Breaking News

လေခဏီ - မျက်လုံးတခြား အပြုံးတခြား စိတ်ရောဂါရှင်

မျက်လုံးတခြား အပြုံးတခြား စိတ်ရောဂါရှင်

လေခဏီ 

(မိုးမခ) မေ ၉ ၊ ၂၀၂၄

ကြင်စိုးက ပြုံးရင် ငါးခူပါးစပ်နဲ့ ငါးမန်းပြုံး ပြုံးတာ။ သူများတွေ ပြုံးရင် ပြုံးစရာကို သေချာတည့်တည့်ကြည့်ပြီး ပြုံးပေမယ့် သူ့မျက်လုံးက တနေရာစီ ကြည့်ပြီး မျက်လုံးတခြား၊ အပြုံးတခြား ပြုံးတာနော်။ 

တသံသရာလုံးမှာ ရှာမှရှားတဲ့ စိတ်ရောဂါတမျိုးရဲ့ အမှတ်အသားပေါ့။ စာအလို ဆိုရရင်တော့ ဘုရားတဆူနဲ့တဆူကြား သုံး လေး ငါးယောက်ထက်မပိုတဲ့ စိတ်ရောဂါအမျိုးအစားလေ။ ဒါမျိုးရှိတဲ့လူတယောက်ဟာ အကြီးအကဲဖြစ်ရေး နေသေးသပ ချုံထဲက ချိုသွေးသပ တမြမြ စိတ်နဲ့ တိတ်တဆိတ် ကြီးလာတတ်တာ။ ဖျက်အားပြင်းစိတ်ရောဂါအမျိုးအစားနော်။ ဖြစ်နိုင်ရင် တလောကလုံးကို ဖျက်ချင်တာ။ အဲဒါကြောင့် အကြီးအကဲဖြစ်ရေး ပဋိသန္ဓေသွေးပါလာတာ။

အဲဒီသန္ဓေသွေးနဲ့ ဘီလူးတကောင် မယားပါသားကို မြင်ရတဲ့အချိန် ပြုံးတဲ့အပြုံးမျိုး ရှိနေတဲ့ သရေကြိုးက ဘယ်သူ့သားမှန်းလည်း မသိ၊ သောင်းလှိုင်သားလိုလို၊ ခင်ညွန့်သားလိုလို။ ဒီကြားထဲ ထိုင်းစစ်ဗိုလ်ချုပ်တယောက်ရဲ့ မွေးစားသား ဆိုပြီး ကြီးကောင်ကြီးမှ အဖေအသစ် ထပ်ပေါ်လာ။ ထိုင်းက ကာချုပ်ဟောင်း၊ ထိုင်းဘုရင့်အကြံပေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရမ်တင်စူလာနွဲ့ဒါက မအလကို သားအဖြစ် မွေးစားထားတယ်လို့ စင်ကာပူ အခြေစိုက် The Straits Times က ဖော်ပြတော့ မွေးစားသားဆိုရင် လက်ရှိရာထူးက နုတ်ထွက်သင့်တယ်၊ ၅၉ (စ)နှင့် ငြိလို့ သမ္မတလည်း ၀င်အရွေးခံလို့မရဘူးဆိုပြီး ဦးကိုနီက ထောက်ပြခဲ့လို့ ဦးကိုနီကို သတ်ပစ်လိုက်တာလေ။

အင်း တကယ်ရော မွေးစားသားမှ ဟုတ်ရဲ့လား မသိ။ ထိုင်းနဲ့ ထားဝယ် ဆိုတာလည်း ဓားလွယ်ခုတ်။  သူက ဗမာသွေးထက် ထိုင်းသွေးက ပိုပါနေသလားတောင် ထင်ရ။ ဗမာစကားလည်း မပီ၊ ထားဝယ်စကားလည်း မဟုတ်။ လုပ်တာကလည်း တပ်နဲ့ တိုင်းပြည်ကို အပြုတ်ဖြုတ်မယ့်ဟာချည်း ဆိုတော့ ထိုင်းသွေးများ ပါနေလားလို့ပါ။ ကြည့် လောလောဆယ်ပဲ မြဝတီကို စစ်ကူလွတ်တဲ့ စစ်ကြောင်းကို အောင်ဇေယျ နာမည်ပေးပြီး ထိုင်းကို သွေးထိုး အမျိုးသားရေးစိတ်ကြွအောင် ဆွပြီး တပ်ကြေတပ်ကျိုးအောင် ကပ်တိုးလေးထိုးမယ့် ခွင်ထဲ ထည့်လိုက်တာပေါ့။ အဲဒါ ဦးအောင်ဇေယျ သေရတဲ့ လမ်းကြောင်းလေ။ တကယ် မအလရဲ့အပြုံးက တပ်မတော်ရဲ့ နိဒါန်းအစ တပ်မတော်ရဲ့ဖခင်ဘဝ မရသည့်တိုင်အောင် တပ်မတော်ကြီး နိဂုံးချုပ်ဖို့ တပ်မတော်ရဲ့ ပထွေးလုပ်မယ်ဆိုတဲ့ အပြုံး။

မိစ္ဆာဒိဋ္ဌိအဆင့်တွေ မြင့်မြင့်လာလွန်းလို့ နှစ်ကျိပ်ရှစ်ဆူ ဘုရားရှင်တွေ လက်မှိုင်ချရတဲ့သူ့စိတ်ရောဂါမျိုးက သူနဲ့ ထိစပ်သမျှ ကပ်ဆိုက်တာပဲ။ ရိုးရိုးထိခိုက်နစ်နာတာမျိုး မဟုတ်။ ပထမဆုံး သူ့တပ် ကပ်ဆိုက်တယ်။

နှစ် ၇၀ ကျော် ထူထောင်လာတဲ့တပ်ကို အပိုင်းပိုင်းဖြတ်ပြီး မွေးနေ့ကိတ်လှီးကျွေးသလို ကျွေးတော့တာနော်။ ပထမဆုံးကတော့ စစ်သားမှန်ရင် မြင်တဲ့နေရာ သတ်ကြပါကမ်ပိန်းကို သူ စအကောင်အထည်ဖော်တယ်။ စစ်သားတွေကို အရက်နဲ့ ဆေး နှစ်ပင်လိမ်ကျွေးပြီး ဘီလူးထက်ကြမ်း ရမ်းကားစေတယ်။ မြင်မြင်ကရာ လူတကာ ရွံပါစေကြောင်း ပုံသွန်းလောင်းပြီး သေကြောင်းကြံတော့တာကလား။ ပြီးတာနဲ့ ရွာမီးတိုက် မြို့ဖြို လမ်းတွေ ဘူဒိုဇာနဲ့ထိုး တံတားတွေချိုးခိုင်း မိုက်ရိုင်းချင်သလောက် မိုက်ရိုင်း တိုင်းပြည်တခုလုံး ပြာဖုံးအောင်လုပ်။ မနိုင်ရင်ကာမှန်းသိသိနဲ့ တပြည်လုံး စစ်ကြေညာ၊ အညာအကြေ တောင်နေတောင်အောက် ယမ်းဝိုင်းဖောက်လို့ ခြေပျောက်လက်ပျောက် အသက်ပျောက်ပြီး တပ်တွေပါ ပျောက်အောင် ကြံတော့တာ၊ ရိက္ခာမမှန် သိက္ခာမကျန်အောင် ခွေးဇာတ်ဗျူဟာခင်း တပ်ရင်းလိုက်အပ် တပ်မလိုက် ထိုးပေး စစ်တိုင်းလိုက်ကျွေး စစ်သားမှန်သမျှ ယုတ်ကန်းနည်းမျိုးစုံနဲ့ ခွေးဘဝ ပို့ပေးပြီး စစ်ခွေးအရုပ်ရေး ၂၀၂၄ လုပ်နေတာလေ။ 

တကယ် အရုပ်ရေးကြည့်ရမယ့် အဆင့်ရောက်အောင် ခု စစ်မှုထမ်းဟောင်းတွေ ပြန်ခေါ် ဝန်ကြီးဌာနတွေပါ ဖျက်ပြီး မိုးကျရွှေကိုယ် လုပ်နေတဲ့ ဘောင်းဘီကျွတ်တွေလည်း ဘောင်းဘီပြန်ဝတ်ခိုင်းပြီလေ။ ပင်စင်ဆိုတာလဲ ဘယ်လိုမှ ဆက်မပေးချင်တော့အောင် လုပ်ပြီးပြီလေ။ တိုင်းပြည်မှာ တပ်မတော်အနံ့ပါ မကျန်အောင် ဖျောက်မယ့်အခြေအနေနော်၊ သာမန်အခြေအနေမဟုတ်။

သူက သူ့နောက်မှာ ခွါရာတိုင်းမယ့် တပ်ချုပ် မရှိစေရမူ ကျင့်သုံးတာ။ သူသာလျှင် နောက်ဆုံးတပ်ချုပ် ဖြစ်တော့သကိုးပေါ့။ နောက် တပ်ချုပ်မရှိစေရ။ ကြည်းကြေ-ရေနစ်-လေပြတ် တပ်မြစ်ဖြတ်မူ။ သူ့အထက်က တပ်ချုပ် ရှိခဲ့တာကိုတော့ သူ ဘယ်လိုမှ မတတ်နိုင်ဘူး၊ သူ့နောက်တော့ တပ်ချုပ်မရှိစေရ၊ တပ်ချုပ် မရှိဖို့ဆို တပ်ပါချေမှုန်းရမှာ မဟုတ်လား။ အဲဒါကို ဇောက်ချလုပ်တာ။ 

ဒုတိယကပ် ဆိုတာက တိုင်းပြည်။ တပ်မရှိဘို့ကလည်း တိုင်းပြည်ပါ မရှိမှဖြစ်မှာ ဆိုပြီး ပြည်သူကိုသတ် တိုင်းပြည်ကို မီးတိုက်ခိုင်းနေတာလေ။ တိုင်းပြည်က ဒုတိယကပ်ဆိုက်တာ။ အရင် တည်ဆောက်ပြုပြင် မြန်ပြည်တခွင်တွေကို ထုချေဖျက်ဖြို မြန်ပြည်တခို လုပ်နေတာ။ ဒါမှ တိုင်းပြည်မရှိတော့မှာ မဟုတ်လား။ သူ့နဲ့သူ့မိသားစုကတော့ အဖေအရင်း အဲလေ မွေးစားအဖေရှိရာ ထိုင်းကို လစ်မယ်လေ။ ကွန်ဒိုတွေရော လုံးချင်းရော ခြံရော ဗွက်ပေါက်အောင် ဝယ်ထားပြီးသား။ သူ့သာဝက အတော်များများလည်း ထိုင်းမှာ အခြေချနေကြပြီးသား။ ရှရှားက စစ်သားတွေကတော့ သူ့ထိုက်နဲ့သူ့ကံ၊ အခြွေအရံအဖြစ် ဆက်ထားလို့မရတဲ့အခြေဆိုတော့ ပူတင်ဆီ ကြေးစားစစ်သားအဖြစ် စျေးပေါင်ကျိုးနဲ့ ပေးလိုက်မှာ။ ဟိုကောင်ကလည်း ဘယ်ကစစ်သားရရ ငတ်ကြီးကျချိန်ဆိုတော့။

တတိယကပ်ဆိုက်တာက ဘုရားနဲ့ ဘုန်းကြီး။ အကုန် ပေါတောတော အူတူတူတွေ ဖြစ်ကုန်တာ။ တရားတောင် စစ်လားဆေးလား မလေးမစားဖြစ်ကုန်ကြပြီ။ ဘုန်းကြီးကတော့ မပြောနဲ့၊ ဓမ္မနဲ့ဆိုင် မဆိုင်တောင် မေးခွန်းထုတ်ခံနေရ၊ မဖြေနိုင်ရင် လစ်၊ ကန်တော့ဆွမ်းတောင် မရတော့တဲ့အဖြစ်။

စတုတ္ထကပ်ဆိုက်တာက သူနဲ့ထိစပ် အိမ်နီးချင်းကပ်။ လောလောဆယ် ထိုင်းအခံရဆုံး။ အရင်ကတော့ ဘင်္ဂလားဒေ့ရှ်။ ခုတော့ အိန္ဒိယနဲ့ တရုတ်ပါ ခေါင်းရှုပ်ရ။ ဥရောပ အမေရိကထိ တက်ဒုက္ခပေးချင်သေးတာ၊ ဒီလောက်နဲ့ ကျေနပ်တာမဟုတ်၊ အဲဒါကြောင့် နျူကလီးယားတွေ ဘာတွေ တချက်တချက် ထဖုတ်တာ။ 

နောက်ဆုံးကပ်ဆိုက်တာက သူရယ် သူ့မိသားစုနဲ့ သူ့ပါတနာတွေ။ မြေးမြစ်တွေ။ ဘယ်ခြေချရမှန်းမသိ။ ချတဲ့နေရာ မြေကြီးအက်ကွဲ တွင်းနက်ထဲ ဆွဲချ ငရဲမီးနဲ့ ပြာချခံရတော့မှာ။ တကမ္ဘာလုံးအနှံ့ ဖြန့်ပြီး တိုက်ဝယ် အိမ်ဝယ် မြေဝယ် လုပ်ထားပေမယ့် ခုက မိုးအဆုံး မြေအဆုံး ပြေးပုန်းစရာမရှိအခြေဆိုက်အောင် မိုက်ထားပြီးပြီဆိုတော့လေ။ 

သူ့စိတ်ရောဂါအမျိုးအစားက ထိစပ်ဖျက်စရာ ကုန်ရင် သူ့ကိုယ်သူ ပြန်ဖျက်ဆီးချေမွပြီးမှ သေရတဲ့ဟာမျိုးလေ။ လောလောဆယ်တော့ စစ်ပြန်ဟောင်းတွေ၊ ပြီးရင် ခရိုနီတွေအလှည့် လာတော့မယ်။ စာဖတ်သူကြီးတောင် မျိုးဆက်အရေးနဲ့ စာမဖတ်နိုင်တော့တာကြာပြီဆိုကဘဲ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar