Breaking News

တရက်နီးပါး အကြာတိုက်ပွဲဖြစ်ပြီးနောက် KNLA တပ်တွေ တံတား ၂ အနီးက စစ်ကောင်စီတပ်တွေကို ဖယ်ရှားခဲ့ဟု ဆို

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၂၀ မြင်ကွင်း

(မိုးမခ) ဧပြီ ၂၁ ၊ ၂၀၂၄

တရက်နီးပါး အကြာတိုက်ပွဲဖြစ်ပြီးနောက် KNLA တပ်တွေ တံတား ၂ အနီးက စစ်ကောင်စီတပ်တွေကို ဖယ်ရှားခဲ့ဟု ဆို 

မြဝတီမြိုနဲ့ အနီးတဝိုက်မှာ ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဘယ်နှဖွဲ့ရှိလဲလို့ ချရေးကြည့်ရင် KNU/KNLA လက်နက်ကိုင် အဖွဲ့၊ DKBA, BGF မှ အမည်ပြောင်းသွားတဲ့ KNA အဖွဲ့ နဲ့ KNU/ KNLA(PC) လို့ခေါ်တဲ့အဖွဲ့ တွေ နဲ့ စစ်ကောင်စီ တပ်လက်ကျန် အချို့တို့က မြဝတီမြို့ထဲ၊ အနီးတဝိုက် သူ့နေရာနဲ့သူ ရှိနေကြတဲ့ သဘောလို့ သတင်းတွေ ဖတ်ကြည့်တဲ့အခါ အဲဒီလိုနားလည်ရပါတယ်။ အဓိကအင်အားစုတွေကတော့ KNU/KNLA နဲ့ BGF အသွင်ပြောင်း KNA တို့ဖြစ်လိမ့်မယ်လို့ မှန်းဆရပါတယ်။ 

ယခု သီတင်းပတ်အနည်းငယ် အတွင်းမှာ မြဝတီမြို့ အနေအထားက ရှင်းရှင်းလင်းလင်း မပြောနိုင်တဲ့အနေအထားရောက်နေပြီး ဘယ်လက်နက်ကိုင်အဖွဲ့တွေ ဘယ်နေရာတွေမှာ နေရာယူထားသလဲဆိုတာနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်းသိနိုင်တဲ့အချက်အလက်တချို့ ရှိပေမယ့် သဲသဲကွဲကွဲမသိနိုင်တဲ့အချက်အလက်တွေလည်း ရှိနေဆဲဖြစ်သလို နောက်တချက်က ဘယ်လက်နက်ကိုင်အဖွဲ့က ဘယ်သူ့ဘက်ကို ကူမလဲဆိုတာတွေလည်း ရှင်းရှင်းလင်းလင်းမရှိတဲ့အနေအထားတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။  

အဓိကအားဖြင့် စောချစ်သူခေါင်းဆောင်တဲ့ BGF/ KNA လက်နက်ကိုင်တပ်က စစ်ကောင်စီကို သံယောဇဥ်ရှိနေသေးသလား၊ သို့မဟုတ် KNU/KNLA နဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို တိုက်မှာလား၊ သို့မဟုတ် ၄င်းတို့ရယူချင်တဲ့နေရာတွေရရှိဖို့ ၄င်းတို့အတွက်ပဲ တိုက်မယ့်သဘောလားဆိုတာလည်း မသဲကွဲသေးတဲ့အနေအထားဖြစ်ပါတယ်။

 ဧပြီ ၁၉ ရက်နေ့ညက စတင်ပြီး တံတားနားက စစ်ကောင်စီရဲ့ ခလရ (၂၇၅) က လက်ကျန်တပ်တွေကို KNU/KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရော့ဗုံးချပြီး တိုက်ခိုက်နေတဲ့ သတင်းတွေ တက်လာပြီး ဧပြီလ ၂၀ ရက်နေ့တနေ့လုံး နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေခဲ့တဲ့သတင်းတွေ ပေါ် ထွက်လာကာ ညဦးပိုင်းမှာတော့ စစ်ကောင်စီ ခလရ ၂၇၅ လက်ကျန်တပ်တွေကို တံတားအမှတ် ၂ နားကနေ အပြီးသတ်ဖယ်ရှားနိုင်ခဲ့ပြီလို့ KNU/KNLA  က သတင်းမီဒီယာ တချို့ကိုပြောပါတယ်။ သို့ပေမယ့်လည်း စစ်ကောင်စီတပ်တွေကို ချေမှုန်းလိုက်တဲ့သဘောလား သို့မဟုတ် တံတားအမှတ် ၂ အောက်ကနေ ဖယ်ရှားလိုက်တာလား သဲသဲကွဲကွဲမသိရသေးပါဘူး။ တိုက်ပွဲဖြစ်သံတွေက ၂၀ ရက်နေ့ ညဘက်တွေမှာလည်း ဆက်လက်ကြားနေရသေးတယ်လို့ မဲဆောက်မြို့မှာ နေထိုင်နေသူတွေရဲ့ ပြောဆိုချက်တွေကိုးကားပြီး သတင်းမှာ ဖော်ပြထားကြပါတယ်။ 

ဧပြီ ၂၀ ရက်နေ့တနေ့လုံး စစ်ကောင်စီရဲ့ စစ်လေယာဥ်၊ စစ်ရဟတ်ယာဥ်တွေနဲ့ လေကြောင်း တိုက် ခိုက်မှုတွေကလည်းရှိနေပြီး ဗုံးအလုံးရေ ရာနဲ့ချီ ချခဲ့တယ်လို့ စစ်ဘေးရှောင်လာတဲ့ မြို့ခံတွေ၊ ထိုင်းနိုင်ငံဘက်အခြမ်းကနေ စောင့်ကြည့်နေသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရန်တွေဘက်မှာတော့ တံတားအမှတ် ၂ အောက်က ခလရ ၂၇၅ လက်ကျန်တပ်တွေကို BGFကနေ KNA  နာမည်ပြောင်းထားတဲ့အဖွဲ့တွေက ကူညီတိုက်ခိုက်ပေးနေတယ်လို့ ဖော် ပြနေကြပြီး မြေပြင်မှာ အဲဒီလိုအမှန်တကယ်ဖြစ်တယ်မဖြစ်ဘူးဆိုတာကို အတည်ပြုနိုင်သေးခြင်း မရှိပါဘူး။ 

မြဝတီမြို့ ပေါ်က မြို့ခံအချို့နဲ့တံတားအမှတ် ၂ နဲ့နီးတဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာနေကြသူတွေ က တော့ အရှိန်မြင့်လာတဲ့တိုက်ပွဲတွေကြောင့် သောင်ရင်းမြစ်ရဲ့ မြစ်ကမ်းကနေ ထိုင်းနိုင်ငံဘက်ကို ဧပြီလ ၂၀ ရက်နေ့မှာ အများဆုံးကူးလာကြတယ်လို့သတင်းတွေမျာ ဖော်ပြထားကြပါတယ်။ အချို့သောဂိတ်တွေမှာ ထိုင်းနယ်ခြားစောင့်စစ်သားတွေက ကူးမလာဖို့ တားဆီးထားတာတွေ ရှိတယ်လို့လည်း သတင်းတွေမှာတွေ့ရပြီး လုံခြုံရေးအရကြောင့်လား အခြားအကြောင်းကြောင့်လား တိတိ ကျကျမသိရဘူးလို့ သတင်းတွေမှာဆိုပါတယ်။  ထိုင်းနိုင်ငံ မဲဆောက်ဘက်မှာတော့ ခုရက်ပိုင်းအတွင်း မြဝတီမြို့က စစ်ဘေးရှောင်လာသူ စုစုပေါင်း ၁ သောင်း ၁ ထောင်ကျော်ရှိနေပြီလို့ ဆိုပါတယ်။ အဆိုပါအရေအတွက် ၁၁၀၀၀ အနက် ၃၀၀၀ လောက်က တံတားအမှတ် ၁ ပေါ်က နေကူးလာကြသူတွေဖြစ်ပြီး ကျန် ၈၀၀၀ ကျော်ကတော့ နယ်စပ်မျဥ်းသောင်ရင်းမြစ်ထဲကဖြတ်ပြီး ကူးလာကြသူတွေ ဖြစ်ပါတယ်။ 

မကြာသေးတဲ့သီတင်းပတ်တွေအတွင်း ထိုင်းနိုင်ငံအနေနဲ့ မြဝတီမြို့နဲ့အနီးမှာ တိုက်ပွဲတွေဖြစ်ပွားလာနိုင်တာကို မှန်းဆထားပြီးဖြစ်ကာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဖြစ်သူက မြန်မာနိုင်ငံထဲက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူအရေအတွက် ၁ သိန်းလောက်ထိလက်ခံနိုင်အောင် စီစဥ်ထားရှိမယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။ 

KNU/KNLA အနေနဲ့ သင်္ကြန်မတိုင်ခင် သင်္ဃန်းညီနောင်တဝိုက်က တပ်စခန်းတွေ၊ ဗျူဟာစခန်းတွေကိုအပြီးသတ်တိုက်ခိုက်သိမ်းယူခဲ့ပြီး မြဝတီမြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးပဲ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားဖြစ်တဲ့ ရဲ၊ လူဝင်မှုကြီးကြပ်ရေး၊ အကောက်အခွန်၊ စီးပွားကူးသန်း စတဲ့ဌာနတွေက ဝန်ထမ်းတွေရှိနေဆဲဖြစ်သလို ချစ်ကြည်ရေးတံတား အမှတ် ၁ မှာလည်း စစ်ကောင်စီရဲ့ အရပ်ဘက်ဝန်ထမ်းတွေက ဆက်လက်ရှိနေမြဲ ရှိနေကြတဲ့သဘောလည်း ဖြစ်ပါတယ်။ 

တနည်းပြောရရင် မြဝတီမြို့ မှာ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်မရှိတော့ပေမယ့် အုပ်ချုပ်ရေးကို တခြားသောလက်နက်ကိုင်အဖွဲ့တဖွဲ့ဖွဲ့က အပြီးသတ်လွှဲယူမရရှိသေးတဲ့သဘောလည်း ပြောမယ်ဆိုပြောနိုင်ပါတယ်။ KNLA, BGF/KNA နဲ့ DKBA တို့အနေနဲ့ မြဝတီမြို့ ကိုခွဲဝေအုပ်ချုပ်မယ့်သဘောလားလို့မှန်းဆစရာတွေရှိနေပြီး လက်ရှိအချိန်ထိ မြဝတီမြို့ကို လက်နက်ကိုင်တဖွဲ့ဖွဲ့က ၄င်းတို့အုပ်ချုပ်နေတာဖြစ်ကြောင်း ထုတ်ပြန်ကြေညာတာလည်း မရှိသေးတဲ့သဘောဖြစ်ပါတယ်။ 

မြဝတီမြို့ဟာ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက မြို့တမြို့ဖြစ်လို့ အခွန်အကောက်က ရရှိမယ့် ဝင်ငွေပမာဏက မက်မောစရာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ထိန်းချုပ်လိုကြတာ အသေအချာဖြစ်ပါတယ်။ 

အခြားအကြောင်းအချက်တခုက မြဝတီနဲ့အနီးတဝိုက်ဒေသတွေမှာ ကာစီနိုလိုလောင်းကစားလုပ် ငန်းတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကာအကွယ်ပေးစောင့်ရှောက်ကာ အခွန်အကောက်ရရှိနေတာဖြစ်ပါတယ်။ အခုမြဝတီမြို့အနီးကနယ်မြေတွေကလည်း အဆိုပါကာစီနိုလုပ်ငန်းတွေ၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအခြေစိုက်ရာနေရာတွေနဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။ 

အဲဒီရှုထောင့်ကကြည့်ရင်လည်း မြဝတီမြို့သိမ်းယူရေး ထိန်းချုပ်ထားနိုင်ရေးတိုက်ပွဲဟာ စစ်ရေးအောင်မြင်မှု တိုက်ပွဲတခု၊ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ကြတဲ့တိုက်ပွဲတခုထက် အကျိုးစီးပွား နောက်ခံရှိနေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်နက်ကိုင်တိုက်ပွဲတရပ်လို့ ဆိုရင် မှားမယ်မထင်ပါဘူး။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar