နေစိမ့် - မြို့သစ်
မြို့သစ်
နေစိမ့်
(မိုးမခ) မေ ၁၃၊ ၂၀၂၄
ဒီနေရာက ငါတို့မြို့အဝင်ဝပဲ
ခုတွေ့ရတဲ့အုတ်ပုံကဆိုင်းဘုတ်တည်နေရာ
မြက်ပင်တွေတောထနေရာက ကလေးတွေဆော့ကစားရာပန်းခြံ
အရွယ်မရွေး အနားယူငြိမ်းအေးတိတ်ဆိတ်နေတတ်တဲ့ စာကြည့်တိုက်လည်း မီးလောင်ပြင်ထဲ တငွေ့ငွေ့
လောင်ကျွမ်းလို့
ငါတို့မြို့ကို ငါတို့ကိုယ်တိုင် ဝေဝေဝါးဝါး
အားကစားကွင်းက လွင်တီးခေါင်ခေါင်
တဝက်တပျက် တခြမ်းပြိုကျတိုက်တာတွေက ဟီရိုရှီးမားမြို့ပျက်ကြီးလို
ဒုတိယကမ္ဘာစစ်ကြီးအပြီး ဂျပန်ကိုငါရောက်နေရ
ရင်ထဲမှာနင့်နေပေမယ့်ငါကြေနပ်နေတယ်
အဟောင်းတွေမှန်သမျှ ပြန်မမြင်ချင်တော့
အသစ်အသစ်တွေ မကြာခင် ရောက်လာတော့မှာ
ဆန်းပြားထူးခြားလွန်းတဲ့ မြို့သစ်ကြီးကိုပုံဖော်ကြည့်ရင်း
မျိုးဆက်သစ်တွေနဲ့
အသစ်စက်စက် အတွေးအခေါ်သစ်တွေနဲ့
ဟောင်းနွမ်းအဆွေးအမြေ့ အကုန်အမှုန့်ချွေ လို့
ဆက်ပြီးတွေးရင်း တွေးရင်း တွေးရင်း။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar