အညာဒေသက အခြားဒေသထက် အချင်းချင်း အပြန်အလှန် သတ်ဖြတ်တာ မြင့်တက်နေသလား
မြန်မာနွေဦး ခရိုနီကယ် - မေ ၁၂ မြင်ကွင်း
(မိုးမခ) မေ ၁၃၊ ၂၀၂၄
အညာဒေသက အခြားဒေသထက် အချင်းချင်း အပြန်အလှန် သတ်ဖြတ်တာ မြင့်တက်နေသလား
စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကြာရှည်လာတဲ့အခါမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ ထိုးစစ်တွေ၊ စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ မြို့တွေကို သိမ်းယူဖို့ တိုက်ခိုက်တာတွေ ပိုမိုစိပ်လာသလို တိုက်ပွဲဧရိယာလည်း ပိုမိုကျယ်ပြန့်လာနေတာဖြစ်ပါတယ်။ PDF လက်နက်ကိုင် တပ်ဖွဲ့ပေါင်း ရာချီ ရှိလာသလို၊ နကို ရှိနှင့်ပြီးသား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေမှာလည်း ပြည်တွင်းစစ်ကာလ နှစ် ၇၀ ကျော်အတွင်း ဘယ်တုန်းကမှနဲ့ မယှဥ်နိုင်အောင် လူအင်အား သိသိသာသာ တိုးတက်ရောက်ရှိလာပြီး ပြည်မက စစ်တပ်ကို အနိုင်ယူဖို့ ပြည်နယ်နယ်စပ်တွေကနေ ပြည်မဘက်ကို တဖြည်းဖြည်း သိမ်းယူလာနေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ တပြိုင်နက်ထဲ ဖြစ်စဥ်တခုကတော့ အညာမြေလို့ ခေါ်ကြတဲ့ မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်း၊ အဲဒီစစ်ကိုင်းတိုင်းနဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်းထဲက နယ်မြေတွေ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး လအနည်းငယ်အတွင်း ဒီဒေသတွေမှာ ဒေသအလိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ပေါ်ထွက်လာပြီး အများစုက ကျေးရွာအလိုက်ဖြစ်ပြီး အချို့ကလည်း မြို့နယ်အလိုက် ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ အစောပိုင်း အချိန်ကာလက NUG အနေနဲ့လည်း ဒီအဖွဲ့တွေကို တခုထည်းသော အမိန့်အောက်မှာ ရှိတဲ့ လက်နက်ကိုင်တပ်ရင်းများ အဖြစ်နဲ့ မစုစည်းနိုင်ခဲ့ပါဘူး။
ဒီဒေသတွေက တိုင်းရင်းသား ဒေသတွေလို လူမျိုးအပေါ် အခြေပြုပြီး ဖွဲ့စည်းထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင် အဖွဲ့ရဲ့ သက်တမ်းနဲ့ အတွေ့အကြုံတွေ မတူကွာခြားကြသလို၊ အာဏာသိမ်း စစ်တပ်ကို ခုခံတိုက်ခိုက်မယ့် ရည်ရွယ်ချက် တူညီတဲ့ အချက်ကလွဲရင် ကျန်တဲ့ ဖွဲ့စည်း လုပ်ဆောင်ကြရာမှာ ကျေးရွာအလိုက်၊ မြို့အလိုက် သီးခြားစီပေါ်ထွက်လာကြတာဖြစ်ပါတယ်။ ဒီကျေးရွာအလိုက် လက်နက်ကိုင် အဖွဲ့တွေကို ပေါင်းစည်းဖို့ ကြိုးပမ်းမှု အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ဖွဲ့စည်းတဲ့ ပကဖရဲ့ အမိန့်ပေးစနစ်၊ ထောက်ပံ့ကူညီမှု အောက်ကို ရောက်သွားကြတာတွေ အတိုင်းအတာတခုထိ ရှိပေမယ့် အညာဒေသက လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းထားပုံက လျော့ရဲနေတဲ့ အနေအထားမျိုးနဲ့ လှုပ်ရှားနေကြတာဖြစ်ပါတယ်။ ဒါကြောင့် လက်နက်ကိုင် တိုက်ပွဲတွေရဲ့ ရလဒ်နဲ့ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ကြည့်ရင် ခန့်မှန်းသိရှိနိုင်ပါတယ်။
ကျေးရွာတွေအလိုက် သော်လည်းကောင်း ခေါင်းဆောင်တဲ့ သူတွေရဲ့ စိတ်ကူးစိတ်သန်းနဲ့ အမည်ပေးထားကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အညာဒေသမှာ ရာနဲ့ချီ ရှိနေကြပြီး စစ်ရေး နိုင်ငံရေး ရည်မှန်းချက် တခုကို စုစည်းပြီးလုပ်နိုင်ကြဖို့ အတားအဆီးတွေ ရှိနေကြတဲ့ သဘောလည်း ဖြစ်နေတာပါ။
အခု ရက်ပိုင်းအတွင်း ခပ်စိပ်စိပ် ဖြစ်ပွားလာတဲ့ ရွာတွေဝင်ရောက်တိုက်ခိုက်တာ၊ အရပ်သားတွေ ဒါဇင်နဲ့ချီ သေဆုံးကြတဲ့ အဖြစ်အပျက်တွေက စစ်ကောင်စီ တပ်တွေကြောင့်၊ ပြည်သူ့စစ် (ပျူစောထီး) တွေကြောင့်လို့ ယေဘုယျအားဖြင့် ကောက်ချက်ချနိုင်ပေမယ့် အရပ်သား သေဆုံးမှု အများဆုံးဒေသလို့ဆိုရင် အညာဒေသမှာလို့ ဆိုရလောက်အောင် ကျေးရွာတွေမှာနေထိုင်ကြတဲ့ လက်နက်ကိုင် မဟုတ်တဲ့ အရပ်သားတွေ သေဆုံးနေကြတာတွေ့ရမှာ ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေကို ထောက်ခံလို့ စစ်ကောင်စီတပ်က အထက်အညာကျေးရွာတွေက အရပ်သားတွေကို သတ်ဖြတ်နေသလို၊ အချို့သောဖြစ်ရပ်တွေမှာ စစ်တပ်ကို ထောက်ခံတဲ့ ကျေးရွာတွေက အရပ်သားတွေကိုလည်း ပျူတွေ၊ ပြည်သူ့စစ်အဖြစ် စွပ်စွဲ သတ်ဖြတ်မှုတွေက အထက်အညာဒေသမှာ အရေအတွက် အများဆုံးဖြစ်ပွားတဲ့ သဘောလို့ ဆိုရင် မှားမယ် မထင်ပါ။ စစ်ပွဲတွေမှာ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေ အားနည်းတဲ့ သဘော၊ နိုင်ငံရေး အယူဝါဒ ကွဲပြားတာထက်ကို တရွာနဲ့ တရွာအကြားဖြစ်ပွားတဲ့ ပဋိပက္ခတွေက လက်နက်ကိုင်အဖွဲ့ဝင်တွေသာ မကပဲ၊ မိသားစုဝင်၊ ကျေးရွာသား အားလုံးကို ပစ်မှတ်ထားတဲ့ အသွင်သဏ္ဍာန်တွေ တွေ့မြင်နေရတာဖြစ်ပါတယ်။
ဒီလို လက္ခဏာတွေက နိုင်ငံရေးအရပညာပေးမှု သို့မဟုတ် စစ်ရေးအရ အမိန့်ပေးမှုစနစ်၊ စည်းမျဥ်းစည်းကမ်း ချို့တဲ့မှုကို လှစ်ဟပြနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ အချို့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ စနစ်ဆိုတာမျိုးထက် လူပုဂ္ဂိုလ်၊ ကျေးရွာ၊ ရပ်ရွာကို အဓိက အပြစ်မြင်ပြီး လက်စားချေတာ၊ လက်တုံ့ပြန်တာ၊ လက်ဦးမှုရယူ တိုက်ခိုက်တာတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
လတ်တလော ဖြစ်ပျက်ခဲ့တဲ့ မြင်းခြံမြို့နယ်ထဲက ဆုံရွာက အဖြစ်အပျက်နဲ့ နောက် ၂ ရက်သာခြားပြီးဖြစ်ပွားတဲ့ မြင်းမူမြို့နယ်ထဲက လက်ထုတ္ထောရွာ အဖြစ်အပျက်တွေက အရပ်သားသေဆုံးမှု ဘယ်လောက်ထိ များပြားနေသလဲဆိုတာကို ညွှန်ပြနေတာဖြစ်ပါတယ်။ ဆုံရွာမှာ အသက်သေဆုံးကြရတဲ့ သူတွေထဲ ကလေးငယ်တွေ၊ အမျိုးသမီးတွေ အများအပြား ပါဝင်နေသလို၊ နောက် ၂ ရက်ခြားပြီး ဖြစ်ပွားခဲ့တဲ့ လက်ထုတ္ထောကျေးရွာမှာလည်း အသက်ဆုံးရှုံးကြရသူတွေထဲ အမျိုးသမီးတွေ ပါဝင်နေတာ ဖြစ်ပါတယ်။
ဆုံရွာမှာ ဖြစ်ပွားတဲ့ အသက်ဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကြောင့် ဘယ်လိုသေဆုံးကြရသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိကြရပါဘူး။ စစ်ကောင်စီက ဧရာဝတီမြစ်ထဲက လက်နက်ကြီး ကျည်ကျရောက်လို့ သေဆုံးကြရတာလား သို့မဟုတ် ကျေးရွာထဲမှာ ခုခံတဲ့ ပြည်သူ့စစ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား ပစ်ခတ်မှုမှာ သေဆုံးကြရတာလား၊ သို့မဟုတ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြည်သူ့စစ်ထောက်ခံတဲ့ ကျေးရွာ၊ ပြည်သူ့စစ်ရွာ လို့ ယူဆပြီး ဒီကျေးရွာက သူတွေ အားလုံး လက်နက်ကိုင် အဖွဲ့ဝင်တွေလို့ သတ်မှတ်ကာ သတ်ဖြတ်ခဲ့သလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိကြရပါဘူး။
လက်ထုတ္ထော ကျေးရွာက အဖြစ်အပျက်ကတော့ စစ်ကောင်စီရဲ့ စစ်ကြောင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သို့မဟုတ် ထောက်ခံသူလို့ စွပ်စွဲပြီး အမျိုးသား ၃၀ ကျော်နဲ့ အမျိုးသမီး ၁ ဦးကို သတ်ဖြတ်ခဲ့တာလို့ သတင်းတွေမှာ ဖော််ပြထားကြတာ ဖြစ်ပါတယ်။
ချုံ့ဆိုရရင် အထက်အညာဒေသက လက်နက်ကိုင်တိုက်ပွဲတွေမှာ ဒေသခံတွေ အနေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို ငွေကြေးအရ ကူညီတာ၊ လူအင်အားအရ ပါဝင်ကြတာ အားကောင်းတဲ့အချက်က စစ်အာဏာရှင် ဖြုတ်ချရေးအတွက် အားသာချက် ဖြစ်ပါတယ်။ တဖက်မှာလည်း လက်နက်ကိုင် အဖွဲ့အစည်းပေါင်းများစွာကို အချိန်ကာလတခု ရောက်လာချိန်မှာ စုစည်းတဲ့ အင်အားတရပ် ဖြစ်လာဖို့နဲ့ ကျေးရွာအချင်းချင်းအကြားက လက်နက်ကိုင် တိုက်ပွဲ၊ လက်စားချေ တိုက်ပွဲအသွင်သဏ္ဌာန်မျိုးထက် စနစ်ကိုပြောင်းလဲမယ့် တိုက်ပွဲအဖြစ် ပြောင်းလဲနိုင်ဖို့ အရေးတကြီး လိုအပ်နေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar