Breaking News

တင်ဇော်လွင် - စံချိန်မီ တံဆိပ်ခေါင်းများ

တင်ဇော်လွင် - စံချိန်မီ တံဆိပ်ခေါင်းများ

(မိုးမခ) မေ ၂ ၊ ၂၀၂၄

တံဆိပ်ခေါင်း စုဆောင်းလေ့လာသူတယောက်အနေနဲ့ ကိုယ့်နိုင်က ထုတ်တဲ့ တံဆိပ်ခေါင်းတွေသာမက နိုင်ငံတကာက ထုတ်တာတွေကိုပါ မျက်ခြည်မပြတ်အောင် ကြည့်မိတယယ်။ တနှစ် တနှစ်၊ ဟိုနိုင်ငံ ဒီနိုင်ငံက၊ ဟိုအထိမ်းအမှတ် ဒီအထိမ်းအမှတ် အကြောင်းအရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံတွေအတွက် ထုတ်လိုက်ကြတဲ့ တံဆိပ်ခေါင်းတွေ အများကြီးပေါ့။ ကိုယ့်တိုင်းပြည်ကတော့ နည်းနည်းပဲ ထုတ်နိုင်တယ်။ အိမ်နီးနားချင်း ဒေသချင်းကပ် နယ်နိမိတ်ချင်း စပ်နေနတဲ့သူတွေနဲ့ ယှဉ်ကြည့်လိုက်ပြန်ရင်လည်း နောက်ဆုံးကပါပဲ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေမှာလည်း အကြောင်းပြချက် အမျိုးမျိုး ရှိမှာပေါ့လေ။ 

စစ်အစိုးရ အမှောင်ခေတ်တုန်းကတော့ ထားပါတော့လေ။ အားလုံး အမှောင်ထဲမှာ (ဟိုဘက်လည်း မှောင်၊ ဒီဘက်လည်း မှောင်။ ဘုရားခန်းလည်း မှောင်။ မီးဖိုချောင်လည်း မှောင်။) အဲဒီလို အခြေအနေမျိုးမို့ တံဆိပ်ခေါင်းထုတ်တဲ့ဘက်ကို ဂရုမစိုက်ကြတာ ဖြစ်ပါလိမ့်မယ်။ အနီးအနား နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြချင်လို့။ အောက်က စာရင်းဇယားကွက်ကို ကြည့်ပါဦး။ ၁၀ နှစ်စာအတွင်း ထုတ်ခဲ့တဲ့ တံဆိပ်ခေါင်း အမျိုးအစားစာရင်းပါ။ (USA က ထုတ်တဲ့ Scott Stamps Catalogue အရ)

ဦးသိန်းစိုး အစိုးရ ၅ နှစ်အတွင်းနဲ့ ပြည်သူ့အစိုးရ ၅ နှစ်ကာလအတွင်းကို ကွက်ပြီးကြည့်ရင် ၃၅ နဲ့ ၆၈ ဆိုတော့ နှစ်ဆလောက် ပိုများလာတာကို တွေ့ရမှာပါ။ အားရစရာပါ။

ဒါပေမဲ့ ယိုးဒယားနိုင်ငံနဲ့ ယှဉ်ကြည့်တော့ အရမ်းကွာသွားပါပြီ။ (သူတို့က ၃၀၀ ဆိုတော့ ၁၀ ဆလောက် ကွာနေတာ။)

နဝတ၊ နအဖ ခေတ်ကို ထည့်မတွက်သေးဘူး။ ထည့်မပြောသေးဘူး။ အဲဒီခေတ်မှာ တနှစ်လုံးနေမှ တမျိုး၊ နှစ်မျိုးပဲ ထုတ်ခဲ့တဲ့နှစ်တောင် ရှိသဗျ။ (ဥပမာ- ၂၀၀၁ မှာ တမျိုးတည်း။ ၂၀၀၂ မှာ နှစ်မျိုး၊ ၂၀၀၃ မှာ နှစ်မျိုး)။ အင်းလေ... တနှစ်လုံးနေလို့ ရုပ်ရှင် ၁၀ ကား၊ ၁၁ ကားလောက်ပဲ ထွက်ခဲ့တဲ့ ခေတ်တောင် ရှိခဲ့သေးတာပဲ။

ကဲ... အရေအတွက် နည်းတာကို ထားပါတော့။ အရည်အသွေးဘက်ကို ကြည့်တော့လည်း စံချိန်မမီတာက များနေသေးတယ်။ တံဆိပ်ခေါင်းတခုမှာ ရှိရမယ့် အရောင်၊ စာတမ်း၊ ဒီဇိုင် စတာတွေကတေ့ တိုးတက်မလာသေးဘူး။ ဒီဇိုင်းတွေ ထပ်နေတာ၊ စာလုံးတွေ အရုပ်တွေ မပီသတာ၊ ပုံနှိပ်မှုအ ရည်အသွေး ညံ့ဖျင်းတာ။ အဲဒီလို စံချိန်မမီတာတွေက များတယ်။ 

ပြီးခဲ့တဲ့ ဦးသိန်းစိန် လက်ထက် ၅ နှစ်နဲ့ ပြည်သူ့အစိုးရ ၅ နှစ် ကာလအတွင်းမှာ တံဆိပ်ခေါင်းတွေရဲ့ အရည်အသွေးဟာ အတူတူပဲ။ ညံ့မြဲပဲ။ ပြည်သူ့အစိုးရ လက်ထက်မှာ တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ သဲထဲရေသွန်ပဲ။ တကျောင်းတည်းထွက်၊ တအုပ်စုတည်း ထွက်မှန်း သိသာတယ်။ နည်းမြဲပဲ။ ညံ့မြဲပဲ။

တံဆိပ်ခေါင်းက အရေးမပါပါဘူး။ အဓိကမကျပါဘူး။ တိုင်းပြည် ထူထောင်ရေးမှာ တခြား အရေးကြီးတာတွေ အပုံကြီး လုပ်ရဦးမှာလို့ စောဒကတက်နိုင်ပါတယ်။

ဒါပေမဲ့ တံဆိပ်ခေါင်းကို ပြည်ပပို့ကုန်တခုအနေနဲ့ မြင်ကြရပါမယ်။ ရှင်းပြပါရစေ။ တံဆိပ်ခေါင်း စုတဲ့ ဝါသနာရှင်တွေဟာ တကမ္ဘာလုံးက ထွက်သမျှ တံဆိပ်ခေါင်းတွေကို ဝယ်ပြီး စုပါတယ်။ ဒီတော့ကာ မြန်မာပြည်က ထွက်တဲ့ တံဆိပ်ခေါင်းကို သူတို့က လှမ်းပြီး ဝယ်ကြရပါတယ်။ များများထုတ်လေ၊ အမြတ်ထွက်လေ မဟုတ်ပါလား။ တကမ္ဘာလုံးက ဝိုင်းပြီး ဝယ်ကြတာနော်။ မြန်လူထုကလေးကို ကွက်ပြီး ပြောတာ မဟုတ်ဘူး။ အဲဒီထဲမှာမှ ထူးခြား ရှားပါးတာဆိုရင် ပိုပြီးတော့တောင် အလုအယက် ဝယ်ကြသေးတယ်။ 

ဥပမာအားဖြင့်- အမေရိကန်သမ္မတ အိုဘားမားနဲ့ နိုဗယ်ဆုရှင် ဒေါ်စုနဲ့ တွေ့တဲ့ အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်း ထုတ်တယ် ဆိုပါတော့။ (အဲဒါမျိုးကို တံဆိပ်ခေါင်း စုဆောင်းတဲ့သူတွေ Philatelists အဖို့ သည်းခြေကြိုက်ပေါ့။) 

စဉ်းစားကြည့်ကြလေ။ အမေရိကန်နိုင်ငံကြီး တည်နေသရွေ့၊ နိုဗယ်ဆုကြီး တည်နေသရွေ့ ဒီတံဆိပ်ခေါင်းကလေးဟာ တည်နေတော့မှာလေ။ စုဆောင်းသူတွေက ပိုင်ရှင်အဆက်ဆက် တလက်က တလက် ပြောင်းပြီး အသက်ရှင်နေတော့မှာလေ။ တန်ဖိုးတက်နေတော့မှာလေ။ ကဲ... အခုတော့ အဲဒီအခွင့်အရေးကြီး လက်လွှတ် ဆုံးရှုံးခဲ့ရပြီ မဟုတ်ပါလား။ ဒီနေရာမှာ အစိုးရဌာနက ဝင်ငွေငရတာ တခုတည်း မဟုတ်ပါဘူး။ ဝယ်ယူ စုဆောင်းထားသူ မြန်မာလူထုမှာပါ ဝင်ငွေရနိုင်တယ် ဆိုတာ သတိချပ်သင့်ပါတယ်။ (မြန်မာတယောက်က Online ပေါ်ကနေ နိုင်ငံခြားသားတယောက်ကို ရောင်းတာမျိုး။)

အဲဒီလို တံဆိပ်ခေါင်းတလုံးနဲ့ နေပြည်တော်က ရုပ်တုတွေ၊ ရေပန်းတွေ၊ ထင်းစည်းချိုးနေတာတွေပါတဲ့ တံဆိပ်ခေါင်းတလုံး၊ ဈေးကွက်မှာ တန်ဖိုး ကွာခြားသွားပြီဆိုတာ စဉ်းစားကြည့်ပါ။ တံဆိပ်ခေါင်း စုတဲ့ ဝါသနာရှင်တွေက ဘယ်တံဆိပ်ခေါင်းကို နှစ်ရှည်လများ အမြတ်တနိုး စုကြမလဲ ဆိုတာ သိသာထင်ရှားလှပါတယ်။

ပါးပါးနပ်နပ်နဲ့ အကွက်မြင်တဲ့ နိုင်ငံတွေကတော့ အဲဒီလို လုပ်စား(ထုတ်စား)နေကြတာ ကြာလှပြီကော။ ယိုးဒယားနိုင်ငံ ဆိုရင် သူတို့နိုင်ငံက TOK TOK (တုတ်တုတ်) လို့ခေါ်တဲ့ တက္ကစီကားက စလို့ ကြက်တွေ၊ ငှက်တွေ၊ ဒူးရင်းသီး၊ ငှက်ပျောသီးတွေ အဆုံး အကုန်လုံး တံဆိပ်ခေါင်းထုတ်ပြီးသွားပါပြီ။ (တောင်း၊ ခြင်း၊ ပလုံးတွေတောင် မချန်ပါဘူး) ကိုယ့်နိုင်ငံမှာ ကမ္ဘာ့အဆင့်အတန်း မီတဲ့ နေရာတွေ၊ အကြောင်းရာတွေ အများကြီး ရှိပါတယ်။ ဥပမာ- သမိုင်းအမွေအနှစ် Heritage နေရာတွေ၊ ရှားပါးသတ္တဝါတွေ ဖြစ်ကြတဲ့ ဧရာဝတီလင်းပိုင် (Irrawaddy Dolphin)၊ အင်းလေးဒေသက မြန်မာ့ကြောင် (Burmese Catt)၊ ကချင်ပြည်နယ်က ဖက်ဒရယ် (Leaf Deer)၊ မြန်မာ့စပါးကြီးမြွေ (Burmese Python) စသဖြင့်ပေါ့။ မရေမတွက်နိုင်အောင် များပြားလှတဲ့ အကြောင်းအရာတွေ၊ အချက်အလက်တွေ၊ တပုံတခေါင်းကြီးပါ။

ပြည်သူ့အစိုးရရဲ့ ပထမ ၅ နှစ်တာကာလအတွင်းမှာ တံဆိပ်ခေါင်းတွေရဲ့ လက်ရာ မပြောင်းလဲဘဲ တကျောင်းတည်းထွက်၊ တအုပ်စုတည်းထွက်မှန်း သိသာပြီး (ညံ့မြဲ ညံ့လျက်) ညံ့နေဆဲ ဆိုတာ ပြောပြီးပါပြီ။ ကဲ... အခု စစ်ကောင်စီလက်အောက်က လွတ်လာတဲ့ တနေ့မှာတော့ လူငယ်လက်သစ်တွေနဲ့ အားသစ်လောင်းလို့ စံချိန်မီတဲ့ ကြည်လင်ပြတ်သား ခံ့ညားတဲ့ တံဆိပ်ခေါင်းတွေ ကမ္ဘာက အမြတ်တနိုး တန်ဖိုးထား အာရုံစိုက်ရမယ့် တံဆိပ်ခေါင်းတွေ ထုတ်ဝေဖို့ ကြိုးစားသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar