Breaking News

မြင်းမူမြို့နယ်က လက်ထုတ္တောကျေးရွာက လူ ၃၀ ကျော် သတ်ဖြတ်ခံရမှု၊ မွန်၊ ကရင်နဲ့ တနင်္သာရီ ကုန်းလမ်းဆက်သွယ်ရေး လမ်းကြောင်းပေါ်က တံတားဖောက်ခွဲခံရ

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၁ မြင်ကွင်း

(မိုးမခ) မေ ၁၂၊ ၂၀၂၄

မြင်းမူမြို့နယ်က လက်ထုတ္တောကျေးရွာက လူ ၃၀ ကျော် သတ်ဖြတ်ခံရမှု၊  မွန်၊ ကရင်နဲ့ တနင်္သာရီ ကုန်းလမ်းဆက်သွယ်ရေး လမ်းကြောင်းပေါ်က တံတားဖောက်ခွဲခံရ

မန္တလေး မုံရွာကားလမ်းရဲ့ တောင်ဘက် ခပ်ကျကျအတွင်းဘက်မှာ ရှိတဲ့ မြင်းမူမြို့နယ်အပိုင် လက်ထုတ္တောကျေးရွာကို စစ်ကောင်စီရဲ့ စစ်ကြောင်း ၂ ကြောင်းက နှစ်ဖက်ညှပ်ဝင်ပြီး ကျေးရွာက အမျိုးသား ၂၉ ဦးနဲ့ အမျိုးသမီး ၁ ဦး စုစုပေါင်း ၃၁ ဦးခန့် သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက် မေလ ၁၁ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြန်ပါတယ်။ မေလ ၁၁ ရက်နေ့နံနက်မှာ ရွာကို စစ်ကောင်စီဘက်က စစ် ကြောင်းဝင်ရောက်လာစဥ် ဘုန်းကြီးကျောင်းမှာ သွားရောက်ပုန်းနေတဲ့ ကျေးရွာသားတွေထဲက အမျိုးသား ၃၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ အချို့သတင်းဌာနတွေက ဖေါ်ပြရာမှာ ဘုန်းတော်ကြီး ၂ ပါးလည်း ပါဝင်တယ်လို့ ပါရှိသော်လည်း အများစုကတော့ ကျေးရွာသားတွေလို့သာ ဖော်ပြထားကြတာ တွေ့ရပါတယ်။ 

ဒီအဖြစ်အပျက်က မေလ ၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ မြင်းခြံမြို့နယ်ထဲက ဆုံရွာက အဖြစ်အပျက်နဲ့ ဆက်စပ်နေတဲ့ အဖြစ်အပျက်တခုလို့ ဆိုရင်လည်း မမှားပါဘူး။ မေလ ၉ ရက်နေ့က ဖြစ်ပွားတဲ့ မြင်းခြံမြို့နယ်ထဲက ပျူစောထီးလို့ ခေါ်ဆိုကြတဲ့ ပြည်သူ့စစ်တွေ အားကောင်းတယ်ဆိုတဲ့ ဆုံရွာကို PDF အဖွဲ့ ၁ ဒါဇင်ကျော် စုပေါင်းပြီးတိုက်ခိုက်ခဲ့တဲ့ အဖြစ်အပျက်အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီဘက်က ဧရာဝတီမြစ်အနောက်ဘက်ခြမ်း၊ မြင်းမူမြို့နယ်ထဲက လက်ထုတ္တောကျေးရွာမှာ ဆုံရွာတိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ PDF တွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပြီး ဆုံရွာမှာ အသတ်ခံခဲ့ကြရ၊ နေအိမ်တွေမီးရှို့တဲ့အထဲ မီးလောင် အသက်ဆုံးရှုံးခဲ့ကြရတဲ့ လူဦးရေ ၃၂ ဦးအတွက် အတိအကျ နီးပါး လက်စားချေ သတ်ဖြတ်ခဲ့တဲ့ အနေအထားမျိုးလို့တောင် ယူဆစရာ ရှိနေတာ ဖြစ်ပါတယ်။ 

မန္တလေးတိုင်းထဲက မြင်းခြံ၊ စစ်ကိုင်းတိုင်းထဲက မြင်းမူ နဲ့ မြောင်၊ မကွေးတိုင်းထဲက ရေစကြို အစရှိတဲ့ မြို့နယ်တွေက တနယ်နဲ့ တနယ်ထိစပ်နေကြပြီး ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဆုံရာ အနီးမှာ ဆက်စပ်တည်ရှိကြကာ PDF လှုပ်ရှားမှု အားကောင်းတဲ့ ဒေသတွေ ဖြစ်ပါတယ်။ ဒီဒေသတွေမှာ မကြာခဏ စစ်ကြောင်းထိုးတာတွေ၊ သတ်ဖြတ်ခံရတာတွေ ဖြစ်ပွားလေ့ရှိပြီး အခုရက်ပိုင်းမှာတော့ မြင်းခြံမြို့နယ်ထဲက ဆုံရွာအဖြစ်အပျက်အပြီး အခုလို လက်ထုတ္တောရွာအဖြစ်အပျက် ဆက် လက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က အခုလို ကျေးရွာက အမျိုးသားတွေကို သတ်ဖြတ်ရာမှာ PDF တပ်ဖွဲ့ဝင်တွေ၊ PDF ကို ထောက်ခံအားပေးကူညီနေသူတွေ ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ သတ်ဖြတ်တာဖြစ်ပြီး ကျေးရွာကိုလည်း မီးရှို့ ဖျက်ဆီးခဲ့တာတွေ လုပ်လေ့ရှိတာ ဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ်တုန်းက စစ်ကိုင်းတိုင်း ရေဦးမြို့နယ်က မုန်တိုင်ပင် ကျေးရွာ အဖြစ်အပျက်မှာ ၂၉ ဦးသေ ဆုံးခဲ့တဲ့ ဖြစ်စဥ် ဖြစ်ပျက်ခဲ့စဥ်ကတည်းက ကြားသိရတဲ့ သူတွေအနေနဲ့ တုန်လှုပ်စရာ နာကျည်းစရာ အဖြစ်အပျက် တရပ်အနေနဲ့ ကြားသိခဲ့ကြရတာ ဖြစ်ပါတယ်။ အခု ၂၀၂၄ ခုနှစ် မေလအတွင်းမှာ ဆုံရွာအဖြစ်အပျက်နဲ့ အဲဒီအဖြစ်အပျက်ကိုလက်တုံ့ပြန်တဲ့ လက်ထုတ္တောရွာ အဖြစ်အပျက်တွေက ၂ ရက်သာ ခြားပြီး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

ကျေးရွာတွေကိုအခြေစိုက်ထားတဲ့ ဒေသအလိုက်ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို စစ်ကောင်စီဘက်က တရွာလုံးကို လက်နက်ကိုင် တိုက်ခိုက်သူ၊ အားပေးသူလို့ သတ်မှတ်ပြီး လက်နက်ကိုင်နိုင်တဲ့အသက်အရွယ်အမျိုးသား မည်သူကိုမဆို သတ်ဖြတ်ဖို့ ခွင့်ပြုထားတယ်လို့မှတ်ယူရလောက်အောင် မုန်တိုင်ပင်၊ လက်ထုတ္တောတို့မှာ သတ်ဖြတ်ခဲ့တာ တွေ့ရပါတယ်။ 

စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှုကို ယုတ္တိရှိတယ်လို့ဆိုလိုချင်တဲ့သဘောမဟုတ်ဘဲ ရန်သူရဲ့ ဆင်ခြေနဲ့အမိန့်ကို မှန်းဆကြည့်တဲ့သဘောဖြစ်ပါတယ်။ ဒီလိုကြုံတွေ့လာရတဲ့အခြေအနေမှာကျေးရွာလူထုကို အန္တရာယ်မကျရောက်အောင် LPDF/ PDF တွေအနေနဲ့ ကာကွယ်နိုင်မလား သို့မဟုတ် ကျေးရွာလူထုတွေ တိုက်ခိုက် သတ်ဖြတ်ခံရတာ လျော့နည်းသွားအောင် နည်းလမ်းရှာမလားဆိုတဲ့ စဥ်းစားစရာ အချက်အလက်တွေကို ရှာဖွေကြည့်ခြင်း ဖြစ်ပါတယ်။ 

PDF/LPDF တွေအနေနဲ့အခြေစိုက်ရာ ကျေးရွာတွေကို စစ်ကြောင်းတွေ ဝင်မလာခင် ကြိုတင်သိရှိနိုင်အောင် မြို့နယ်အလိုက် ဆက်စပ်နေတဲ့ဒေသတွေအလိုက် ကင်းစောင့်ကြည့်ပြီး သတင်းပို့နိုင်တဲ့ ဆက်သွယ်ရေးစနစ်နဲ့ လူ၊ ပစ္စည်း ပူးပေါင်းဆောင်ရွက်မှုတွေထားရှိနိုင်ရင် စစ်ကြောင်းဝင်လာတဲ့အခါ အရပ်သားတွေအားလုံး အသက်ဘေးလွတ်အောင် တိမ်းရှောင်နိုင်မှာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းဒေသတွေအတွက် ဒီလိုပြင်ဆင်မှုမျိုးလုပ်နိုင်မလား သို့ မဟုတ် မလုပ်နိုင်ခဲ့ရင် PDF/LPDF လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ တပ်ဖွဲ့အခြေစိုက်ရာ နေရာတွေကို ကျေးရွာတွေနဲ့ ခွဲပြီး သီးခြားအခြေစိုက်ကြမလားဆိုတဲ့နည်းလမ်းတခုလည်း ရှိနိုင်ပါတယ်။ 

PDF/LPDF တွေအနေနဲ့ ကျေးရွာတွေကို အကာအကွယ်ပေးတာမျိုး လိုအပ်တာအမှန်ပင် ဖြစ်ပေမယ့် အခြေစိုက်ရာ နေရာကို သီးခြားခွဲထုတ်ပြီး လှုပ်ရှားတာမျိုး ဖြစ်ပါတယ်။ ဒီလိုအကြံဉာဏ်မျိုး CDM စစ်အရာရှိတဦးက စောစောပိုင်းကာလတွေမှာ ပြောခဲ့ ရေးခဲ့ဖူးတာလည်း တွေ့ရပါတယ်။ 

ကျေးရွာတွေမှာ PDF/ LPDF ရှိတယ်ဆိုတဲ့သံသယနဲ့ အရပ်သား လူဒါဇင်နဲ့ချီသတ်ဖြတ်ခံရတာမျိုးတွေ ထပ်မံပေါ်ထွက်မလာအောင် တနည်းနည်းနဲ့တော့ အဖြေရှာလုပ်ဆောင်သင့်ပြီလို့ ယူဆမိပြီး စစ်ကောင်စီရဲ့ ရက်စက်မှု၊ သံသယစွပ်စွဲမှုနဲ့ အရပ်သားတွေကို အသက်သေသည်အထိ သတ်ဖြတ်နေတဲ့လုပ်ရပ်တွေ လျော့ကျသွားအောင် တော်လှန်ရေးအင်အားစုတွေဘက်က ကြိုးစားမလား သို့ မဟုတ် စစ်ကောင်စီ ရက်စက်လေလေ လူထုက နာကျည်းလေလေ ၊ တော်လှန်ရေးအတွက် စည်း ရုံးရေးအင်အားကောင်းလေလေလို့ မှတ်ယူထားတဲ့ သဘောလားဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်ကောင်း ပေါ်ထွက်လာနိုင်တာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့အခြားသောသတင်းအကြောင်းအရာတခုကတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာ ရီတိုင်းတို့ကို ရန်ကုန်နဲ့ ဆက်သွယ်ထားတဲ့ ရန်ကုန်-သထုံ ကားလမ်းပေါ်က တံတားတစင်း ဖြစ်တဲ့ ကျုံအိတ်တံတားကို KNU/KNLA နဲ့ ပူးပေါင်းအဖွဲ့က ဖောက်ခွဲလိုက်တယ်လို့ Salween Press သတင်းပေ့ချ်မှာ လက်နက်ကိုင်အဖွဲ့က တာဝန်ရှိသူတဦးကိုကိုးကားပြီးဖော်ပြထားတာတွေ့ရပါတယ်။ 

မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် အစရှိတဲ့ ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြို့တွေ၊ စခန်းတွေကို စစ်ကောင်စီက ထိုးစစ်ဆင်နေချိန်မှာ ပဲခူး၊ ရန်ကုန်တိုင်းတွေဘက်ကနေ စစ်ကားတွေ လာလို့မရအောင် ရည်ရွယ်လုပ်ဆောင်တာလို့ ဆိုပါတယ်။ သို့ပေမယ့် အခုတံတားကျိုးသွားတာကြောင့် မွန်၊ ကရင်နဲ့ တနင်္သာရီတိုင်းတို့အတွက် ကုန်စည်ဖလှယ်မှု၊ ထိုင်းနိုင်ငံနဲ့ မြန်မာနယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းက ကုန်စည်တွေသယ်ဆောင်မှုကို ကြီးကြီးမားမား ထိခိုက်စေမှာဖြစ်ပါတယ်။ ကုန်စျေးနှုန်းတွေ ကြီးမြင့်တာ ၊ ခရီးသွားလာမယ့် ခရီးသည်တွေအတွက် ကုန်ကျစရိတ်ပိုမိုကုန်ကျတာတွေဖြစ်လာမှာ ဖြစ်ပြီး စစ်ကောင်စီအနေနဲ့ တံတားကိုယာယီသွားနိုင်အောင် ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားလိမ့်မှာ ဖြစ်ပါတယ်။ တံတားယာယီ သွားလာနိုင်အောင် ပြင်ဆင်မှုတွေက အချိန်ဘယ်နှရက်လောက်ကြာမြင့်မယ်ဆိုတာ မမှန်းဆနိုင်ခင် မွန်၊ ကရင်၊ တနင်္သာရီတို့မှာတော့ လောင်စာဆီ၊ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက်လာနိုင်တာလည်း ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar