Breaking News

နိုင်ငံရေးအကျဥ်းသား အနည်းငယ်သာပါတဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်၊ ရခိုင်ပြည်နယ်က စစ်ရာဇဝတ်မှုတွေ

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၁၇ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၈၊ ၂၀၂၄

နိုင်ငံရေးအကျဥ်းသား အနည်းငယ်သာပါတဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်၊ ရခိုင်ပြည်နယ်က စစ်ရာဇဝတ်မှုတွေ 

စစ်ကောင်စီနဲ့ နိုင်ငံရေး အယူအဆ၊ ယုံကြည်မှုမတူညီတဲ့သူတွေကို တရားဥပဒေ၊ လုပ်ထုံးလုပ် နည်းတွေ ဘာကိုမှ အလေးမထားဘဲ ဖမ်းဆီးထားတဲ့သူတွေထဲက အနည်းငယ်ကို လအလိုက် ကျရောက်တဲ့ သင်္ကြန်နှစ်ဆန်းတရက်၊ သီတင်းကျွတ်၊ အမျိုးသားနေ့၊ လွတ်လပ်ရေးနေ့ လို နေ့ကြီးရက် ကြီးတွေမှာ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ခေါင်းစဥ်နဲ့ လွှတ်ပေးလေ့ရှိပါတယ်။ စုစုပေါင်း လွှတ်သူရဲ့ အပုံ ၂၀ ပုံ ၁ ပုံ အပုံ၃၀ ပုံ ၁ ပုံလောက်သာ နိုင်ငံရေး အကြောင်းနဲ့ ဖမ်းဆီးခံရသူတွေ ပါဝင်တာ ဖြစ်ပြီး အဲဒီအထဲမှာ လူသိများတဲ့နိုင်ငံရေးနယ်ပယ်ကသူတွေ၊ တက်ကြွလှုပ်ရှားသူ၊ သတင်းသမားတွေ နဲ့ နိုင်ငံရေး အကြောင်းကြောင့် ဖမ်းဆီးခံထားရတဲ့ ထင်ရှားကျော်ကြားသူတွေထဲက တချို့ ကို တယောက်စ နှစ်ယောက်စ ထည့်သွင်းပြီး သတင်းတွေမှာ ဖေါ်ပြအောင် စစ်ကောင်စီဘက်က စီမံဆောင်ရွက်လေ့ ရှိပါတယ်။ ပြန်ပေးဆွဲခံရသလို ဖြစ်နေတဲ့ အနေအထားမှာ ပြန်ပေးဆွဲသူက ပြန်လွှတ်ပေးရင်လည်း မိသားစုတွေ၊ မိတ်ဆွေ လုပ်ဖေါ်ကိုင်ဖက် အသိုင်းအဝိုင်းတွေက လွတ်မြောက်လာသူအတွက် ဝမ်းသာရ စိတ်ပူပန်မှုတွေ  ယာယီအားဖြင့် သက်သာရာရကြတာ ဖြစ်ပါတယ်။ 

အခု ဧပြီလ ၁၇ ရက်နေ့ ကျရောက်တဲ့ သင်္ကြန်နှစ်ဆန်း ၁ ရက်နေ့မှာလည်း စစ်ကောင်စီက အကျဥ်းသား ၃၃၀၃ ဦး ကို လွှတ်ပေးတယ်ဆိုတဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ရာဇသတ်ကြီး ဥပဒေထဲက ပုဒ်မများနဲ့ ပြစ်ဒဏ်ကျသူတွေသာ အဓိကအားဖြင့်အကျုံးဝင်ပြီး လက်နက်ကိုင်ဆောင်မှု နဲ့ သက်ဆိုင်တဲ့ပုဒ်မ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ၊ အဂတိလိုက်စားမှု၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ၊ မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းချမှုလို ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးခံရသူတွေ အကျုံးမဝင်ဘူးလို့လည်း ကြေညာပါတယ်။ အကျုံးဝင်တဲ့ ဥပဒေပုဒ်မနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေအနေနဲ့ ကျခံရမယ့် ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံကိုသာ သက်သာခွင့်ပေးတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရသူ အရေအတွက် ၃၃၀၀ ကျော်ထဲမှာ ၈၀ နဲ့ ၁၀၀ ဝန်းကျင်ကသာ နိုင်ငံ ရေးဆိုင်ရာအကြောင်းနဲ့ ဖမ်းဆီးခံရသူတွေ ပါဝင်ပြီး ကျန် ၃ ထောင်ကျော်ဟာ ရာဇဝတ်ပြစ်မှုတွေ နဲ့ သက်ဆိုင်တဲ့ အကျဥ်းကျခံနေရသူတွေလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရင် အကျဥ်းထောင်တွေ အတွင်းမှာ ကျွေးမွေး စောင့်ကြပ်ရတဲ့ တာဝန်များလာနေတာကြောင့် ရာဇဝတ်ပြစ်မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို တတ်နိုင်သမျှ လျော့ပါးအောင် လုပ်ဆောင်နေပြီး အကျဥ်းထောင်တွေရဲ့ လက်ခံနိုင်တဲ့ အရေအတွက် တိုးမြင့်လာအောင် လုပ်ဆောင်တဲ့ သဘောလည်း ဖြစ်ပါတယ်။

အရပ်စကားနဲ့ ထောင်ခါတယ်လို့ ခေါ်ဆိုကြပြီး စစ်ကောင်စီ အနေနဲ့ နိုင်ငံရေးအရ ဆန့်ကျင်သူတွေကိုသာ အကျဥ်းချထိန်းသိမ်းထားလိုတာ ဖြစ်ပြီး ရာဇဝတ်မှုတွေနဲ့ ဖမ်းဆီးပြစ်ဒဏ်ချမှတ်ခံရသူတွေကို ထိန်းသိမ်းထားဖို့ မရည်ရွယ်တဲ့ လက္ခဏာတွေလည်း တွေ့မြင်ရတာ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေး ဆိုတာထက် နိုင်ငံရေးအရ ဆန့်ကျင်သူ၊ လက်နက်ကိုင် တိုက်ခိုက်နေသူတွေကိုသာ ဖမ်းဆီးထိန်းသိမ်းထားလိုတာ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ဖြစ်ပြီး အခုလို အခါကြီးရက်ကြီးတွေမှာ ရုပ်ပြကောင်းဖို့အတွက် အနည်းငယ်စီ ချွေပြီး လွှတ်ပေးတဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်သာ ဖြစ်ပါတယ်။ 

ဒီနေ့ လွတ်မြောက်လာတဲ့သူတွေအထဲ ကချင်ပြည်နယ်က ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် ရဲ့ ဥက္ကဋ္ဌဟောင်း၊ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ခလန်ဆွမ်ဆန်၊ လွတ်ရက် နီးနေတဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဟောင်း ၂ ဦး၊ နေပြည်တော်မှ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း တဦး၊ ရခိုင် ပြည်နယ် စစ်တွေမြို့က ရခိုင်အမျိုးသမီး ကွန်ရက်ရဲ့ ဥက္ကဋ္ဌ ဒေါ်ညိုအေး၊ ရန်ကုန်မြို့မှ တက်ကြွလှုပ်ရှားသူ လူငယ်အချို့တို့ လွတ်မြောက်လာတယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။ အကျဥ်းထောင်တွေထဲ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ စစ်အာဏာသိမ်းပြီးနောက် အသစ်ဖြည့်စွက်ထားတဲ့ ရာဇသတ်ကြီးပုဒ်မ  ၅၀၅-က၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပေါက်ကွဲစေတတ်သော ပစ္စည်း စတဲ့ ဥပဒေ ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရသူ၊ ထောင်ဒဏ် အနှစ် ဆယ်ဂဏန်းနဲ့ချီ ချမှတ်ခံထားရသူ၊ သေဒဏ်ချမှတ်ခံထားရသူတွေ နိုင်ငံအနှံ့အပြားက အကျဥ်းထောင်တွေမှာ ရှိနေကြပြီး စုစုပေါင်း သောင်းဂဏန်းအထက် ရှိလိမ့်မယ်လို့ စောင့်ကြည့်တဲ့ အဖွဲ့တွေက ထုတ်ပြန်ထားကြတာ ဖြစ်ပါတယ်။ 

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဆိုတာဟာ တနည်းအားဖြင့်ဆိုရရင်  အတိုက်အခံနိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ပြန်ပေးဆွဲထားတဲ့ အာဏာသိမ်း စစ်ကောင်စီက အနည်းငယ်မျှသောသူတွေကို အခုလို နေ့ရက်တွေမှာ ပြန်လွှတ်ပေးတဲ့ သဘောမျိုးလို့သာ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ 

ဒီနေ့ အဖို့နောက်ထပ် အကြောင်းအရာတခုကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့က လူမျိုးရေးအမုန်းတရားတွေကို လှုံ့ဆော်ကာ နေအိမ်တွေ ဖြိုဖျက်တာ မီးရှို့တာတွေ လုပ်ဆောင်နေတဲ့သတင်းတွေ စတင်ထွက်ပေါ်လာနေတဲ့အကြောင်း ဖြစ်ပါတယ်။ ရိုဟင်ဂျာလူမျိုးစုတွေ လူ များစုဖြစ်တဲ့ ဘူးသီးတောင်မြို့မှာ ဧပြီလ ၁၄၊ ၁၅ နဲ့, ၁၆ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ထောက်ခံကာ လက်နက်တပ်ဆင်ထားပေးတဲ့ ရိုဟင်ဂျာ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေက မြို့ပေါ်က ရခိုင်လူမျိုးတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးနေတဲ့ အကြောင်း ဒေသတွင်း သတင်းမီဒီယာ အချို့မှာ ဖေါ်ပြထားကြတာ ဖြစ်ပါတယ်။ လူနေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာ၊ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့တဖွဲ့ဖြစ်တဲ့ MSF နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ရဲ့ ရုံးခန်း မီးလောင်ပျက်စီးသွားပြီး လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် စုဆောင်းထားတဲ့ ဆေးဝါးတွေပါ ဆုံးရှုံးခဲ့ရတဲ့ အကြောင်း RFA မြန်မာပိုင်းရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

စစ်ကောင်စီကထိန်းချုပ်ထားဆဲဖြစ်တဲ့ဘူးသီးတောင်မြို့မှာ စစ်ကောင်စီဘက်က စုဆောင်းဖွဲ့စည်းထားပေးတဲ့ ရိုဟင်ဂျာလူမျိုးစုတွေပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ရိုဟင်ဂျာ ဒေသခံတွေကို လူ မျိုးရေးလှုံ့ဆော်မှုတွေလုပ်ဆောင်နေပြီး ရခိုင်လူမျိုးတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ မြေ ထိုးစက်တွေနဲ့ပါ ထိုးချဖျက်ဆီးနေတာတွေရှိနေတဲ့အကြောင်း ရခိုင်ဒေသန္တရ သတင်းမီဒီယာ အချို့ မှာဖေါ်ပြနေကြပြီး ဆက်သွယ်ရေးကွန်ရက်တွေခက်ခဲနေတဲ့ ရခိုင်ပြည်နယ်အနေအထားအရ အသေးစိတ်အခြေအနေအဖြစ်အပျက်တွေကို ပြင်ပကသူတွေ တိတိကျကျသိဖို့ ခက်ခဲနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

AA အနေနဲ့ ဘူးသီးတောင်ကို တိုက်ခိုက်သိမ်းယူနိုင်ခြေ ရှိပေမယ့်လည်း လတ်တလောမှာ ဘူးသီးတောင်ကို မြို့သိမ်းဖို့ တိုက်ပွဲတွေ မရှိသေးဘဲ ဘူးသီးတောင်မြို့ အနီးတဝိုက်က ကျေးရွာတွေမှာတော့ တိုက်ပွဲဖြစ်ပွားနေတာရှိနေတာ ဖြစ်ပါတယ်။ သတင်းအချို့မှာတော့ စစ်ကောင်စီနဲ့ ARSA လို့ခေါ်ဆိုတဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တို့ ပေါင်းပြီး ဘူးသီးတောင်မြို့က ရခိုင်လူမျိုးတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးနေကြတယ်လို့ ရေးသားထားကြတာ ဖြစ်ပါတယ်။ 

အခု ဘူးသီးတောင်အဖြစ်အပျက်ဟာ ရခိုင်လူမျိုးနဲ့ ရိုဟင်ဂျာလူမျိုးတို့အကြား ရရှိထားတဲ့ နား လည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ထိခိုက်စေနိုင်တဲ့ အဖြစ်အပျက်တွေ ဖြစ်ပြီး လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ အဓိကရုဏ်း၊ သတ်ဖြတ်မှု၊ လက်စားချေမှုတွေ ပေါ်ထွက်မလာခင် သက်ဆိုင်တဲ့လူမှုအသိုင်းအဝိုင်းအသီးသီးက ကြားဝင်ထိန်းသိမ်းဆောင်ရွက်ဖို့လည်း အရေး တကြီး လိုအပ်နေပြီ ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar