Breaking News

သုံးသန်းကျော်လာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ အကူအညီလိုအပ်နေ

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၅ မြင်ကွင်း

(မိုးမခ) မေ ၁၆၊ ၂၀၂၄

သုံးသန်းကျော်လာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ အကူအညီလိုအပ်နေ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုပြီးနောက် အရှိန်မြင့်လာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေရဲ့ အကျိုး ဆက်အဖြစ် စစ်ဘေးရှောင်သူ ၃ သန်းကျော်လာကြောင်း မကြာသေးခင်က ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ အချို့သောစစ်ဘေးရှောင်သူတွေက ရက်အနည်းငယ် သို့မဟုတ် သီတင်းပတ်အနည်းငယ် ကျေးရွာကနေတိမ်းရှောင်ပြီး လက်နက်ကိုင်တပ်တွေ စစ်ကြောင်းတွေ ထွက်သွားတဲ့အခါ ကျေးရွာကိုပြန်ပြီးနေထိုင်ကြတာမျိုးလည်းရှိလို့  စစ်ဘေးရှောင်သူအရေအတွက်ကို ကောက် ယူရာမှာ အဓိပ္ပmယ်ဖွင့်ဆိုချက်တွေ ဘယ်လိုရှိသလဲ၊ လုပ်ထုံးလုပ်နည်းက ဘယ်လိုလည်းဆိုတာ ရှင်းရှင်းလင်းလင်း မသိပေမယ့် မြန်မာနိုင်ငံမှာ စစ်ဘေးရှောင်ရသူ ၃ သန်းကျော် သို့မဟုတ် ကာလရှည်ကြာတိမ်းရှောင်ရသူ ၃ သန်းကျော်ရှိနေတယ်လို့ နားလည်ရပါတယ်။ ပြီးခဲ့တဲ့ ၆ လတာ ကာလအတွင်းမှာ စစ်ဘေးရှောင် ဦးရေက ပိုမိုများပြားလာတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း စစ်ဘေးရှောင်သူအရေအတွက် ပိုမိုမြင့်တက်ခဲ့တယ်ဆိုတဲ့သဘောလည်း ဖြစ်ပါတယ်။ ရှမ်းမြောက်၊ ရှမ်းတောင်၊ ကရင်၊ ကချင်၊ ချင်း၊ စစ်ကိုင်းအထက်ပိုင်း၊ ရခိုင်ပြည်နယ်တို့မှာ စစ်မျက်နှာအသစ်တွေထပ်မံထွက်ပေါ်လာပြီး နယ်မြေအများအပြား စစ်ကောင်စီလက်လွှတ်လိုက်ရတဲ့အနေအထားဖြစ်ပါတယ်။ 

ဒါဇင်နဲ့ ချီတဲ့မြို့တွေ စစ်ကောင်စီ လက်လွှတ်လိုက်ရသလို အနည်းငယ်မျှသော တော်လှန်ရေးလက်နက်ကိုင်တွေ သိမ်းယူ မြို့တွေကိုတော့ စစ်ကောင်စီက ပြန်လည်တိုက်ခိုက် သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ 

စစ်ဘေးရှောင်အရေအတွက် ၃ သန်းကျော်လာတာဖြစ်လို့ မြန်မာနိုင်ငံလူဦးရေနဲ့ တွက်ကြည့်ရင် မြန်မာနိုင်ငံ လူဦးရေရဲ့ ၅ ရာနှုန်းအထက်က စစ်ဘေးတိမ်းရှောင်ရသူ ဖြစ်နေတဲ့ သဘောဖြစ်ပါတယ်။ အနည်းဆုံး လူ ၂၀ မှာ ၁ ဦးက စစ်ဘေးရှောင်ဖြစ်နေတာ ဖြစ်ပြီး စစ်ဘေးရှောင်ရသူတွေ အနေနဲ့ တန်ဖိုးနည်းတာ များတာ အပထားပြီး ၄င်းတို့ရဲ့နေအိမ်တွေ ၄င်းတို့ ပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုတွေ သယ်ယူမသွားနိုင်ပဲ နေအိမ်နဲ့ အတူထားရစ်ခဲ့ရပြီး ပစ္စည်းတွေ ခိုးယူခံရတာ၊ စစ်ပွဲကြောင့် ပျက်စီးတာ၊ တမင်တကာ ဖျက်ဆီးခံရတာတွေလည်း ဒေသတိုင်းမှာ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ ရိက္ခာမလုံလောက်မှု၊ ဆေးဝါးကုသမှု လိုအပ်ချိန်မှာ ခက်ခဲတာ မရှိတာ စတဲ့အခြေအနေတွေလည်း ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ 

ကုလသမဂ္ဂ ရဲ့ အစီရင်ခံချက် ထုတ်ပြန်ချက်တွေအရ  စစ်ဘေးရှောင်တွေအတွက် တကယ်လိုအပ်တဲ့ အကူအညီပမာဏထက် အဆများစွာ လျော့နည်းပြီး ရံပုံငွေရရှိနေတဲ့ အနေအထားကလည်း ဖြစ်နေကျ ဖြစ်စဥ်တွေလို့ ဆိုရမလို ဖြစ်နေပါတယ်။ မြန်မာနိုင်ငံထဲက စစ်မက်ကြောင့် ပေါ်ထွက်လာတဲ့သန်းနဲ့ချီတဲ့စစ်ဘေးရှောင်ကိစ္စမပေါ်ပေါက်မီကတည်းက ၂၀၁၇ စစ်တပ်စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထွက်ပြေးရတဲ့ တသန်းဝန်းကျင်ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက်လည်း ရံပုံငွေက အစဥ်အမြဲ မလုံမလောက် ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ 

နိုင်ငံတကာ အခင်းအကျင်းမှာလည်း မြန်မာ့အရေးက ကျင့်ဝတ်ရေးရာအရ ထောက်ခံအားပေးရမယ့် အဖြစ်အပျက်တရပ် သဖွယ်ဖြစ်ပြီး မဟာဗျူဟာ အရ၊ အကျိုးစီးပွားအရ မကူညီလို့ မဖြစ်တဲ့ အရေးကိစ္စတရပ်တော့ မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောရရင် အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံတွေအနေနဲ့ စိတ်ဓာတ်ရေးအရ ထောက်ခံအားပေးကြသော်လည်း တိုက်ရိုက် အကျိုးစီးပွားရှိတဲ့ပဋိပက္ခတခုမဟုတ်တာကြောင့် ယူကရိန်းနိုင်ငံက ရုရှားကျူးကျော်မှုကို ခုခံတိုက်ခိုက်နေတဲ့ ဇာလန်းစကီးဦးဆောင်တဲ့ ယူကရိန်း အစိုးရကို လက်နက်ခဲယမ်း၊ စစ်ရေးအကူအညီ၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးသလို ပေးမှာမဟုတ်ပါဘူး။ စစ်မြေပြင် ဖြစ်တဲ့နေရာဒေသကလည်း ဥရောပမဟုတ်သလို လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်းလည်းမဟုတ်ပါဘူး။ မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေက အိမ်နီးချင်းနိုင်ငံတွေကို စစ်မက်ကူးစက်နိုင်ခြေအတိုင်းအတာတခုထိရှိသော်လည်း  ဒီပဋိပက္ခက မြန်မာနိုင်ငံက သက်ဆိုင်သူ အင်အား စုတွေဖြေရှင်းရမယ့်ကိစ္စလို့ အနောက်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့က မှတ်ယူထားကြတာပါ။ တရုတ်နဲ့ အိန္ဒိယအကြားရှိတဲ့နိုင်ငံတနိုင်ငံ အရှေ့တောင်အာရှက မဟာဗျူဟာအရအတိုင်းအတာတခုထိ အရေးပါတဲ့နိုင်ငံလို့ ဆိုနိုင်ပေမယ့်လည်း တိုက်ရိုက်အကျိုးစီးပွားရှိတဲ့နိုင်ငံအနေနဲ့ တရုတ်နိုင်ငံသာ ဖြစ်ပြီး အနောက်ဥရောပ၊ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့အဖို့ အဲလိုအနေအထားမဟုတ်ကြပါဘူး။ 

အနောက်နိုင်ငံတွေအနေနဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ဖိနှိပ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ နိုင်ငံ ရေးသမား၊ တက်ကြွလှုပ်ရှားသူ၊ သတင်းမီဒီယာသမားအချို့ကို တတိယနိုင်ငံတွေမှာ အခြေချဖို့ နေထိုင်ခွင့်ပေးတာ ကူညီတာမျိုးထက်ပိုပြီး အများကြီးပါဝင်ကူညီမှုမရှိကြတဲ့အနေအထားက ပကတိတရားလို့ဆိုရမှာ ဖြစ်ပါတယ်။ 

၃ သန်းကျော်မျှသော စစ်ဘေးတိမ်းရှောင်သူတွေအဖို့ လုံလောက်တဲ့ ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေရရှိဖို့က ရံပုံငွေအခက်အခဲအပြင် တားဆီးပိတ်ပင်မှုတွေ အများအပြားရှိနေတာဖြစ်ပါတယ်။ ရံပုံငွေ လုံလောက်သည့်တိုင် အဲဒီကူညီမှုတွေကို လက်ခံရယူမယ့်သူတွေဆီရောက်အောင် ပေးအပ်နိုင်ဖို့အတွက် အခက်အခဲတွေရှိနေသေးတာ ဖြစ်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ စစ်ဘေးရှောင်တွေဆီရောက်ရှိမယ့် ရိက္ခာတွေ ဆေးဝါးတွေကို တဖက်ရန်သူလက်ထဲရောက်ရှိမယ့် ရိက္ခာနဲ့ ဆေးဝါးတွေအဖြစ်ရှုမြင်ကြတာလည်း ရှိနေတာကြောင့် လက်နက်ကိုင်အဖွဲ့တွေက တားဆီးကန့်သတ်မှု၊ ပိတ်ဆို့ဖြတ်တောက်မှုတွေရဲ့ အကျိုးဆက်ကို စစ်ဘေးရှောင်သူတွေအနေနဲ့ ခံစားနေကြရတာလည်း ဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေ ရိက္ခာအခက်အခဲ ကြုံတွေ့နေရတယ်ဆိုတဲ့ သတင်းကြားရင် နိုင်ငံတကာအဖွဲ့အစည်း ဖြစ်တဲ့ ကုလသမဂ္ဂလို၊ အခြားသော နိုင်ငံတွေက ကူညီမှုကိုသာ ပထမဦးစွာ စဥ်းစားတာမျိုးထက် စိုက်ပျိုးရေးအဓိက နိုင်ငံ၊ နိုင်ငံရဲ့ စားသုံးမှု အဓိက ဆန်ကို စိုက်ပျိုးထုတ်လုပ်နိုင်တဲ့ နိုင်ငံ၊ ထုတ်လည်းထုတ်လုပ်နေတဲ့နိုင်ငံ က လူထုတွေ အနေနဲ့ လက်နက်ကိုင် တိုက်ပွဲတွေ တားဆီးပိတ်ပင်မှုတွေနဲ့ မိမိတို့စိုက်ပျိုးထုတ်လုပ်ထားတဲ့ ရိက္ခာကိုတောင် မိမိတို့ စားသုံးခွင့်မရတဲ့ အနေအထား ကို အဖြေရှာဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ ရိက္ခာတွေကို သယ်ယူပို့ဆောင်ရာမှာ ကန့်သတ်တာ တားမြစ်တာ၊ ဖျက်ဆီးတာတွေ မလုပ်ဖို့လည်း အရေးကြီးတာဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar