Breaking News

လတ်တလောနဲ့ အနာဂတ် မြန်မာ့နယ်စပ်ကုန်သွယ်ရေး အခြေအနေ

မြန်မာနွေဦး ခရိုနီကယ် - မေ ၈ မြင်ကွင်း

(မိုးမခ) မေ ၉၊ ၂၀၂၄

လတ်တလောနဲ့ အနာဂတ် မြန်မာ့နယ်စပ်ကုန်သွယ်ရေး အခြေအနေ 

မြန်မာနိုင်ငံမှာ နယ်စပ်ကုန်သွယ်ရေး စခန်းစုစုပေါင်း ၁၃ ခု ခန့်ရှိပြီး အဲဒီအရေအတွက်အနက် အဓိက စခန်းတွေက မူဆယ်၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မောင်တော၊ ကညင်ချောင်း၊ တမူး အစရှိတဲ့ ၆ ခု ၇ ခုလို့ဆိုနိုင်ပါတယ်။ ထိုင်းနိုင်ငံနဲ့ ဆိုရင် မြဝတီ၊ ကော့သောင်း၊ တာချီလိတ်၊ တရုတ်နိုင်ငံနဲ့ဆိုရင် မူဆယ်၊ ချင်းရွှေဟော်၊ အိန္ဒိယနိုင်ငံနဲ့ဆိုရင် တမူး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ဆိုရင် မောင်တော စတဲ့ ကုန်သွယ်ရေး စခန်းတွေက အစည်ကားဆုံး ကုန်သွယ်မှုပမာဏ အများဆုံးဖြစ်ကြပါတယ်။ 

မြန်မာနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှုမှာ ပမာဏအများဆုံးနိုင်ငံက တရုတ်နိုင်ငံ ဖြစ်ပြီး မြန်မာနိုင်ငံဘက်က တင်သွင်းမှုလည်း အများဆုံးဖြစ်သလို မြန်မာနိုင်ငံက ထွက်ရှိတဲ့ စိုက်ပျိုးရေးထွက်ကုန်၊ သယံဇာတ နဲ့ ရေထွက်ပစ္စည်း၊ သဘာဝတောရိုင်းတိရစ္ဆာန်တွေအထိ အမျိုးအမည်စုံ တင်ပို့နေတာဖြစ်ပါတယ်။ ဒုတိယမြောက် ကုန်သွယ်မှု ပမာဏအများဆုံးက ထိုင်းနိုင်ငံနဲ့ ဖြစ်ပြီး အဲဒီနောက်မှာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ ရှိကြတဲ့ သဘောဖြစ်ပါတယ်။ 

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စျေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲခဲ့တဲ့နောက်မှာ နယ်စပ်ကုန်သွယ်ရေးတွေက တရားဝင် လုပ်ငန်းဖြစ်လာခဲ့ပြီး တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုးလာခဲ့တဲ့ သဘောလို့ ဆိုနိုင်ပါတယ်။ ၁၉၈၈ ခုနှစ်မတိုင်မီက နိုင်ငံခြား ကုန်ပစ္စည်းတင်သွင်းမှုကို အစိုးရဌာနတွေကသာ ချုပ်ကိုင်ထားပြီး အားလုံးနီးပါး ရေလမ်းကသာ တင်ပို့၊ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၈ စစ်အာဏာသိမ်း ပြီးနောက်မှာတော့ ဈေးကွက်စီးပွားရေး လို့ခေါ်တဲ့ ပုဂ္ဂလိက ကဏ္ဍကိုအသိအမှတ်ပြု ခွင့်ပြုခဲ့ရာက နယ်စပ်ကုန်သွယ်ရေးတွေက ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို နယ်စပ်ကုန်သွယ်ရေး ကြီးထွားလာရာက နယ်စပ်ကုန်သွယ်ရေး စခန်းတွေ မြို့တွေက ပိုမိုစည်ကားလာပြီး မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ တမူး၊ မောင်တော စတဲ့အဓိက ကျတဲ့မြို့တွေက စည်ကားတဲ့ မြို့တွေ ဖြစ်လာပြီး တရားဝင်ရော တရားမဝင် အခွန်အကောက် အများဆုံရရှိတဲ့ နေရာတွေလည်း ဖြစ်လာပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခုအတွင်း နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးလာရာက နယ်စပ်ကုန်သွယ်ရေး စခန်းတွေက အခွန်အကောက် ရရှိရာစခန်းတွေ ဖြစ်လာတဲ့ အနေအထားဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ခုနှစ်ပိုင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ နယ်စပ်ကုန်သွယ်ရေး စခန်းမြို့တွေကို ထိန်းချုပ်နိုင်ရေးကလည်း လက်နက်ကိုင် အဖွဲ့တိုင်းရဲ့ ရည်မှန်းချက် တခုဖြစ်လာနေတာ တွေ့ရမှာပါ။ လွယ်လွယ်ပြောရင် နယ်စပ်ကုန်သွယ်ရေး စခန်းတွေက အကောက်အခွန်ရရှိတဲ့နေရာ အလွယ်ဆုံး ဘဏ္ဍာရှာဖွေလို့ ရတဲ့နေရာတွေ ဖြစ်တာကြောင့် လက်နက်ကိုင် အဖွဲ့အသီးသီး အနေနဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။ ကိုးကန့်မှာ ချင်းရွှေဟော်၊ ရှမ်းမြောက် အကြီးဆုံး နယ်စပ်ကုန်သွယ်ရေး စခန်းမူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ နောက် ကချင်ပြည်နယ်ထဲမှာ လွယ်ဂျယ်၊ ကရင်ပြည်နယ်ထဲက မြဝတီ နဲ့ ရခိုင်ပြည်နယ်ထဲက မောင်တော ကညင်ချောင်း ကုန်သွယ်ရေး ဇုန်တွေက ပြီးခဲ့တဲ့ ၆ လတာအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲ၊ စစ်မျက်နှာတွေထဲ ပါဝင်နေတာ တွေ့ရမှာပါ။ 

လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ဒီလို နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို သိမ်းယူထားနိုင်ရင် အခွန်အကောက်ဝင်ငွေ ရမယ်လို့ ယေဘုယျ ယူဆချက်က မမှားယွင်းသော်လည်း ပြည်တွင်းစစ် ကျယ်ပြန့်လာတာနဲ့ အတူ၊ လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးက နေရာတွေ ခွဲယူထိန်းချုပ်ထားကြတဲ့ အနေအထား၊ တနေရာနဲ့ တနေရာ ကုန်သွယ်မှု ရောင်းဝယ်ဖောက်ကားမှုတွေ စစ်မက်ဖြစ်ပွားမှုကြောင့် လျော့ကျနေချိန်၊ ပြည်သူလူထု အများအပြား စစ်ဘေးရှောင်နေကြရပြီး ကုန်ထုတ်လုပ်မှုတွေ ကောင်းမွန်စွာ မလုပ်နိုင်ချိန်မှာ နကို ကုန်သွယ်မှုပမာဏမှာ ရှိဖို့ မဖြစ်နိုင်တဲ့ အချက်ကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ 

တနယ်နဲ့ တနယ် ဖြတ်သန်းသယ်ဆောင်နေတဲ့ ကုန်ပစ္စည်းတွေအပေါ် လမ်းခရီးမှာ အကောက်အခွန် ကောက်ခံတဲ့ လက်နက်ကိုင်ဂိတ်တွေ ဘယ်တုန်းကမှနဲ့ ယှဥ်မရအောင် များပြားလာတာ၊ ကောက်ခံငွေ ပမာဏလည်း သတ်သတ်မှတ်မှတ် မရှိတော့တဲ့ အချက်တွေက နယ်စပ်ကုန်သွယ်မှုတွေ ကျဆင်းစေတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။ 

ဒီလိုအနေအထား အခြေအနေတွေ အောက်မှာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ယခင် စစ်မက်မဖြစ်ပွားမီကာလက အနေအထားမျိုးနဲ့ မျှော်မှန်းထားရင် သဘာဝမကျသလို မဝေးတဲ့ အနာဂတ်မှာလည်း လက်နက်ကိုင် တိုက်ပွဲတွေ လျော့ကျလာသည့်တိုင် နယ်စပ်ကုန်သွယ်ရေးတွေ ယခင်အခြေအနေမျိုး ပြန်ရောက်ဖို့  ကုန်သွယ်မှုတွေ ချောမွေ့ဖို့ မလွယ်ကူသေးတဲ့ အနေအထားမျိုး မှန်းဆကြည့်ရင် သိနိုင်ပါတယ်။ စစ်ရေးအရ ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေ တခုမက ရှိလာသလို အုပ်ချုပ်ရေး ပုံစံ၊ စည်းမျဥ်းစည်းကမ်းတွေ အမျိုးမျိုး ပေါ်ထွက်လာနိုင်ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းတွေက ပမာဏ တခုအတွင်းမှာသာ လည်ပတ်နိုင်ကြမယ့် သဘောလည်း ဖြစ်ပါတယ်။ 

အချုပ်ဆိုရရင် လူမျိုးစုဒေသအလိုက်နဲ့ ပထဝီဒေသအလိုက် နိုင်ငံရေး၊ စစ်ရေး အာဏာတွေ ခွဲဝေကျင့်သုံးလာကြမယ့် အခြေအနေမျိုးမှာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေက မြန်မာနိုင်ငံ တောင်ပိုင်းကနေ မြောက်ပိုင်းအထိ၊ အရှေ့ကနေ အနောက်ဘက်အထိ မြန်မြန်ဆန်ဆန် သယ်ယူနိုင်ကြတဲ့ အခြေအနေမျိုး  ပြန်ရောက်ဖို့ မလွယ်ကူတော့တဲ့ အနေအထားလည်း ဖြစ်တာကြောင့် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နယ်စပ်ကုန်သွယ်ရေးက ရရှိနိုင်မယ့် အခွန်အကောက်တွေကို အများကြီး မျှော်လင့်ထားဖို့ မဖြစ်နိုင်တဲ့ အနေအထားလည်း ဖြစ်လာနေပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar