Breaking News

ရခိုင်၊ ကချင်ပြည်နယ်က စစ်ရေး နောက်ဆုံးအခြေအနေ

မြန်မာနွေဦး ခရိုနီကယ် - မေ ၆ မြင်ကွင်း

(မိုးမခ) မေ ၇၊ ၂၀၂၄

ရခိုင်၊ ကချင်ပြည်နယ်က စစ်ရေး နောက်ဆုံးအခြေအနေ

ရခိုင်ပြည်နယ်မှာ မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေ၊ သံတွဲမြို့နယ်၊ အမ်းမြို့နယ်တွေက နေရာတွေမှာ လတ်တလော ပြင်းပြင်းထန်ထန် စစ်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပြီး မောင်တောမြို့နယ်ထဲက နယ်ခြားစောင့်စခန်းက စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခိုလှုံတာတွေ ခုရက်အတွင်း ရှိခဲ့သလို ဘူးသီးတောင်မြို့နယ်မှာတော့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) က ဒုတပ်မမှူးနဲ့ အတူ တပ်ဖွဲ့ဝင်အများအပြား မေလ ၅ ရက်နေ့က လက်နက်ချခဲ့တယ်လို့ AA လက်နက်ကိုင် အဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ်မူတည်ပြီး သတင်းဌာနတွေက ဖေါ်ပြနေကြပါတယ်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်တဲ့ အမ်းမြို့နယ်ထဲမှာလည်း ဗျူဟာစခန်းတွေ တပ်စခန်းတွေကို AA က အပြင်းအထန် တိုက်ခိုက်နေပြီး နောက်ဒေသတခုကတော့ တောင်ကုတ်မြို့နဲ့ သံတွဲမြို့အကြားက ကျေးရွာတွေတဝိုက်မှာ AA က စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက တစိတ်တပိုင်း ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်တွေ အနေနဲ့ အမ်းမြို့နယ်၊ စစ်တွေ၊ သံတွဲ၊ တောင်ကုတ်၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ဂွ၊ မောင်တော တို့ဖြစ်ပြီး ကျန်တဲ့ဒေသတွေကိုတော့ AA က မြို့ရော နယ်မြေတွေပါ ထိန်းချုပ် စိုးမိုးထားတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ဘူးသီးတောင်မြို့နယ်က စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ကို တိုက်ခိုက်ရာမှာတော့ စစ်ကောင်စီတပ်တွေရဲ့ စုဆောင်းလေ့ကျင့်ပေးထားတဲ့ ဒေသခံ ရိုဟင်ဂျာမွတ်ဆလင်တွေလည်း ပါဝင်ခဲ့တာဖြစ်ပြီး စကခ ဒုတပ်မမှူးအပါအဝင် AA တပ်ဆီ လက်နက်ချကြရာမှာ ရိုဟင်ဂျာ မွတ်ဆလင်အများအပြား ပါဝင်ခဲ့တာ သတင်းဓါတ်ပုံတွေမှာ တွေ့ရတာပါ။ အခုလို AA ထံ လက်နက်ချရာမှာ ပါဝင်နေတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေဟာ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့နေ့စွဲနဲ့ စစ်မှုထမ်း ဥပဒေ အသက်သွင်းပြီးနောက်မှ စစ်သင်တန်းပေးပြီး စစ်ကောင်စီရဲ့ တပ်တွေထဲရောက်တဲ့ သူတွေလား သို့မဟုတ် အဲဒီဥပဒေ အသက်မသွင်းမီကတည်းက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မွတ်ဆလင် ဒုက္ခသည်စခန်းတွေကနေ စုဆောင်းခံရသူတွေလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရှိကြရပါဘူး။ 

ရိုဟင်ဂျာ မွတ်ဆလင်တွေ အနေနဲ့ ၂၀၁၂၊ ၂၀၁၄၊ ၂၀၁၆ တို့လို လူမျိုးရေး ဘာသာရေး အဓိကရုဏ်းနဲ့ ARSA တို့ရဲ့ တိုက်ခိုက်မှုတွေ အပြီး အစိုးရက သီးခြား ခွဲထုတ်ကာ ဒုက္ခသည်စခန်းလိုနေရာတွေမှာ ဆယ်စုနှစ်ကြာမြင့်သည် အထိ နေထိုင်နေကြရပြီး မကြာမီလပိုင်းတွေမှာတော့ စစ်ကောင်စီတပ်တွေ အနေနဲ့ အဆိုပါ စခန်းတွေကနေ မွတ်ဆလင် လူငယ်တွေကို အာဏာနဲ့ ခေါ်ယူပြီး လေ့ကျင့်ပေးကာ လက်နက်ကိုင်တပ်တွေမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။ 

မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေရဲ့ နေရာအများအပြား AA က ထိန်းချုပ်လာနိုင်တဲ့ အနေ အထားဖြစ်ပြီး ရခိုင်ပြည်နယ်ရဲ့ အကြီးဆုံးစစ်ကောင်စီစခန်းလို့ဆိုနိုင်တဲ့ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုလည်း AA က သိမ်းယူဖို့ ရည်ရွယ်ထားပြီး အနီးရှိ ဗျူဟာကုန်းတွေ၊ စခန်းတွေကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဘူးသီးတောင်၊ မောင်တောနဲ့ အမ်းမြို့နယ်အပြင် ရခိုင်ပြည်နယ် တောင်ပိုင်းလို့ ခေါ်ဆိုတဲ့ သံတွဲမြို့နယ်ထဲမှာလည်း စစ်ကောင်စီ စခန်းတွေကို AA  က တိုက်ခိုက်နေပြီး AA အနေနဲ့ ရခိုင်ပြည်နယ်မှာ တပြိုင်နက်တည်း ဒေသ ၃ ခုလောက်မှာ စစ်မျက်နှာဖွင့် တိုက်ခိုက်နေတာဖြစ်ပါတယ်။ 

ဒါက ရခိုင်ပြည်နယ်က စစ်ပွဲတွေ အခြေအနေဖြစ်ပြီး အခြားသော ကချင်ပြည်နယ် အနေအထားကို ကြည့်ကြမယ် ဆိုရင် ကချင်ပြည်နယ် မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့ နဲ့ ခြေလျင်တပ်ရင်းတခု အပါအဝင် အနီးအနားက ကင်းစခန်းတွေကိုပါ ခုရက်ပိုင်းအတွင်း KIA က သိမ်းယူခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားကြပါတယ်။ KIA အနေနဲ့ တပြိုင်နက်ထဲမှာပဲ ဝိုင်းမော်မြို့နယ်ထဲမှာ ရှိပြီး KIA ဌာနချုပ်လိုင်ဇာကို လက်နက်ကြီးနဲ့တိုက်ခိုက်နိုင်တဲ့အကွာအဝေးမှာရှိတဲ့ ဂီဒွန်တောင် ကုန်းပေါ်က ဗျူဟာစခန်းကို သိမ်းယူလိုက်နိုင်တယ်လို့ ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။ 

ကချင်ပြည်နယ်မှာ မြစ်ကြီးနားနဲ့အခြား မြို့တွေကို KIA က သိမ်းယူဖို့ ကြိုးစားခြင်းမရှိသေးဘဲ စစ်စခန်းတွေကို ရှေးဦးစွာတိုက်ခိုက်သိမ်းယူနေတာဖြစ်ပြီး မြို့အနေနဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက် နယ်စပ်၊ စစ်ကိုင်းတိုင်းနယ်စပ် မိုးမိတ်၊ မဘိမ်းတို့လိုမြို့တွေသာ တိုက်ခိုက်တာတွေ တွေ့ရပါတယ်။ နယ်စပ် ကုန်သွယ်ရေးစခန်းအနေနဲ့တော့ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းကို သိမ်းယူခဲ့ပြီး ဖြစ်ပါတယ်။ 

ကေအိုင်အေ အနေနဲ့ ကချင်ပြည်နယ်ထဲက မြို့တွေ သိမ်းယူတာထက် နယ်မြေကို ထိန်းချုပ်နိုင်ဖို့ကို ပိုပြီးဦးစားပေးတာ ဖြစ်နိုင်ပါတယ်။ KIA အနေနဲ့ ကချင်လူမျိုးအများအပြား အစဥ်အဆက်နေထိုင်ခဲ့ကြတဲ့ ကွတ်ခိုင်မြို့နယ်လို ဒေသတွေနဲ့ ပတ်သက်လို့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ယူ ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးရမယ့် အရေးကိစ္စတွေလည်း ရှိကောင်းရှိနေနိုင်ပါတယ်။ 

KIA အနေနဲ့ အခြားသောပြဿနာတခုက ပြည်မအစိုးရ အဆက်ဆက် ကချင်ပြည်နယ်လို့ သတ် မှတ်ပေးထားတဲ့ ပြည်နယ်ထဲက အစဥ်အဆက်နေထိုင်လာတဲ့ ရှမ်းနီဒေသတွေ ဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ တပ်တွေ ထိန်းချုပ်နယ်မြေတွေက နယ်စပ်ဒေသတွေ၊ တိုင်းရင်းသားဒေသတွေမှာ လျင်မြန်စွာ ကျဥ်းမြောင်းလာနေပြီး မြန်မာနိုင်ငံအလယ်ပိုင်းကို စုစည်းလာစေတဲ့ သဘောမျိုး တွေ့ မြင်နေရတာ ဖြစ်ပါတယ်။ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည် ၊ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်တွေမှာ သိသိသာသာ လျော့နည်းလာနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်း တောင်ပိုင်း ကမ်းရိုးတန်းဒေသတွေကို ဆက်လက်ထိန်းချုပ်ကာ အင်အားပြန်လည် စုစည်းတာမျိုးလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ တဖက်မှာတော့ နယ်စပ်ဒေသ တိုင်းရင်းသားဒေသတွေမှာ လက်နက်ချတာ၊ စခန်းစွန့်ခွာတာတွေကို ဆက်တိုက်ဆိုသလို ရှိလာနေတဲ့ စစ်ကောင်စီတပ်တွေအနေနဲ့အရေအတွက် အင်အားရော စိတ်ဓာတ်အင်အားပါ လျင် မြန်စွာကျဆင်းလာနေတာလည်း ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar