Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၈၆ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၈၆ )

(မိုးမခ) မေ ၇ ၊ ၂၀၂၄

7/5/24

Diary in the darkness 

ရခိုင် ၊ ဘူးသီးတောင် မှာ စစ်ကောင်စီမိသားစုတွေ AA ဆီမှာ လက်နက်ချတယ်။ လက်နက်ချသူ ရာနဲ့ချီတယ်။ တပ်မမှူးကြီးလည်းပါတယ်။ YouTube ပေါ်တက်လာတဲ့ဗီဒီယိုဖိုင်ထဲမှာ အလံဖြူထောင်ပြီး တန်းစီကာ တုန်တုန်ချည့်ချည့် လမ်းလျှောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ၊ ထမ်းစင်နဲ့ ထမ်းခေါ်လာတဲ့ ဒဏ်ရာရသူတွေကို တွေ့ရတယ်။ မိသားစုဝင် အမျိုးသမီးတချို့လည်းတွေ့ရတယ်။ 

လူထုကို ရန်သူလို သဘောထားတဲ့ စစ်ကောင်စီ မဟာဗျူဟာ အမှားရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ 

တပ်သားငယ်များကို အရှင်ဖမ်းဆီးနိုင်တဲ့ AA ရဲ့ ဗျူဟာကို ချီးကျူးမိသလို တပ်မိသားစုဝင်အားလုံးရဲ့အသက်ကို တာဝန်ခံပြီး လက်နက်ချရဲတဲ့ စစ်ကောင်စီ တပ်မမှူးကြီးကိုလည်း လေးစားမိတယ်။ 

စစ်အာဏာရှင်တွေဟာ တပ်သားလေးတွေရဲ့ အသက်ကို စတေးပြီး မိမိအာဏာကိုသာ ဖက်တွယ်နေချိန်မှာ ပြည်သူနဲ့ လက်အောက်ငယ်သားတွေရဲ့အသက်ကို တာဝန်ယူ ကာကွယ်သွားတဲ့ စစ်အရာရှိတွေရဲ့ သတ္တိကို လေးစားဂုဏ်ယူမိတယ်။ 

လက်နက်ကိုင်တော်လှန်ရေးကြီး အောင်မြင်ပြီးရင်တော့ အဲဒီ တပ်မှူးတွေကို လက်ဆွဲနှုတ်ဆက်ချင်ပါတယ်။ အခွင့်အရေးရရင်ပေါ့။

ဒါတင်မကသေးပါဘူး ရခိုင်စစ်မျက်နှာက စစ်ကောင်စီအဖွဲ့ဝင် ၈၈ ယောက် ဘင်္ဂလားဘက်ကိုထွက်ပြေးသွားကြတယ်လို့ သိရတယ်။ လူတွေက သူတို့ကို "ဘင်္ဂလားကို ထမင်းစားသွားကြသူတွေ" လို့ ခေါ်ကြတယ်။ အခုလို ဘင်္ဂလားကို ထမင်းစားသွာကြသူပေါင်း ၁၂၈ ယောက်ရှိပြီလို့သိရတယ်။ 

စစ်ကောင်စီတပ်တွေ ရခိုင်မှာ စစ်ရှုံးနေသလို ကချင်ပြည်နယ်မှာ စခန်းတွေ စွန်လွှတ်လိုက်တာ ၉၉ ခု ရှိပြီတဲ့။ 

နေရာတိုင်း နေရာတိုင်းမှာ အရှုံးပေး ထွက်ပြေးနေရတဲ့အထိ မဟာဗျူဟာ စစ်ဆင်ရေးတွေ ရေးဆွဲနိုင်တဲ့ စစ်ကောင်စီခေါင်းဆောင်တွေ ဘယ်ကများ စစ်ပညာတွေ သင်ထားကြပါလိမ့်။ ဘယ်သူတွေကများ သင်ကြားပေးခဲ့ကြပါလိမ့်။ သူတို့မှာ စစ်ရှုံးဗျူဟာ ရေးဆွဲနည်း ပညာတွေ အတော်များများ စုဆောင်းမိနေပုံရပါတယ်။ စစ်ရှုံးတက္ကသိုလ် ဗိုလ်သင်တန်းဖွင့်စားရင် ကမ္ဘာမှာ အအောင်မြင်ဆုံး စစ်တက္ကသိုလ်ကြီးဖြစ်မှာ သေချာပေါက်ပါ။

အန်ကယ် တူမီး

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar