Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သောင်းကျန်းလွန်းသူ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သောင်းကျန်းလွန်းသူ

(မိုးမခ) မေ ၂ ၊ ၂၀၂၄


တပ်မတော်သာအမိ တပ်မတော်သာအဖကြီးတောင် လမ်းဖျက် တံတားမိုင်းခွဲ မြို့ရွာမီးတိုက်နဲ့ သောင်းကျန်းသူဘဝတောင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပါပေါ့လား။

ရွှေကြီး ဗုဒ္ဓဟူးနံနဲ့ တည်ဆောက်ထားသမျှ မအလက ဗုဒ္ဓဟူးနံနဲ့ပဲ ကက်ကင်းကိုက် ဖျက်တော့တာကိုး။ 

ကျနော်က မခိုး မသတ် မသောက်မစား သူများသားမယား မပြစ်မှား လူလိမ္မာသားလေးပါ၊ လိမ်ပြောတတ်တာလေးတခုပဲ ဆိုသာလို ရွှေကြီးက တပ်မတော်ကြီးကို ဘယ့်နှယ် ဘယ်လို ဘယ်ကဲ့သို့ ဉာဏ်ကြီးကြီးနဲ့ တည်ဆောက်လိုက်တာ ကမ္ဘာ့အဆင့် ၃၇ တွေ ဘာတွေဖြစ်လို့ ဆိုပြီး ချီးပလိုက်တာ ချီးပလိုက်တာများ၊ အပြစ်ဆိုလို့ ဖျက်မယ့်ကောင် လွှဲခဲ့သာလေးတချက်ပဲ ပြောစရာရှိသာပလေ။

ဟော သူ့တောင် ကံကောင်းလို့ ကင်းဝတ်အချမခံရသာမှတ်ပေါ့။ ခု သက်ပြည့်စံမမီ အကျိုးအပြတ်အတု စစ်မှုထမ်းဟောင်းမှန်သမျှတောင် မချန်တော့ဘဲ သတင်းပြန်ပို့ခိုင်းနေပြီ။ မပို့ရင် ပင်စင်ဖြတ် မြိုင်ရပ် သုံးနှစ်နှင်မတဲ့။ ၅၅ အောက်ရှေ့တန်း၊ အထက်နောက်တန်း စစ်မှုထမ်းရမယ်ဆို ခေါ်ပလေ။ ကုမ္ပဏီကြီးတွေမှာ စီအီးအို ဂျီအီးပျိုတွေလုပ် စမူခုတ်နေတဲ့ အကောင်ပြုတ်တွေ ပြာတောက်၊ မယားငယ်ပါ အချောင်ဒုက္ခရောက် လင်ပုန်းပျောက်ကိန်းဆိုက်ပေါ့။ 

ခုဆို ကိုယ့်ခိုးထားသမျှ စည်းစိမ် နောက်လူဖို့ ဖြစ်တော့မယ်ဆိုပြီး ဟစ်နေတဲ့ အကောင်နဲ့၊ မသွားပြန်ရင်လဲ အာခံစာရင်းထဲထည့်ပြီး အိမ်ပါ ချိပ်ပိတ်သိမ်းမယ့် ပလန်က အသင့်မို့ သားမယားကတောင် သွားသွားဆိုပြီး အတင်းစာရင်းပေးခိုင်းခံနေရတဲ့ အကောင်နဲ့၊ စစ်ထဲနေတုန်းက မသေလို့ ပင်စင်ရ အပြင်မှာ မိုးကျရွှေကိုယ်ဘဝနဲ့ လှပမျောလွင့်နေတာကို ပြန်လာစစ်မှုထမ်းရမတဲ့၊ အင်း ဒါ နင်နှစ်ခေါက်ရှောက် ဆိုတဲ့ ဇာတ်လမ်းလို မသေမချင်း စစ်မှုထမ်းခိုင်းတာပဲလေ။ ဘယ်အတန်းနေနေ ရှေ့တန်းနဲ့ နောက်တန်းကလဲ ဘယ်စခန်းကအရင်သေမယ်မသိတဲ့အခြေ ဘယ်နေနေ သေမှာကတော့ သေကို သေချာတယ်လေလို့ ရေရွတ်နေတဲ့အကောင်နဲ့၊ ခုမအလလုပ်ပုံက မင်းတို့လာသေ၊ မင်းတို့ အကုန်သေပြီးမှ ငါ သေမယ် ဆိုတဲ့ အထာ၊ အနော်ရထာ မဟုတ်၊ အလောင်းစည်သူ အထာ၊ မညှာမတာ မသာအထာပါ ဆိုပြီး ချွေးသံရဲရဲကြားက အသံတိတ် အံကြိတ်ခီးနေရတဲ့အကောင်နဲ့၊ မိအောင်လှိုင်က ခံတွင်းချဉ်တာလား ဖျင်ယားတာလား မကွဲဘဲ အာဏာသိမ်းလိုက်တာ ခုတော့ တပ်လဲပျောက် တိုင်းလဲပျက်ဆိုပြီး မအေနှမ ကိုင်တုပ်နေတဲ့ အကောင်နဲ့ စစ်မှုထမ်းဟောင်းလောကကြီး ဗလောင်ဆူနေချက်။

ဗလောင်ဆူဆို ငအောင်အူတုန်းက ဝိုင်းကြေးမောင်းထိုးပေးခဲ့ကြတာကိုး။ ခွေးအူသံကိုဘဲ မညံဘူး နာပျော်တယ် သာယာတယ်လုပ်ပြီး တုံးခေါက်လိုက်၊ ကြေးစည်ထုလိုက်၊ ကြေးမောင်းထိုးလိုက်နဲ့ အူသံမစဲ ခွေးပုပွဲကျင်းပပေးခဲ့ကြတဲ့ ကောင်တွေလဲ ခုတော့ ပြေးပြီ။ 

ပင်စင်နာ ဆိုတဲ့အတိုင်း နာလို့မှ ပင်စင်ယူထားပါတယ်ဆို စစ်ဥပြန်မျိုခိုင်းတော့ စစ်ဝဋ်ကျွတ်ဖို့ လွတ်ရာ လစ်မယ်ကြံ၊ ကြံမယ့်သာ ကြံရတာ တကယ်တော့ ဘယ်မှ မလစ်သာ ကျန်ရစ်မိသားစုကိုဖမ်း ဝရမ်းကပ်၊ ချိပ်ပိတ်တွေက လာနိုင်သေးဆိုတော့ ဗျာလှိုင်ဆွေးကြရ။ ငနာကြင်စိုး ထင်ရာမျိုးရဲ့ မုဆိုးမနှစ်ဆထုတ်လုပ်ရေးမဟားဒယားလုပ်နေတော့ ကံကောင်းလို့မုဆိုးမ မဖြစ်ခဲ့တဲ့ကတော်ဟောင်းတွေကလဲ  ဟောင်းလောင်းကြီးဖြဲ အဲ ကောင်းကောင်းကြီးဆဲနေကြ။ 

မအလကို မကျေနပ်တိုင်း ဘယ်သူတွေ ဘယ်လောက်ဆဲဆဲ အဆဲချင်းပြိုင် ဘယ်သူနိုင်ခေတ်မှာ မွတ်စလင် ငါးသောင်း စစ်သင်တန်းပေး လက်နက်တပ်ဆင်ပြီး မွတ်စလင်တပ်ကြီး ထောင်တော့မှာကို မဟောင်ရဲတာကတော့ မဘသအကောင်တွေ။ အမျိုးဘာသာအတွက် အရိုးကာမယ်လဲ မလုပ်ရဲတော့၊ ဘုရားဒကာက စစ်ထဲဆွဲ မသာစာရင်း သွင်းမှာသိတော့ မချိသွားဖြီး အမြီးမလှုပ်။ ဒို့ရခိုင်ဒကာမကြီးရဲ့ ဒကာ မဟာစစ်ဗိုလ်ချုပ်မှူးကြီးဆိုပြီး ဒူးတုပ် ရှိမခိုးရုံတမယ် လက်အုပ်တရွယ်ရွယ်နဲ့ရခိုင်မျိုးချစ်ဆရာတော်များလဲ ဘယာကြော်ကုလားနဲ့ ဆရာတော်ဘုရားတို့ ရခိုင်ကို စစ်တပ်က ခေါင်းကိုင်တိုက်ခွဲ လူမျိုးနှစ်မျိုးကို ထာဝရရိုက်ပွဲဖြစ်အောင် လုပ်နေတာပါဆိုတာ ခုမှ လက်ခံတော့တာလေ။ ဟိုတုန်းကတော့ နိဗ္ဗာန်ကိုရွယ် ကယ်မယ့်သူတော်ကောင်းကြီးဆိုပြီး ဘုန်းကြီးသက်ရှည် ကျန်းမာပါစေဆိုပြီး မေတ္တာမပြတ် တရစပ်ပို့နေခဲ့တာ မဟုတ်လား။ 

လူ့အသိုင်းအဝန်းတခုအနေနဲ့ ဘယ်အသိမှ နောက်ကျတယ်ရယ်လို့တော့ မရှိပါဘူး။ ရခိုင် ရိုဟင် အမြင်ရှင်းပြီး အရူးတထောင် ဘီလူးကောင်ကို ဦးအောင်ဝိုင်းဆော်ကြဖို့သာ။





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar