Breaking News

SSPP/SSA စစ်ပွဲ ဆင်နွှဲမှာလား

မြန်မာနွေဦး ခရိုနီကယ် - မေ ၅ မြင်ကွင်း

(မိုးမခ) မေ ၆၊ ၂၀၂၄

 SSPP/SSA စစ်ပွဲ ဆင်နွှဲမှာလား

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ရဲ့ နှစ် ၆၀ ပြည့်အခမ်းအနားမှာ ဒုတိယ ဥက္ကဌဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က နိုင်ငံရေး စားပွဲဝိုင်းမှာ ဖြေရှင်းဖို့ မဖြစ်နိုင်တော့တာကြောင့် လက်နက်ကိုင်တိုက်ပွဲဖြစ်ရတော့မယ့်သဘော ထုတ်ဖော်ပြောဆိုလိုက်တာကို သတင်းမီဒီယာ အတော်များများက အရေးပါတဲ့ သတင်းအနေနဲ့ ဖော်ပြခဲ့ကြပါတယ်။ 

စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ရာ နိုင်ငံရေးစာပွဲဝိုင်းမှာ ဆွေးနွေးဖို့ မဖြစ်နိုင်တော့ဘူးလို့ အဓိက ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ SSPP ကပြောဆိုလိုက်ခြင်းဟာ ဘယ်လို အဓိပ္ပါယ်ဆောင်သလဲ နောက်ကွယ်မှာ ဘယ်လိုအကြောင်းခံတွေရှိနေသလဲ စသဖြင့် ခန့်မှန်းပြော ဆိုမှုတွေ အမျိုးမျိုး ထွက်ပေါ်လာစေတာလည်း ဖြစ်ပါတယ်။ 

ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ထဲက RCSS လို့ အတိုကောက်ခေါ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီလို့ခေါ်တဲ့ ယွက်စစ်ဦးဆောင်တဲ့လက်နက်ကိုင်အဖွဲ့က ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခြေ စိုက်တယ်လို့ ယေဘုယျ နားလည်ကြပြီး SSPP ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်တယ်လို့ နားလည်ကြပါတယ်။ သို့ပေမဲ့ အချိန်ကာလနဲ့အခြားသော စစ်တပ်၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှု နေရာယူမှု တိုက်ပွဲ အရှုံးအနိုင်အခြေအနေတွေအပေါ် မူတည်ပြီး RCSS က ရှမ်းမြောက်နယ်မြေတွေအထိ ဝင်ရောက်လှုပ်ရှားခဲ့တဲ့ကာလတွေလည်းရှိခဲ့တာဖြစ်ပြီး SSPP ကလည်း ရှမ်းတောင်ဒေသတွေအထိ လှုပ်ရှားနေတဲ့အချိန်ကာလတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ 

မကြာသေးတဲ့ နှစ်ကာလတွေအတွင်း ရှမ်းလက်နက်ကိုင် ၂ ဖွဲ့အကြား တိုက်ခိုက်မှုတွေလည်း ရှိခဲ့သလို ရှမ်းလက်နက်ကိုင်အဖွဲ့တွေနဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားမှာလည်း တိုက်ပွဲတွေ ရှိခဲ့တာဖြစ်ပါတယ်။ SSPP အနေနဲ့ ရှမ်းမြောက်မှာ ယေဘုယျစိုးမိုးထားတာ ဖြစ်ပြီး မဟာမိတ်အဖြစ်နဲ့ UWSA လို ဝ လက်နက်ကိုင်အဖွဲ့နဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေး ရှိတာဖြစ်ပါတယ်။ တခါတရံ တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ဆက်ဆံရေး၊ တရုတ်ရဲ့ သြဇာအတိုင်းအတာတခုထိ ရှိတဲ့ လက်နက်ကိုင်အဖွဲ့တဖွဲ့အဖြစ်နဲ့လည်း ဖေါ်ပြရေးသားကြတာတွေရှိတာတွေ့ရပြီး မကြာခင် ရက် ပိုင်းက နှစ် ၆၀ ပြည့်အခမ်းအနားမှာ လက်နက်ကိုင်နည်းလမ်းမှလွဲပြီး အခြားနည်းလမ်း ရွေးချယ်စရာမရှိတော့ကြောင်း ထုတ်ဖေါ်ပြောဆိုလိုက်တဲ့အခါ တိုက်ပွဲတွေ နေ့ချင်းညချင်း ဖြစ်လာတော့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့စဥ်မှာ ရှမ်းလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ပါ လှုပ်ရှားတိုက် ခိုက်လာမလားလို့ မျှော်လင့်မှန်းဆခဲ့ကြပေမယ့် RCSS ရော SSPP ပါ ဒီစစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ ၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းလက်နက်ကိုင်အဖွဲ့တွေက ပါဝင်ခြင်းမရှိခဲ့တဲ့အပေါ်မှာလည်း အချို့သောသူတွေက ဝေဖန်ပြစ်တင်မှုတွေလည်း ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပြစ်တင်ပြောဆိုမှု၊ အားမလို အားမရပြောဆိုမှုတွေကြောင့် အခုလို လက် နက်ကိုင်တိုက်ခိုက်ရတော့မှာလို့ ပြောဆိုတာလား သို့မဟုတ် ၁၀၂၇ စစ်ဆင်ရေးရဲ့ အကျိုးဆက်တွေကို အကဲဖြတ်ပြီး အခုလိုလက်နက်ကိုင်နည်းလမ်းကို ကျင့်သုံးရတော့မယ့်သဘော ပြောဆိုလာတာလားဆိုတာ ရှင်းရှင်းလင်းလင်းတော့ မရှိပါဘူး။ 

ရှမ်းမြောက်ဒေသမှာ ရှမ်းလူမျိုးအပြင် အခြားသောလူမျိုးစုလက်နက်ကိုင်တွေလည်း ရှိနေတာ ဖြစ်ပြီး ရှမ်းတောင်မှာလည်း ရှမ်းအပြင် ပအိုဝ်းလူမျိုးအခြေပြု လက်နက်ကိုင်၊ ပြည်သူ့စစ် စသဖြင့် ရှိကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးနီးပါးဟာ နိုင်ငံရေး အယူဝါဒအပေါ်အခြေပြု ဖွဲ့စည်းကြတာထက် လူမျိုးအပေါ်မှာ အခြေပြုဖွဲ့စည်းထားကြတာ ဖြစ်ပါတယ်။ လူမျိုးစုလက်နက်ကိုင်အဖွဲ့တဖွဲ့ အနေနဲ့ ၄င်းကိုယ်စားပြုတဲ့လူမျိုးစုတွေကို ကာကွယ်ပေးဖို့ ဆိုတဲ့ အမျိုးသားရေးရည်မှန်းချက်အပေါ် အခြေတည်ကာ တည်ထောင်ခဲ့ကြတာဖြစ်လို့ ၄င်းလူမျိုး စုတွေနေထိုင်ကြတဲ့နယ်မြေဒေသတွေမှာ စိုးမိုးထိန်းချုပ်နိုင်ဖို့ သို့မဟုတ် ၄င်းတို့ကိုအခြားသော လက်နက်ကိုင် သို့မဟုတ် အစိုးရတို့က ဖိနှိပ်အနိုင်ကျင့်မှုတွေကို အကာအကွယ်ပေးနိုင်ဖို့က အခြေ ခံကျတဲ့ရည်ရွယ်ချက်တွေဖြစ်ကြပြီး အဲဒီရည်ရွယ်ချက်ကို ဖေါ်ဆောင်နိုင်ဖို့ရာအတွက် လက်နက် ကိုင်အဖွဲ့ကလူနဲ့ ရံပုံငွေတွေ ရှိနေဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ 

ဒီအတွက် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လူသစ်စုဆောင်းတာ၊ အခွန်အကောက် (အစိုးရ ဖြစ်နေတဲ့သူတွေက အခွန်အကောက်ခေါ်ဆိုပြီး သူပုန်တွေကောက်ခံရင် ဆက်ကြေးလို့ နှိမ့်ချခေါ်ဝေါ်ကြ) ကောက်ခံတာတွေလုပ်ဆောင်ကြရပြီး အဲဒီလိုကောက်ခံရရှိမယ့် စိုးမိုးနယ်မြေ ထိန်းချုပ်နယ်မြေတွေလည်း လိုအပ်လာတာ ဖြစ်ပါတယ်။ ထိန်းချုပ်နယ်မြေ ဒေသတခုအတွင်းမှာ လက်နက်ကိုင် အဖွဲ့တခုမက စိုးမိုးထိန်းချုပ်ဖို့ ကြိုးစားကြတာ၊ တဖွဲ့နဲ့တဖွဲ့ ပွတ်တိုက်မှု၊ အားပြိုင်မှုတွေလည်း ဒီလိုအခြေအနေမျိုးမှာ ပေါ်ထွက်လာနိုင်တာဖြစ်ပါတယ်။ လတ်တလော ရှမ်းမြောက်ဒေသက ကွတ်ခိုင်မြို့မှာ ဖြစ်ပွားတဲ့ စစ်ဆေးရေးဂိတ်ဖျက်သိမ်းခိုင်းတာ၊ ဆက်ဆံရေးရုံး ဖယ်ရှားခိုင်းတာ၊ ယခင် စစ်ကောင်စီဌာနဆိုင်ရာမြေနေရာကို နေရာယူဖို့ ကြိုးစားရာမှာ ပြဿနာဖြစ်ပွားနေတာမျိုး ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေက စစ်ကောင်စီလို ရန်သူနဲ့အကြားဖြစ်ပွားတဲ့ပြဿနာမျိုး မဟုတ်ဘဲ မဟာ မိတ်အဖွဲ့တွေအကြား ဖြစ်ပျက်တဲ့ပြဿနာတွေဖြစ်ပြီး ဒီပြဿနာတွေကို လက်နက်ကိုင်နည်းမဟုတ်ဘဲ ဖြေရှင်းနိုင်ဖို့လည်း အရေးကြီးတာ ဖြစ်ပါတယ်။ 

ဆိုလိုရင်းအကြောင်းအရာ ပြန်ကောက်ရရင် SSPP အနေနဲ့ ၄င်းအဖွဲ့ရဲ့ ရည်မှန်းချက်၊ ရည်ရွယ် ချက်တွေထဲက ရှမ်းလူမျိုးတွေနေထိုင်ကြတဲ့ နယ်မြေဒေသတွေကို အကာအကွယ်ပေးဖို့ ဖိနှိပ်မှုတွေ အနိုင်ကျင့်မှုတွေမခံရအောင်လုပ်ဆောင်ဖို့ အဲဒီလိုလုပ်ဆောင်နိုင်အောင် အခွန်အကောက်နဲ့ လူသစ်စုဆောင်းမှုအတွက် ရှိနှင့်ပြီး စိုးမိုးနယ်မြေတွေ ဆုံးရှုံးသွားတဲ့ နယ်မြေတွေ၊ ရသင့်တယ်လို့ ခံယူထားတဲ့ နယ်မြေတွေ စသဖြင့် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေရမယ့် သဘောလည်း ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေက လတ်တလော စစ်ကောင်စီအနေနဲ့ ထိန်းချုပ်နယ်မြေတွေ တစတစ လက် လွှတ်လာနေရချိန်၊ စစ်ကောင်စီတပ်တွေ အားအင် ချည့်နဲ့နေချိန်မှာ တိုက်ခိုက်ထိန်းချုပ်ထားဖို့ လိုအပ်ချက်ကို သတိပြုမိလာပြီး ပြင်ဆင်တာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီလို ရည် မှန်းချက်တွေအတွက် SSPP အနေနဲ့ စစ်ရေးနည်းလမ်းကို အသုံးချရတော့မယ့် သဘော ထုတ်ပြောဆိုလာတာလို့ ကောက်ချက်ချလို့ ရကောင်းရနိုင်တဲ့ အနေအထားလည်း ဖြစ်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar