ဆယ်ပေါင်တူ - ပိဿာစိန်၏ တောင်ခြေက အောင်ဇေယျ
ပိဿာစိန်၏ တောင်ခြေက အောင်ဇေယျ
ဆယ်ပေါင်တူ
(မိုးမခ) မေ ၁၅ ၊ ၂၀၂၄
‘ဟိုး မရှေးတရှေးတုန်းက ဘာမှမသိမင်းကြီး အုပ်ချုပ်တဲ့ ဘာမှမသိပြည်ကြီးဆိုတာ ရှိသတဲ့’
‘ဟာ ပိဿာစိန်ကြီးကလဲ၊ ဗာရာဏသီပြည်တို့ ဗာရာဏသီမင်းကြီးတို့ပဲ ကြားဖူးပါတယ်’ဟု သူ၏ ဘေးနားဝိုင်း ထိုင်နေကြသော ကလေးတအုပ်ကြီးဆီက အသံထွက်လာသည်။
‘အေး အဲဒီဗာရာဏသီမင်းတို့ ဘာတို့ဆိုတာက တကယ့်ဘုရင်အစစ်တွေ၊ အခု ဘာမှမသိမင်းကြီးကတော့ ဘာဆို ဘာမှမသိတဲ့ နလပိန်းတုံး ဘုရင်အတု၊ သူ့ဘွဲ့နံမည်က နှစ်ပင်ရွှေချီး’
‘ဟော ပိဿာစိန်ကြီးက လုပ်ပြန်ပြီ၊ တပင်ရွှေထီးပဲ ရှိပါတယ်၊ ဘယ်လိုလုပ် နှစ်ပင်ရွှေချီး ဖြစ်ရပြန်တာလဲ’
‘မင်းတို့ပြောတဲ့ တပင်ရွှေထီးဆိုတာက သတ်သတ်၊ အခု နှစ်ပင်ရွှေချီး က သူ့အဓိပ္ပာယ်နဲ့သူ၊ မင်းတို့အရပ်ထဲမှာ တ ကြိုးလွတ်နေတယ်၊နှစ်ကြိုးလုံး လွတ်သွားပြီဆိုပြီး ချောင်တောင်တောင် ကြောင် တောင်တောင် ကောင်တွေကို ပြောကြတာ ကြားဖူးတယ်မဟုတ်လား။ နှစ်ပင်ရွှေချီးတို့ ခေတ်တုန်းက တကြိုး၊နှစ်ကြိုးအစား တပင်၊နှစ်ပင်လို့ ပဲ သုံးကြတယ်၊ အဲဒီနှစ်ပင်လုံးလွတ်နေတဲ့ ဘုရင်ရူးကောင်က ရွှေကိုကိုင်ရင်တောင် ချီးဖြစ်သွားလို့ နှစ်ပင်ရွှေချီး လို့ ခေါ်တာကွ’
ကလေးတွေကတော့ မျက်လုံးလေး ကလည်ကလည်နှင့် နားလည်လား၊မလည်လားမသိ၊ နားမလည်လည်း ဘာမှ ပြဿနာမရှိ၊ ပိဿာစိန်ဆီလွှတ်ထားသည့် ကလေးမိဘများက သူတို့မျက်စိရှုပ် သက်သာရင် ပြီးရောဆိုသည့် သဘောဖြင့် ပို့ထားခြင်းသာ။ ဇာတ်ဆရာဆိုတော့လည်း ပုံတိုပတ်စများ ရောက်တတ်ရာရာ ပြောတတ်သူဖြစ်၍ ရပ်ကွက်ထဲမှကလေးများကလည်း ပိဿာစိန်ဆီ သွားနေကြဆိုရင် သဘောကျပြီး အိမ်ကိုမကပ်ကြတော့။
ဒါကလည်း နှစ်ဦးနှစ်ဖက် အဆင်ပြေသည်။ ပိဿာစိန် ဆိုတာကလည်း အခုကာလမှာ ဘယ်လိုလုပ် ပွဲချီဆက်တိုက် ကနေရမတုံး။ ခေတ်ကောင်းတုန်းကတောင် မေ့လောက်ပြီဆိုမှ တချီ၊ နှစ်ချီကရသည့်သူမျိုး၊ အခုဘုရင် ရူးလက်ထက်မှာဆို ပြောမနေပါတော့နဲ့။ ဇာတ်ဆိုပြီး မည်မည်ရရလည်း မကရတာက ကြာပါပြီ။ ဆိုင်းဝိုင်းအနေနဲ့ ငှားတာလောက်သာလိုက်ဖြစ်ရတာက များသည်။
ထို့ကြောင့် အားနေသည့် ပိဿာစိန်ကို ရပ်ကွက်ထဲက ကလေးမိဘတွေက သူတို့လည်း ကလေး ထိန်းရသက်သာ၊ ပိဿာစိန်အတွက်လည်း ဆန်ဖိုးဆီဖိုးလေးကာမိအောင် အဖိုးအခမဟုတ်ဘဲ ကျေးဇူးတင်သည့် အနေနှင့် ပြန်ပံ့ပိုးကြသည်။
ဘယ်ရွေ့ဘယ်မျှလို့သတ်မှတ်မထားပဲ ရှိသူက ရှိသည့်အလျောက်၊ မရှိသူကလည်း သူတို့တတ်နိုင်သလောက်ပေး ကြသည်။ ဒါကိုပိဿာစိန်ကလည်း ကျေကျေနပ်နပ်ဖြင့် လက်ခံသည်။ ကိုယ့်ရပ်ရွာသား အချင်းချင်း ကူညီရာ လည်းရောက်သည်ဆိုကာ ပို့လာသမျှကလေးတွေကို ထိန်းပေးသည်။ တခြားမြို့ရွာက သူ့ပရိတ်သတ်တွေ လက်ဆောင်ပို့ပေးသည့်မုန့်ပဲသရေစာများကို ရှိရင်ရှိသလို ကျွေးတတ်၍ ကလေးများကလည်း လာရမှာ ပျော်ကြသည်။
‘ဇာတ်သမားထဲမှာတော့ ပိဿာစိန်ကြီးက စွန့်ဦးတီထွင်လုပ်ငန်းရှင်ပဲဗျ၊ ဇာတ်သမားနေ့ကလေး ထိန်းကျောင်းဆိုတာ ခင်ဗျားကျမှပဲ ကြားဖူးတော့တယ်၊ ကြီးပွားဦးမယ်၊ ၁၁ ယောက်မြောက်သူ ဌေးဖြစ်ဖို့ သူဌေး ၁၀ ယောက်နဲ့ ပေါင်းစရာ မလိုတော့ဘူးပေါ့’
ပိဿာစိန်က ထိုစကားစကြားခဲ့စဉ်က ဒေါသအကြီးအကျယ်ထွက်ဖူးတာကိုမြင်ဖူးသည့် တယောက်က ဤသို့ စလိုက်သည်။ ထိုစဥ်က သူဌေးဖြစ်ဖို့ သူဌေး၁၀ယောက်နှင့် ပေါင်းရမည်ဟု ပြောသူကို သူက ပယ်ပယ်နယ်နယ် တုပ်ဖူးသည်။ ပြီးတော့ ‘အခုကာလ ဘုရင်ရူး မျက်ကလူးဆန်ပြာ ဖြစ်အောင် လုပ်တဲ့နေရာမှာ အောင်မြင်နေတဲ့ လူငယ်လူရွယ် ထက်ထက်မြက်မြက် မှန်သမျှက အဲဒီဟာမနဲ့ သူ့လို တက်ကျမ်းလိုလို လေကျမ်းလိုလို၊ လျှာဖျားနဲ့ လူပေါ်လူဇော်လုပ် အရူးချီးပန်းပြောနေတဲ့ ၁၀ ယောက်သာသာ ရှိတဲ့ကောင်တွေရဲ့ စကားကို လုံးဝနားမယောင် ကြဘူးဆိုတာ ငါအတပ် ပြောရဲတယ်’ဟုလည်း ထပ်ပြောသည်။
ပိဿာစိန် အပြောအဆိုကြမ်းတာကို ရပ်ကွက်ထဲမှ သူများက သိပြီးသား ဖြစ်၍ ကလေးမိဘတွေကလည်း ကလေးတွေရှေ့မှာ ထိန်းထိန်းသိမ်းသိမ်း ပြောဆိုပေးဖို့ တောင်းပန်ထားရသည်။ တကယ်ကတော့ ပိဿာစိန်သည် ရပ်ကွက်ထဲမှ လူများကိုသာမဟုတ်၊ သူ့စိတ်နှင့်မတွေ့ရင် ဘာကိုမှ ဂရုမစိုက်။ ဟိုတလောကလည်း ရပ်ကွက်ထဲက တည်းခိုခန်းတွင် လာရောက်တည်းခိုနေသူတဦးကို ပျစ်ပျစ်နှစ်နှစ် ပြောဖူးသည်။
ထိုသူကလည်း ထိုသူပင်၊ တည်းခိုခန်းတွင်တည်းရင်း ငြိမ်ငြိမ်မနေ၊ ရပ်ကွက်ထဲရှိသမျှ လူကုန်သလောက်နီးပါးကို စောင်းချိတ် ဖေါင်းထုပြောဆိုနေရာကနေ၊ ရပ်ရေးရွာရေးများကို တပြားတချပ်မှ မယူ၊ ဘာရာထူးမှလည်း မယူပဲ ကူညီဆောင်ရွက်ပေးနေကြသည့် အများလေးစားကြသူများကိုပါ၊ ရိသလိုလို ထေ့သလိုလိုနှင့် ပါးစပ်ချေးငုံပြီးပြောသလို ဖြစ်လာသည်။ ထိုအနံ့အသက်ကို သည်းမခံနိုင်တော့သည့်အဆုံး ‘ကိုယ့်ဘာသာကိုယ် စာတိုငညိုလို့ ထင်တလုံးရှိနေရင်လည်း ကောင်း ကောင်းမွန်မွန်တွေ ရေးနေ၊ပြောနေ၊ နေ့နေ့ညည (……)စကားတွေ ဗရီးဗရား ပြော မနေ၊ရေးမနေနဲ့ဟု သွားအော်ဆဲခဲ့သည်။
အုပ်ကြီးတို့ကိုယ်တိုင်လည်း ပိဿာစိန်ကိုသိပ်မပြောရဲ၊ အပြောခံရမှာ စိုးသည်သာမက သူတို့ကလေးတွေ ထိန်းမ ပေးဘူး ဆိုတာမျိုး ဖြစ်သွားမည်ကို စိုးသောကြောင့်ပင်။ ‘သူများအုပ်ကြီးတွေ လုပ်သလိုမျိုး ရပ်ကွက်ထဲ ချောဆွဲ တာမျိုး လုပ်လာရင် မင်းနဲ့ငါ တွေ့မယ်’ လို့လည်း ပိဿာစိန်က ကြိမ်းထားသည်။ တကယ်ကတော့ ပိဿာစိန်သည် ရပ်ကွက်ထဲတွင် ရာထူးလက်ကိုင် ယူမထားသည့် ‘ဒီဖက်တို အုပ်ကြီး’ဟုပင် ဆိုနိုင်သည်။
ပိဿာစိန်၏ အငြိုအငြင်မခံလိုသည့် နောက်တချက်လည်း ရှိသေးသည်။ အုပ်ကြီးက သူ့သားများကို ရှင်ပြုပေးဖို့ရှိသည်။ နယ်ဓလေ့အတိုင်း ဆိုင်းဝိုင်းထည့်ပြီးဧည့်ခံလိုသောကြောင့် ပိဿာစိန်ကို အပူကပ်ထားရသောကြောင့်ပင်။ ပိဿာစိန်ကလည်း ရပ်ထဲရွာထဲကိစ္စတွေဆိုပြီး မငြင်း။ ‘ထုံးတမ်းအစဉ်အလာ မျိုးလောက်ပဲ လုပ်ကွာ ပျော်ပွဲ ရွှင်ပွဲလိုမျိုးတော့ ဖြစ်မသွားစေနဲ့၊ အခုကာလက’ လို့ဆိုပြီး ဟန့်တော့ဟန့်လိုက်သေးသည်။
ဤသို့ဖြင့် ပိဿာစိန်တို့ ဆိုင်းဖြင့် ဧည့်ခံရမည့် နေ့သို့ ရောက်လာသည်။ ဒီ့မတိုင်မီက အုပ်ကြီးက ပိဿာစိန်ကို ကြို ပြောထားသည်။ ‘ပိဿာစိန်ကြီး၊ အပြောအဆို နည်းနည်းတော့ ဂရုစိုက်ပေးပါဗျာ၊ ကျနော့်အထက် မြို့နယ်က လူကြီးတွေနဲ့ တပ်ထဲက အဘတွေပါ လာမှာမို့လို့’
ပိဿာစိန် တချက်ပြုံးသွားပြီး စိတ်ချပါကွဟု ပြန်ပြောသည်။ အုပ်ကြီး ထိုအပြုံးကို သိပ်မကြိုက်လှသော်လည်း သူ့အနေဖြင့် ဘာမှမတတ်နိုင်၊ ပိဿာစိန်ကို ဒီထက်လည်းပိုပြီး သူမပြောရဲ၊ ရင်တထိတ်ထိတ်နှင့် စောင့်နေရဖို့သာ ရှိတော့သည်။
ဧည့်သည်တော် အဘများက ယူနီဖေါင်းတော့ ဝတ်မလာရဲကြ၊ အရပ်ဝတ်များဖြင့် ရှေ့ဆုံးတန်းတွင် မိန့်မိန့်ကြီး ထိုင်နေကြသည်။ ရှေ့ပိုင်း အဆိုအကများ ပြီးသွားသောအခါ လူရွှင်တော်များ အလှည့်ရောက်လာသည်။ ပိဿာစိန်က ပရိတ်သတ်များကို ကြည့်ပြီး ဒီဟာသကွက်ကို လာကြည့်တဲ့သူတွေလည်း ကိုယ်တိုင်ဝင်လုပ်နိုင်ကြပြီး၊ ဗီဒီယိုကလစ်လုပ်ပြီး ဖေ့ဘုတ်တို့ တစ်တောပ်တို့တင်နိုင်ဖို့ကြောင်း ပြောသည်။ ပရိတ်သတ်တွေ သဘောကျပြီး လက်ခုပ်သံ ဆူညံသွားသည်။
ဟာသအကွက်က အသစ်အဆန်းတော့မဟုတ်၊ တွေ့ဖူးကြားဖူးပြီးသား ‘သွားတော့မယ် ရောက်ပြီ’ ဖြစ်သည်။ ပိဿာစိန်က ဇာတ်ဆရာပီပီ သူ့အိုင်ဒီယာကို ထပ်ထည့်ထားသည်။ သွားတော့မယ်ဟု ဆိုင်းဝိုင်းက တီးလိုက်သည်နှင့် အာကာထွန်းဘောင်းဘီဝတ် ခြင်းကြားလွယ်ထားသည့် လူရွှင်တော်ကို မြင်လိုက်ရသည်။ ထို့နောက် ရောက်ပြီ ဆိုလိုက်သည်နှင့် ဗျောက်အိုးဖေါက်သံ ဒိုင်းကနဲ ကြားရပြီး အနှီလူရွှင်တော်က လျှာတစ်လစ်ထွက်ကာ လဲကျသွားလေတော့သည်။ အားလုံးသဘောကျပြီး လက်ခုပ်တီးကြကာ ဗီဖဒဖိယိုရိုက်ချင်သူများက ခြင်းကြားတက်လွယ်ကြ၊ လျှာတစ်လစ်ထွက်ပြကာ တယောက်ပြီးတယောက် တက်သရုပ်ဆောင်ကြသည်။
ဒါနှင့်ပြီးမသွား၊ ပိဿာစိန်က မသိချင်ယောင်ဆောင်ပြီး ‘အုပ်ကြီးမိတ်ဆွေ တွေလည်း ခြင်းကြားလွယ်ပြီး ဗီဒီယိုလာရိုက်ကြ’ ဟု လှမ်းခေါ်သည်။ အဘတို့အုပ်စုခမျာ ဒုက္ခရောက်ကုန်ကြသည်။ လုပ်ချင်စိတ် မရှိသော်လည်း ရပ်ကွက်ထဲကသူတွေက ဝိုင်းပြီး အတင်းတိုက်တွန်းကြ၍ ကြိမ်းကျေတာပေါ့ကွာဟု အချင်းချင်း တီးတိုး ပြောပြီး သွားလုပ်ကြသည်။ သူတို့တတွေက ခြင်းကြားလွယ်တာ၊ ဒိုင်းဆို လဲသေပစ်တာ၊ ပိုတောင် သဘာဝကျသေးသည်။ တချို့အဘတွေဆို ပီပြင်လွန်း၍ ထပ်လုပ်ပြပါဦးဟု ခဏခဏ တောင်းဆိုခံရသည်။
နောက်တကွက်ကတော့ စိတ်ပူပင် စိုးရိမ်သောကကြီးပြီး ပုံမှန်စိတ် မဟုတ်တော့သော ကြင်စိုးသောက်နေရ။ သည့် ‘အယ်လ်ပရာဇိုလင်ဆေး’ ကို ကြင်စိုးနံမည် နောက်ဆုံးစာလုံးပါဝင်သော ‘အယ်လ်ပရာဇိုလှိုင်’ ဆေးအဖြစ် ဆေးဆိုင်များတွင် နာမည်ပြောင်း၍ ရောင်းချနေကြကြောင်း ဟာသလုပ်ထားခြင်း ဖြစ်သည်။
‘တောင်ခြေက အောင်ဇေယျ’ဟု အမည်ပေးထားသော ဟာသခွင်ကို ကြည့်ရသော အခါမှာတော့၊ ပိဿာစိန်ကို ဒေါသထွက်နေသော အဘတို့အုပ်စုက ဟန်ဆောင်ပန်ဆောင် ဆက်မထိုင်နိုင်ကြတော့ပဲ၊ ပြန်တော့မည် ဖြစ်ကုန်သည်။
ထိုဟာသကွက်တွင် လူရွှင်တော်တယောက်က လိပ်ပုံစံ ရေးဆွဲထားသည့် ကဒ်ထူပြားကြီးကို ကိုင်ထားပြီး ဖြည်းဖြည်းချင်း လိပ်တကောင်လို လမ်းလျှောက်လာသည်။ နောက် လူရွှင်တော် တယောက်က ‘ဖိုးရွှေလိပ်ကြီး လမ်းမှာ အောင်ဇေယျတို့များ တွေ့ခဲ့သေးလား’ ဟုမေးသည်။ လိပ်လူရွှင်တော်က ‘အောင်ဇေယျတို့ ဒေါနတောင်ခြေမှာ ကျန်ခဲ့တယ်’ ဟု ပြန်ဖြေသည်။ လူအုပ်ထဲမှ ရယ်သံများ စထွက်လာသည်။
‘ဪ ဟုတ်လား၊ ခင်ဗျားက စောထွက်လို့ အရင်ရောက်လာတာလား ဖိုးရွှေလိပ်ရဲ့’ဟု ထပ်မေးသောအခါ ‘မဟုတ်ပါဘူး အောင်ဇေယျတို့က ကျုပ်ထက်အရင် စောထွက်တာ၊ လမ်းမှာ ကျုပ်က သူတို့ကို ကျော်တက်လာခဲ့တာ’ ဟု ပြောသည်။ ပရိသတ်က ပတ်တုတ်မရအောင် ပွဲကျကာ တဝါးဝါးဖြင့် အော်ဟစ်ရယ်မောကြသည်။
အဘတို့အုပ်စုလည်း ဒါကတော့ အတော်များသွားပြီဟု ဆိုကာ စိတ်ဆိုးမာန်ဆိုး ဖြစ်ကုန်ကြပြီး ပြန်ဖို့ ပြင်ကြလေသည်။ ဟုတ်တော့လည်း ဟုတ်သည်၊ ဒီအတိုင်းဆိုလျှင် ပိဿာစိန်၏ နောက်ထပ်ဟာသခွင်တွေက ပိုဆိုးလာဖို့ပဲ ရှိသည်ဟု သူတို့ တွက်မိသွားကြလေပြီ။
ပြန်မည်ဆိုတော့လည်း ဒီအတိုင်းမပြီး၊ ပိဿာစိန်က ‘ပြန်ကြတော့မလား၊ မကြာခင် ရှေ့တန်းထွက်ကြတော့မှာဆို၊ မောင်ရင်တို့ မိန်းမတွေကို မှာထားခဲ့၊ ကလေးရှင်ပြုဆို ကျုပ်ဆိုင်းဝိုင်းကို ငှားလို့။ ကလေးက မုဆိုးမသားရှင်ပြုဆိုရင် ကျုပ်က ဈေးလျှော့ယူတယ်’ ဟု ထပ်ကလိပြန်သည်။ မကျေမချမ်းဖြစ်ကာ ထပြန်သွားကြသောအဘတို့အဖွဲ့ကိုကြည့်ရင်း ပရိသတ်ကတော့ ရယ်မော သဘော ကျကာ ကျန်ရစ်ခဲ့လေပါတော့သည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar