စစ်တပ်ပဲ ကွာမယ်၊ စစ်တပ်ရဲ့သဘောဟာ ဝင်လာသမျှ လူကို စစ်မှုပြုမှာပဲ။ စစ်ပုံပြုမှာပဲ။ စစ်စရိုက်သွင်းမှာ။ ဒါကို Militarization လုပ်တယ်လို့ ခေါ်တယ်။ မအလတပ်ဟာ အာဏာရှင်တပ်၊ ဖက်ဆစ်တပ်၊ ဒီတော့ ဖက်ဆစ်အာဏာရှင် Militarization လုပ်မှာပဲ။

သုံးလသင်တန်းက ဆင်းလာပြီး ကျနော်တို့ PDFs တွေ၊ EAOs တွေ၊ PLA, BPLA စတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်တွေနဲ့ တိုက်ဖို့၊ မြေခွေးကြီးမအလက သူ့စစ်သားသစ်တွေကို ရှေ့တန်းစစ်မြေပြင် လွှတ်လိုက်ရင်၊ အဲဒီ Militarization ကောင်းကောင်းအလုပ်ခံထားရတဲ့ စခသစ်တွေက မအလ အမိန့်ပေးတာနဲ့ ကိုယ့်ဘာသာကိုယ် တိုက်မှာပဲ။ မပူနဲ့။

အဲဒါ အန္တရာယ်ပဲ။ အဲဒါ ကြောင်ချေးပဲ။ မအလကို လျှော့တွက်လို့ မရဘူး။ အခုလို သုံးလသင်တန်း မဟုတ်ဘူး၊

ခြောက်လသင်တန်းပေးပြီး အနည်းဆုံး စစ်သုံးနှစ် (၂၀၂၁- ၂၀၂၄) တိုက်လာတဲ့ မအလ စစ်တပ်၊ စစ်သားတွေတောင် သူ့ထက်ငါ အလုအယက် လက်နက်ချ အလံဖြူထောင်နေရတဲ့ အချိန်။ 

ဒီအချိန်မှာ သုံးလသင်တန်းပေး ဖုတ်ပူမီးတိုက် သေနတ်ပေး လွှတ်လိုက်တဲ့ စခသစ်တွေလောက်ကတော့ ဘာမှုစရာရှိမှာလဲလို့ ကျနော်တို့ နွေဦးဘက်က၊ တော်လှန်ရေးဘက်ကတော့ ပြောမှာပဲ။ ပြောရင်လည်း မှန်တာပဲ။ ဒါပေမဲ့ မြေခွေးကြီးကို လျှော့မတွက်နဲ့။

အဲဒီစစ်မှုထမ်းဥပဒေနဲ့ စုဆောင်းလာတဲ့ စခသစ်တွေ(လူသားဒိုင်းတွေ)ကြောင့် မိမိတို့ရဲ့ နွေဦးတော်လှန်ရေး အဆုံးသတ်ခန်းဟာ အနည်းနဲ့အများ နှောင့်နှေးကြန့်ကြာသွားနိုင်တယ်။ ရခိုင်မှာ ရိုဟင်ဂျာကို မအလတပ် ယူနီဖောင်းဝတ်ပြီး AA ကို တိုက်ခိုင်းတာ သေရော။ 

မအလ လိုချင်တာက AA ကိုနိုင်ဖို့ မဟုတ်ဘူး။ လူမျိုးရေး သွေးခွဲဖို့။ ဒီလိုပဲ မအလက သုံးလ သင်တန်းဆင်းတွေကို ပက်ပက်စက်စက် သေတွင်းပို့ပြီး ပြည်သူအချင်းချင်းကြားမှာ သွေးကွဲအောင် လုပ်ဦးမယ်။ မအလ ဘယ်လိုနည်းနဲ့မှ တော်လှန်ရေးတပ်တွေကို မနိုင်တော့ဘူး။ ဒီတော့ သုံးလသင်တန်းဆင်း စခသစ်တွေ များများအသေခံခိုင်းပြီး မအလအချိန်ဆွဲမယ်။

ဒါဟာ လက်ငင်းအန္တရာယ်ပါ။ မှုစရာပါ။ ထားဦးတော့။ လက်ရှိ စခဟောင်းတွေ အလံဖြူထောင်လို့၊ နောက်လာမယ့် စခသစ်တွေလည်း အလံဖြူထောင်ဦးမှာပဲလို့ မတွေးသင့်ပါ။ ထောင်တယ်ပဲ ထားပါဦး။

မအလကလည်း နောက်ထပ် စစ်သားစုဆောင်း၊ စစ်သင်တန်းပို့၊ ရှေ့တန်းလွှတ်နေဦးမှာပဲ။ ဒီသံသရာက ကြာကြာလည်ခွင့်ပေးလို့ မရတော့ဘူး။

မအလတပ်က စစ်ဗိုလ် စစ်သားတွေ ခဏခဏ လက်နက်ချ အလံဖြူထောင်တာက နွေဦးတော်လှန်ရေးအတွက် အထာမဟုတ်တော့ဘူး။ 

ဒီနေ့ လိုနေတာက မအလတပ်က စစ်ဗိုလ်၊ စစ်သား၊ စခတွေ မအလဘက်ကို သေနတ်ပြောင်းလှည့်လိုက်ကြဖို့ပဲ။ အလံဖြူချည်းပဲ ထောင်မနေနဲ့ စခတို့။ မအလဘက်လည်း သေနတ် ပြောင်းလှည့်ကြဦး။ ဒီအတိုင်း လက်နက်ချလိုက်၊ အလံဖြူထောင်လိုက်လုပ်နေတာက အထာမကျတော့ဘူး။

ဒီတော့ ကျနော်တို့ နွေဦးဘက်က အရေးထားလုပ်ရမယ့် အလုပ်ကြီး နှစ်ခု ရှိလာပြီ။

ပထမအလုပ်က တတိုင်းတပြည်လုံး နေရာအနှံ့ စစ်မျက်နှာသစ်ဖွင့်၊ တတ်နိုင်သမျှ အချိန်ကိုက် ထိုးစစ်မိုးကြီး ရွာချပစ်ရမယ်။ နွေဦးက ထိုးစစ်မိုးကြီး ရွာသည်းရင် စခတွေ ရေစိုဝဲစားဖြစ်မယ်။ ကြွက်စုတ်ဖြစ်မယ်။ အထိနာရင် ကြာရင် အောက်ခြေစစ်သားတွေ ကြောက်ကန် ကန်မယ်။ အဲဒီအခါ မအလအတွက် နောက်ကျော ကျည်ဆန်တွေ လာရင်လာမယ်။ မျှော်တော့ မမျှော်မှန်းနဲ့။ 

ဒုတိယအလုပ်က မအလရဲ့ စစ်မှုမထမ်းမနေရဥပဒေကို မရ ရအောင် ဖျက်ရမယ်။

စစ်သားစုဆောင်းရေး သင်တန်းအမှတ်စဥ်- ၂ တွေ၊ ၃ တွေ ဖြစ်မလာအောင် ကျနော်တို့ ဖျက်ကိုဖျက်ရမယ်။ 

ဘယ်လို ဖျက်မလဲ။ တစ်ဦးချင်း တစ်ယောက်ချင်းနဲ့ ဖျက်လို့ကတော့ မပျက်ဘူး။ လူထုနည်းနဲ့၊ လူထုတိုက်ပွဲနဲ့ ဖျက်မှပဲ ဒီအဓမ္မဥပဒေ ပျက်မယ်။ လူငယ်တွေဟာ စိတ်ဓာတ်ကို စုစည်းရမယ်။ လူထုမှာ လူထုပဲ ရှိတယ်။ ဒီပိုင်းဖြတ်မှုမျိုး လိုတယ်။ လွယ်လွယ်နဲ့ အရှုံးပေး အညံ့ခံရင် လူငယ် မဟုတ်ဘူး၊ လူထု မဟုတ်ဘူး။ ဘယ်လို လူထုနည်းလဲ။ တိုက်ပွဲပုံသဏ္ဌာန် ဆိုတာက ကိုယ်က ရွေးချယ်ရတာ မဟုတ်ဘူး။ ရန်သူက ရွေးချယ်ပေးတာ။ လက်နက်ကိုင်တိုက်ပွဲပုံသဏ္ဌာန်ကိုလူငယ်တွေရွေးတာ မဟုတ်ဘူး။ မအလ ရွေးပေးခဲ့တာ။ 

အခု မအလ စစ်မှုထမ်းဥပဒေ ဖျက်ဖို့ တိုက်ပွဲပုံသဏ္ဌာန်ကိုလည်း မအလကိုယ်တိုင် ရွေးချယ်ပေးပါလိမ့်မယ်။ ကိုယ့်ဘက်က ပါးနပ်ဖို့တော့ လိုတာပေါ့။ ခင်ဝမ်း သီချင်းထဲကလို ဦးဆောင်သူ စေရာ လိုက်ပါနိုင်ဖို့ပါပဲ။

နိဂုံးချုပ်ပါမည်။ အခု မအလစစ်သားသစ် သင်တန်းအမှတ်စဥ် (၁) တက်နေတဲ့ လူငယ်တွေထဲက ကိုယ့်ကို ပြန်ပစ်မယ့် ကျည်ဆန် ဘယ်နှတောင့် ပါမလဲ။ ဒီအန္တရာယ်ကို ဖော့မတွက်ပါနဲ့။ ဒီနေ့ လူထုဘက်ပြောင်း CDM တပ်မှူး တပ်သားတွေက တကဏ္ဍသတ်သတ်။ သူတို့က ခြွင်းချက်ပြဿနာ ဖြစ်သည်။ မအလ စစ်တပ်ကြီးတခုလုံးနှင့် တွက်လျှင် သူတို့က အနည်းစု။ ထောင်ဂဏန်းလောက်ပဲ ရှိမည်။ မိမိတို့ဘက်က တိုက်လို့ကျတာ သေတာ မအလ စစ်သား ငါးသောင်းကျော် (၅၀,၀၀၀ +) ရှိပြီ။ တစ်ခုတော့ ရှိသည်။

ခြွင်းချက်ပြဿနာကို ယေဘုယျဖြစ်လာအောင် လုပ်ရမည်။ မအလ တပ်ကြီးတတပ်လုံး CDM ပဲလုပ်လုပ်၊ ဘယ်နည်းနဲ့ ပျက်သုဥ်း ပျက်သုဥ်း၊ စစ်အာဏာရှင်စနစ် ကျဆုံးသွားဖို့က ယေဘုယျအကျဆုံး ဖြစ်သည်။

စစ်ထဲ ရောက်သွားရင် စစ်သား ဖြစ်လာတယ်။ Militarization အလုပ်ခံရပြီးရင် စစ်ကျွန်ဖြစ်သွားပြီ။ စစ်ကျွန်တစ်ခါဖြစ်ဖူးရင်တစ်သက်လုံးစစ်ကျွန်ပဲဆိုတဲ့စကားရှိသည်။ 

"Once a soldier,

always a soldier."

ကျနော် စစ်တပ်ထဲမှာ အနှစ်နှစ်ဆယ်ကျော် နေလာခဲ့ဖူးပါသည်။ သို့သော်... စစ်တော့မတိုက်ခဲ့ဖူးပါ။ ။


အောင်ဝေး

(ဧပြီ ၁၂၊ ၂၀၂၄)




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar