Breaking News

မောင်လင်းရိပ် - '' အလွမ်းဘဲ”

'' အလွမ်းဘဲ”
မောင်လင်းရိပ်
(မိုးမခ) မေ ၇၊ ၂၀၂၄

မြို့ငယ်ဝမ်းလည်း ဝင်ဖူးရဲ့
မြို့ကြီးဝမ်းလည်း ဝင်ဖူးရဲ့
မြို့သိမ်ဝမ်းလည်း ဝင်ဖူးရဲ့
မြို့ကြွားဝမ်းလည်း ဝင်ဖူးရဲ့
မြို့ပျက်ဝမ်းလည်း ဝင်ဖူးရဲ့
မြို့တက်ဝမ်းလည်း ဝင်ဖူးရဲ့
လူစော်နံလို့ ထွက်ခဲ့ရ
လူနံ့ရလို့ တခဲ့ရ
ကိုယ့်ကို “အလွမ်းဘဲ”လို့ ခေါ်ပါ
ဘယ်နှကီလိုမီတာ လှမ်းလှမ်း
ဘယ်နှရက် ဘယ်နှလ လှမ်းလှမ်း
မြို့ကလေး မှောင်မဲမဲကို
တစ်ပါးသူတွေရဲ လင်းလင်းကျင်းကျင်းမြို့တွေကနေ လှမ်းလွမ်းမိ
စက္ကူပေါ်က ပုံနှိပ်မင်နံ့ကို စွဲလမ်းမိတဲ့ အတိုင်း
တစ်နှစ်တစ်ခါ တစ်ရက်ပဲ ရရ ပိတောက်ရနံ့ကို စွဲလမ်းမိတဲ့အတိုင်း
အလွမ်းရိုင်းနဲ့ စွဲလမ်းမြဲ စွဲလမ်းနေကျ
ဝဋ်ဒုက္ခကို တသသဖြစ်နေတဲ့ လင်ဆိုးမယားနဲ့ တစ်ထပ်တည်းကျ
ကိုယ့်ကို “အလွမ်းဘဲ”လို့ ခေါ်ပါ

၂၀၂၄၊ မေ ၅
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar