Breaking News

ကောင်းဇေလူ - နွေဦးတော်လှန်ရေးကို တရုတ်-ရုရှား လက်တွဲဆန့်ကျင်နေပြီလား

နွေဦးတော်လှန်ရေးကို တရုတ်-ရုရှား လက်တွဲဆန့်ကျင်နေပြီလား

ကောင်းဇေလူ 

(မိုးမခ) မေ ၆ ၊ ၂၀၂၄

လက်ရှိ နွေဦးတော်လှန်ရေးဘက်တော်သားတွေက အောင်ပွဲမရမချင်း နောက်ဆုတ်မယ့် သဘော ထားမရှိတာကတော့  မြေပြင်အခြေအနေများအရ သေချာသလောက်ပါပဲ။  စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ကဏ္ဍတွေ အသီးသီးအဘက်ဘက်ကကျဆင်းနေပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ အပြားမှာ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် ပြည်သူအများ နေစရာ စားစရာ မရှိဘဲ အိုးခြေအိမ်ခြေမဲ့ ဘ၀တွေ ကြုံနေကြရတာကို ဦးစွာ ကယ်တင်ကြရမှာဖြစ်တယ်။ တော်လှန်‌‌ရေးကာလ ဖြစ်တာနဲ့အညီ မြေပြင်အခြေအနေနဲ့ ကိုက်ညီတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ကြဖို့လည်း အရေးကြီးပါတယ်။ 

EAOs အဖွဲ့တွေ အချင်းချင်းအကြား၊ တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းအကြား၊ NUG နဲ့ EAOs တွေအကြား၊ NUG အတွင်း အထက်အောက်/ဗဟိုနဲ့ မြေပြင်အဖွဲ့တွေအကြား၊ NUCC အဖွဲ့၀င်အချင်းချင်းအကြား၊ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် တာ၀န်ယူမှု တာ၀န်ခံမှုတွေ ခိုင်မာအောင် တည်ဆောက်ကြဖို့လိုပါတယ်။ တိုက်ပွဲတွေ အောင်မြင်နေပေမယ့် နိုင်ငံရေး ရေချိန်ပိုင်းက အထနှေးနေပါတယ်။ ယနေ့အချိန်ကဲ့သို့သော ကပ်ဘေးသင့်နေချိန်မျိုးမှာ ဂျန်ဇီး(Gen-Z) လူငယ်ထုအကြား လက်ခံယုံကြည်ထားတဲ့ "ငါတို့မှာ ငါတို့ပဲ ရှိတယ်" ဆိုတဲ့ယုံကြည်ချက် အလံတော်ကို မြင့်မြင့်မားမား လွှင့်ထူကြရမှာ ဖြစ်တယ်။ ထိုက်တန်တဲ့လူငယ်တွေကို  နေရာပေးဖို့လည်း တွန့်ဆုတ်မနေသင့်ပါဘူး။ ပြုပြင်ပြောင်းလဲသင့်တာကို လက်ခံဖို့ ၀န်လေးနေရင် တော်လှန်ရေးအောင်ပွဲ အချိန်ကြာသွားနိုင်တာကို သတိပြုကြရပါမယ်။  ပြည်ထောင်စု မြန်မာနိုင်ငံသားများအနေနဲ့ အရေးကြီးတဲ့အချိန်ဖြစ်လို့  သွေးစည်းကြဖို့ လိုသလို တော်လှန်ရေး လိုအပ်ချက်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့လည်း အရေးကြီးပါတယ်။ 

အထူးသဖြင့် တရုတ်နဲ့ ရုရှားရဲ့ နွေဦးတော်လှန်ရေး ဆန့်ကျင်မှုလုပ်ရပ်တွေ ကို သတိကြီးကြီးထားဖို့ လိုနေပါတယ်။ Gen-Z   မျိုးဆက်သစ် လူငယ်များနဲ့ ယနေ့ ပြည်သူလူထုရဲ့ ရည်မှန်းချက်က စစ်အာဏာရှင်စနစ်ကို အမြစ်က လှန်ပစ်ရေး ဖြစ်တယ်။ တရုတ်နဲ့ အာဆီယံအဖွဲ့ အပါအ၀င် နိုင်ငံ တကာက စည်း၀ါးရိုက်နေကြတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ ကျားသေကို အသက်သွင်းဖို့ ကြိုးပမ်းနေခြင်းသာ ဖြစ်တယ်။ ဆယ်စုနှစ်များစွာ ငြိမ်းချမ်း‌ရေးကို နည်းမျိုးစုံနဲ့ ချိုးဖဲ့ ဖျက်ဆီးခဲ့သူဟာ ဖက်ဆစ်စစ်အုပ်စု ဖြစ်တယ်။ ဒါကြောင့် စစ်အာဏာရှင်အုပ်စုကို နိုင်ငံရေးစည်း၀ိုင်းထဲက အပြီးအပိုင်း ဆွဲထုတ်ရေးဟာ ဒီနေ့ဒီအချိန်ရဲ့ ပဓါနတာ၀န်ဖြစ်တယ်။ မြန်မာ အကြမ်းဖက် စစ်တပ်အတွက် ဝင်ငွေနဲ့ လက်နက်တွေ ဖြတ်တောက်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအ‌‌‌ေ၀းမှာ သဘောတူခဲ့ကြပေမယ့် ဗီတိုအာဏာပိုင်တဲ့ တရုတ်နဲ့ရုရှားတို့က ပြောင်ပြောင်တင်းတင်း ချိုးဖေါက်နေတာ အထင်အရှားပါပဲ။ မကြာသေးမီက သတင်းတွေအရ တရုတ်နဲ့ ရုရှားဟာ မြန်မာလူထုရဲ့ နွေဦးတော်လှန်ရေးကို ဆိုးဆိုးရွားရွား ဆန့်ကျင်ပြီး မြန်မာ့ပြည်တွင်းရေး ကို ၀င်ရောက်စွက်ဖက်လာတာ တွေ့ရတယ်။ 

နွေဦးတော်လှန်ရေးတပ်တွေရဲ့ ဒရုန်းစစ်ဆင်ရေးတွေကြောင့် အထိနာနေတဲ့ စစ်ကောင်စီဟာ စစ်ဆင်ရေး အခြေအနေ အလှည့်အပြောာင်းလုပ်ဖို့ ဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်းပြီး အဆင့်မြင့် ဒရုန်းတွေကို အသုံးပြုလာတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြကြောင်း သတင်းတွေကြားလာရတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့် ရုပ်သံတွေမှာ ရုရှားကို ရောက်နေတဲ့ ဗိုလ်ချုပ်ကြီးမိုးအောင်ဟာ စစ်လက်နက်ပြပွဲမှာ နည်းပညာမြင့်ဒရုန်းတွေ၊ စစ်လက်နက်တွေကို ကြည့်ရှုလေ့လာနေတာကို ထုတ်လွှင့်ခဲ့ပြီး စစ်တပ်ရဲ့သတင်းရင်းမြစ်တွေအရ ဒရုန်းတွေ ထပ်မံဝယ်ယူဖို့ စီစဉ်နေကြောင်း သိရတယ်။ လက်ရှိမှာ ရန်ကုန်တိုင်း ဖောင်ကြီးအခြေစိုက် စစ်ကောင်စီတပ်တခုမှာ ရုရှားစစ်တပ်က ဦးစီးပြီး ဒရုန်းသင်တန်းဖွင့် လေ့ကျင့်ပေးနေတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်ကို ကိုးကားပြီး DVB သတင်းဖော်ပြတာ တွေ့ရတယ်။ 

ဒရုန်းတပ် ဖွဲ့စည်းပုံ  နဲ့ပတ်သက်လို့ စစ်တပ်က စတင်လုပ်ဆောင်နေပြီး တရုတ်ဒရုန်းတွေကို ပြန်ပြင်သုံးနေတာလို့ သိရကြောင်း CDM လေတပ်အရာရှိက ပြောတယ်။ အရင်ကတည်းက တရုတ်က နည်းပညာမြင့် CH-3 ဒရုန်းတွေ ဝယ်ထားခဲ့ပေမဲ့ တိုက်ပွဲတွေမှာ လက်တွေ့ အသုံးပြုနေခဲ့တာ မရှိခဲ့ဘူးလို့ဆိုတယ်။ မြဝတီကို စစ်ကူပေးဖို့ ကြိုးစားနေတဲ့ အောင်ဇေယျစစ်ဆင်ရေးနဲ့ ကော့ကရိတ်မြို့တိုက်ပွဲတွေမှာ  စစ်ကောင်စီတပ်က နည်းပညာမြင့်ဒရုန်းတွေနဲ့ ဒုံးတွေကို သုံးလာတယ်လို့လည်း စစ်ဘက်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောကြောင်း သိရတယ်။ စစ်ကောင်စီဟာ ပုံစံပြောင်းပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်လာတာ တွေ့ရတယ်လို့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဒုစစ်ဦးစီးချုပ် မာဝီက DVB ကို ပြောတယ်။ ပြီးခဲ့တဲ့လတွေကတည်းက  လွိုင်ကော်ကို DVB က သတင်းသွားယူစဉ်မှာ စစ်ကောင်စီရဲ့ ဒရုန်းကနေ မီးလောင်ဗုံးတွေ ကြဲချလို့ ပျက်စီးခဲ့ရတဲ့ နေအိမ်တွေ အဆောက်အအုံတွေကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုတယ်။ စစ်ကောင်စီက ဒရုန်းနည်းပညာ မြှင့်တင်လာပေမယ့် ကြောက်သွားမှာမဟုတ်ဘဲ တော်လှန်ရေးတပ်တွေ လိုချင်တဲ့ ရလဒ်တွေ ရလာအောင် ဆက်လုပ်သွားမယ်လို့ KNDF တပ်မှူး မာဝီက ဆိုတယ်။

ဒီအခင်းအကျင်းကို လေ့လာကြည့်ရင် တရုတ်ရဲ့ မြန်မာ့အရေးအပေါ် သဘောထား မရိုးသားတာကို မြင်နေရတယ်။ တဆက်တစပ်တည်းမှာ ရုရှားက မြန်မာစစ်တပ်ဘက်က ထင်ထင်ပေါ််ပေါ် ၀င်ကူနေတာကိုလည်း မြင်ရတယ်။ မကြာသေးမီက ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ သတင်းစကားတချို့အရ မြန်မာလေတပ်က ရုရှားလုပ်တိုက်လေယာဉ်တွေကို ရုရှားလူမျိုးလေယာဉ်မှူးတွေ ကိုယ်တိုင်မောင်းနှင်ပြီး မြန်မာကျေးရွာတွေကို ဗုံးကျဲ စက်သေနတ်ပစ်လုပ်လာတယ်လို့ သိရတယ်။ လာအိုလူမျိုး အမောင်းသင်လေယာဉ်မှူးတချို့ကိုပါ ရုရှားလေယာဉ်မှူးတွေက လက်တွေ့ မြန်မာလူထုကို အကြမ်းဖက်တိုက်ခိုက်ရာမှာ တွဲဖက်သင်တန်းပေးနေကြောင်း လေတပ်သတင်းရင်းမြစ်တွေထံက သတင်းရရှိတယ်လို့ ဆိုတယ်။ ဒီသတင်းတွေသာမှန်ကန်ခဲ့ရင် ရုရှားနဲ့တရုတ်ဟာ မြန်မာပြည်သူတို့ရဲ့ နွေဦးတော်လှန်ရေးကို နှောင့်ယှက်ဖျက်ဆီးမှုလုပ်နေကြပြီလို့ ဆိုနိုင်တယ်။ 

စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်လာတဲ့အတွက် နိုင်ငံ တကာအနေနဲ့ ထိရောက်ပြင်းထန်တဲ့အရေးယူမှုတွေနဲ့ ဟန်ချက်ညီဖိအားပေးဆောင်ရွက်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူး (Tom Andrews)က မတ်လ ၂၀ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာ တွေ့ရတယ်။ မြန်မာစစ်ကောင်စီစစ်ခေါင်းဆောင်တွေဟာ အထီးကျန်ပြီးဆောက်တည်ရာမရ ဖြစ်လာတာပြီး ဗရန်းဗတာ အကြမ်းဖက်လုပ်ရပ်တွေပိုလုပ်လာတဲ့အတွက် အလွန်တရာ အန္တရာယ်ရှိလာတယ်လို့ Tom Andrews ကဆိုတယ်။ ပြီးခဲ့တဲ့ ၅ လ အတွင်းမှာ အရပ်သားပြည်သူတွေကို ၅-ဆတိုး တိုက် ခိုက်လာကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေး မှာ Tom Andrews က ပြောသွားတယ်။ စစ်တပ်က စစ်မှုထမ်းဥပဒေကျင့်သုံးဖို့ ကြိုးပမ်းတာဟာ လူငယ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဖို့ တွန်းပို့ သလို ဖြစ်နေကြောင်း ထောက်ပြတယ်။

၂၀၂၄ ခုနှစ် မတ် ၂၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ NUG အစိုးရအဖွဲ့  အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက - "ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုနဲ့ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုအားလုံးဟာ အညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုကြီးအဖြစ် ရုန်းထပါဝင်လာစေဖို့ လိုအပ်တယ်" လို့ ‌ပြောကြားခဲ့တယ်။

“ကျနော်တို့ဟာ ပြည်သူလူထုအတွက် အကျိုးအဖြစ်ထွန်းဆုံး လုပ်ဆောင်ပေးနိုင်ဖို့ ကျနော်တို့ရဲ့ အလုပ်တွေဟာ မြန်မြန်ဆန်ဆန်ဖြစ်ဖို့လည်း လိုသလို လွယ်လွယ်ကူကူ ဖြစ်အောင် လုပ်ဖို့လည်း လိုပါတယ်။ ဒါ့အပြင် ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ ထိထိရောက်ရောက် ဖြစ်ဖို့လည်း လိုပါတယ်။ အခု ဒီနေရာမှာ ‘ရလဒ်ကောင်း ပီပီပြင်ပြင် ထွက်ရှိရေး’ ကိုလည်း အလေးအနက်ထားဖို့ ထပ်မံတိုက်တွန်းချင်ပါတယ်။ လက်ရှိ ပစ္စုပ္ပန်မှာ ကျနော်တို့ဟာ စစ်ကောင်စီရဲ့ ယိုယွင်းပြိုလဲမှုကို မျက်ဝါးထင်ထင် မြင်လာရတာ တွေ့ရပါတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုနဲ့ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစု အားလုံးဟာ အညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုကြီးအဖြစ် ရုန်းထပါဝင်လာစေဖို့ လိုအပ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ ပြည်သူလူထုဟာ တာဝန်ကျေသင့်တာထက် ပိုလွန်တဲ့လူထု ဖြစ်ပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးအင်အားစုအားလုံးဟာ လူထုမျက်နှာကို ငဲ့ပြီးတော့ အကြမ်းဖက်စစ်ကောင်စီ အဆုံးသတ် ပြိုလဲချိန်အထိ တညီတညွတ်တည်း ဝိုင်းဝန်း ကြိုးစားကြဖို့ လိုပါတယ်” လို့ ယာယီသမ္မတ က ဆိုပါတယ်။(DVB သတင်း)  အချိန်နဲ့အမျှ တော်လှန်ရေးရဲ့ အရှိန်အဟုန်နဲ့ တော်လှန်ရေးရဲ့ သက်လုံကို ချိန်သားကိုက်အောင် အမြဲတမ်း လုပ်ဆောင်ကြဖို့ လိုကြောင်းနဲ့ တော်လှန်ရေး ၃ နှစ်တာ ကာလအတွင်းမှာ လူထုရဲ့ပေးဆပ်မှုနဲ့ လူထုရဲ့ နွမ်းလျမှုတွေကိုလည်း တွေ့မြင်ခံစားကြရမယ်လို့ယုံကြည်ကြောင်း၊ လူထုအတွက် တော်လှန်ရေး၊ လူထုရဲ့ တော် လှန်ရေး၊ လူထုကဆင်းသက်တဲ့ တော်လှန်ရေးဖြစ်ဖို့ အမြဲရှေ့ရှု ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားခဲ့ပါတယ်။

တိုင်းရင်းသားတပ်တော်တွေ အပါအ၀င် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မဟာဗျူဟာမြောက် အောင်မြင်မှုတွေ ဆက်တိုက်ရနေကြတယ်။  အောင်မြင်မှု ပန်းတိုင်ကို လှမ်းမြင်နေရပြီလို့ ဆိုနိုင်တယ်။ ဒီအခြေအနေမှာ ဒိမိုကရေစီ မလိုလားတဲ့ တရုတ်၊ ရုရှားနဲ့ အာဆီယံနိုင်ငံတွေ ဂနာမငြိမ် ဖြစ်နေတာတွေ့ရတယ်။ အထူးသဖြင့် တရုတ်နိုင်ငံက ရှမ်းမြောက်မှာ စစ်ရှိန်သေသွားအောင် ကြား၀င်ဖိအားပေးခဲ့တာဟာ သိသာလွန်းတယ်။ ဒီအပြင် ရခိုင် စစ်မျက်နှာဘက်မှာလည်း အလား တူ ကြား၀င် စစ်‌ပြေငြိမ်းရေး ကြိုးပမ်းနေတယ်။ ဒါပေမဲ့ အာရက္ခတပ်တော် AA က အမြော်အမြင်ရှိရှိ ပယ်ချခဲ့ကြောင်း သိရတယ်။ အကြမ်းဖက် စစ်တပ် သက်ဆိုးရှည်နေသမျှ မြန်မာ့အနာဂတ် ငြိမ်းချမ်းဖွယ်မရှိဘူးလို့  AA ခေါင်းဆောင်ပိုင်းက တွက်ဆထားပုံရပါတယ်။ အလားတူ  CNF၊  KIO/KIA၊  KNU၊  KNPP  တို့အပါအ၀င် EAOs အဖွဲ့အားလုံးကလည်း စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းသမျှ ငြိမ်းချမ်းရေး ရဖို့မရှိဘူးလို့ သဘောထားရှိကြပါတယ်။ 

ဒါကြောင့် ရုရှားနဲ့ တရုတ်တို့ရဲ့ စစ်ကောင်စီဘက်ကရပ်တည်နေမှုကို သတိမလစ်တမ်းစောင့်ကြည့်ကြဖို့လိုပါတယ်။ တရုတ်-ရုရှားတို့က စကစကို စစ်လက်နက်အပါအ၀င် နည်းပညာပံ့ပိုးနေမှုတွေကြောင့် စစ်ပွဲတာရှည်သွားနိုင်တာကိုမမေ့ကြပါနဲ့။ လက်အောက်ခံ ပြဿနာအချို့မှာ သဘောကွဲမှုအချို့ရှိနိုင်ပေမယ့် စကစရဲ့ဌာနချုပ်ကို အမြစ်လှန်ဖို့အရေး နှောင့်နှေးမှုမဖြစ်အောင် အမြော်အမြင် ရှိကြဖို့လိုပါတယ်။ စစ်ပွဲတာရှည်သွားရင် စစ်ဒဏ်ခံနေရတဲ့ ပြည်သူလူထုခမြာ ၀န်နဲ့အားမမျှတတဲ့ ဆင်းရဲမွဲတေမှု အငတ်ဘေးဆိုက်မှု ရောဂါဘယဖိစီးမှု တရားဥပဒေမဲ့ အနိုင်ကျင့် သတ်ဖြတ်ခံရမှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေကြရပါလိမ့်မယ်။ ဒါကြောင့် တော်လှန်ရေးအဖွဲ့အချင်းချင်းအကြားက သာမညပြဿနာတွေကို ခနဘေးဖယ်ထားပြီး အဆုံးသတ်တိုက်ပွဲအတွက် ညီညွတ်ကြဖို့လိုပါပြီ။ အဆုံးသတ်တိုက်ပွဲအတွက် မဟာဗျူဟာမြောက်ညှိနှိုင်းကြချိန်တန်ပါပြီ။ EAOs အဖွဲ့တွေ အချင်း ချင်းအကြား၊ တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းအကြား၊ NUG နဲ့ EAOs တွေအကြား၊ NUG အတွင်း အထက်အောက်/ဗဟိုနဲ့ မြေပြင်အဖွဲ့တွေအကြား၊ NUCC အဖွဲ့၀င်အချင်းချင်းအကြား၊ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ အပြန်အလှန်တာ၀န်ယူမှု တာ၀န်ခံမှုတွေ ခိုင်မာအောင် တည်ဆောက်ကြပြီး  အဆုံးအဖြတ် တိုက်ပွဲဆီ မျက်နှာမူကြစေချင်ပါတယ်။ 

NUG ယာယီ သမ္မတကြီးအကြံပြုထားသလို သံပူခိုက်မှာ ထိထိရောက်ရောက် ၀ိုင်း၀န်းထုနှက်ကြဖို့လိုပါတယ်။ ရုရှား၊ တရုတ်နဲ့ အာဆီယံနိုင်ငံတွေဖြားယောင်းနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေပွဲအတုအပေါ်  စိတ်မယိုင်ကြဘဲ  ရေရှည်အမြင်နဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်က လှန်နိုင်ရေး တညီ တညွတ်တည်း ဦးစားပေး ကြိုးပမ်းအားထုတ်ကြစေချင်တယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar