Breaking News

လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၂)

တရုတ်ပြည်မြောက်ပိုင်းအတွင်း မွန်ဂိုလီးယား သဲကန္တာရတွင်းက ဆိုလာပြားများ 

လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၂)

(မိုးမခ) မေ ၈ ၊ ၂၀၂၄

အဆင့်မြင့် ထုတ်လုပ်ရေးစွမ်းအားစု အသစ်များ

တရုတ်ပြည်မှာ နှစ်တိုင်း မတ်လ ပထမပတ်မှာ ကျင်းပတတ်တဲ့ နိုင်ငံရေးညီလာခံကြီး နှစ်ခု ရှိပါတယ်။

၁။ တရုတ်ပြည် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် နဲ့

၂။ တရုတ်အမျိုးသားပြည့်သူ့ကွန်ဂရက် တို့ ဖြစ်ပါတယ်။

ပြည်တွင်းမှာသာမက နိုင်ငံတကာကပါ စိတ်ဝင်တစား စောင့်ကြည့်ခံရတဲ့ ကာလလည်း ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးကြီးတွေ ပြီးသွားပြန်ရင်လည်း (အဲဒီအစည်းအဝေးတွေမှာ သုံးတဲ့) အလွန်ရေပန်းစားတဲ့ စကားလုံးတွေ ပေါ်ထွက်လာတတ်ပါတယ်။

ဒီနှစ်မှာတော့ 'အဆင့်မြင့်ထုတ်လုပ်ရေး အင်အားစုအသစ်များ' (New Quality Productive Forces.) ဆိုတဲ့ စကားလုံး ရေပန်းစားလာပါတယ်။

တကယ်တော့ ဒီစကားလုံးက မနှစ် နှစ်ကုန်လောက်ကစပြီး ကြားနေရပါတယ်။ ရှီကျင်ဖျင်ရဲ့ နယ်လှည့်စစ်ဆေးတဲ့ ခရီးတွေမှာ ကြားရတာပါ။

၁၉၇၈ ခုနှစ်ကစလို့ တရုတ်ပြည်ဟာ သူ့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးပုံစံကို အရှိန်မြင့်-မြန်နှုန်းမြင့် (high-speed) ပုံစံအဖြစ် အနှစ် ၄၀ ကျင့်သုံးလုပ်ဆောင်ခဲ့တာပါ။

ဒီပုံစံကြောင့် တရုတ်ကို 'ကမ္ဘာစက်ရုံကြီး' လို့ အခေါ်ခံရတာဖြစ်ပြီး ဒီပုံစံကြောင့်ပဲ တရုတ်ပြည်သူတွေရဲ့ အဆက်မပြတ် တောင်းဆိုနေတဲ့ ရုပ်ဝတ္ထုဆိုင်ရာနဲ့ ယဉ်ကျေးမှုဆိုင်ရာ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့ရုံမျှမက ကမ္ဘာကြီးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အတော်အထောက်အကူပြုခဲ့ပါတယ်။

ထုတ်လုပ်ရေးအင်အားစုများ လွတ်မြောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံလုပ်ငန်း တာဝန်အဖြစ် သတ်မှတ်ထားတဲ့ တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအဆင့်ကို နိုင်ငံတကာအခြအနေ အပြောင်းအလဲများနဲ့အညီ မိမိတို့ရဲ့ မူဝါဒများကို အဆက်မပြတ်မြှင့်တင်နေရာမှာ အခုကာလအတွက် အဆင့်မြင့်(high-quality)ပုံစံကို ပြောင်းဖို့ ပြင်ဆင်လိုက်လို့ ထုတ်လုပ်ရေးအင်အားစုများကိုလည်း အဆင့်မြင့်ရုံမက တီထွင်ဖန်တီးမှုအပြည့်နဲ့ အင်အားစုအသစ်များကို ထုတ်လုပ်ဖို့အတွက် တွန်းဆော်လာတာ ဖြစ်ပါတယ်။

သမားရိုးကျ စီးပွားရေးတိုးတက်မှု ပုံစံများနဲ့ မတူတော့တဲ့ ထုတ်လုပ်ရေးများပါ။ အဆင့်မြင့်နည်းပညာ၊ အဆင့်မြင့်ဆောင်ရွက်နိုင်စွမ်းနဲ့ အဆင့်မြင့်အရည်အသွေးများ ပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုသဘောတရားအသစ်နဲ့ ထုတ်လုပ်ရေးနည်းနာသစ်များပါ။ တရုတ်ပြည်အတွက် ဒုတိယရာပြည့်ရည်မှန်းချက် (၂၀၄၉-တရုတ်ပြည် ထူထောင်တာ အနှစ် (၁၀၀) ပြည့်နှစ်မှာ ခေတ်မီဆိုရှယ်လစ်နိုင်ငံဖြစ်ရေး)ပြည့်မီရေးအတွက်နဲ့ တရုတ်ပုံစံ ခေတ်မီရေးအတွက် ပုံစံပြာလည်း ဖြစ်ပါတယ်။

ခေတ်သစ်သမိုင်းအတွင်းက အဓိကစက်မှုတော်လှန်ရေးကြီး ၃ ခုအတွင်း ရေနွေးငွေ့ကနေ လျှပ် စစ်ဓာတ်အား၊ အဲဒီကတဆင့် သတင်းနည်းပညာ- ဆိုတဲ့ အဆင့်တွေမှာ ထုတ်လုပ်ရေးအင် အားတွေဟာ တဟုန်ထိုးတိုးတက်ခဲ့တာပါ။ အခု စက်မှုတော်လှန်ရေးအဆင့် (၄) မှာ ပေါ်ပေါက်လာတဲ့ ထုတ်လုပ်ရေးအင်အားသစ်တွေ (ဒီဂျစ်တယ်နည်းပညာများ၊ ဉာဏ်ရည်တုများ၊စွမ်းအင်သစ်များ၊ စသဖြင့်)ကိုလည်း အစွမ်းကုန် အသုံးချပြီး မိမိနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသာမက ကမ္ဘာဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ကြိုးစားကြဖို့ တိုက်တွန်းနှိုးဆော်ချက်လည်း ဖြစ်ပါတယ်။

တကယ်တော့ တရုတ်ဟာ ဒီ 'ထုတ်လုပ်ရေးအင်အားသစ်များ'ဆိုတဲ့ စကားလုံးကို အခုမှ လူသိရှင် ကြား ပြောလာပေမယ့် သူတို့ ဒါတွေကို ကြိုးစားတီထွင်ဖန်တီး လုပ်ဆောင်နေတာ ကြာလှပြီ။ အခု သူတို့ တစုံတရာ အပေါ်စီးရလာမှ ထင်ထင်ပေါ်ပေါ် ပြောလာတာပါ။ သူတို့ရဲ့သုတေသနလုပ်ငန်းတွေမှာ အကုန်အကျခံမှုဟာ ကမ္ဘာမှာ ဒုတိယလိုက်ထားပြီး တချို့နည်းပညာတွေ (ဥပမာ-5G)မှာ အတော်ရှေ့တန်းရောက်နေတာ တွေ့ရပါတယ်။

ဥပမာ- စွမ်းအင်သစ် (သို့မဟုတ်) ပြန်ဖြည့်စွမ်းအင်များ ထုတ်လုပ်ထားပုံများ ကြည့်ရအောင်ပါ။

တရုတ်ပြည်ရဲ့ မြေဧရိယာ ငါးပုံတပုံဟာ သဲကန္တာရဖြစ်နေပြီး တရုတ်ပြည်ရဲ့ မြောက်ပိုင်းဒေသတွေမှာ ရှိတာပါ။ အဲဒီအရပ်တွေမှာ နေရောင်ခြည်ဟာ တနှစ်မှာ ရက်ပေါင်း ၂၈၀ ကျော် အပြည့်အဝရတာကို အသုံးချပြီး ဆိုလာစနစ်နဲ့ စွမ်းအင်ထုတ်ယူမှုတွေ လုပ်လာတာ နှစ် ဆယ်အချို့ရှိပါပြီ။

တချက်ခုတ် သုံး လေးချက်ပြတ်တဲ့ ဒီစီမံကိန်းတွေ (စွမ်းအင်သစ်တွေ အလျှံပယ် စုဆောင်းနိုင်တာ၊သဲကန္တာရကို သစ်တောများအဖြစ် ပြောင်းလဲနိုင်တာ၊ အဲဒီအရပ်က လူများအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်တာ စသဖြင့်)ကို တဖြည်းဖြည်း တိုးချဲ့လုပ်လာရာမှာ နည်းပညာတွေ တီထွင်ဖန်တီးမှုများနဲ့ တိုးတက်မှုများကနေ အကျိုးကျေးဇူးတွေ ပိုများသထက် များလာနေပါတယ်။

အဲဒီဒေသတွေမှာ နေရောင်ခြည်ကနေသာမက လေဒဟတ်များပါ တပ်ဆင်ပြီး လေစွမ်းအင်များကိုလည်း ထုတ်ယူလာနိုင်ပြီး အဲဒီကရလာတဲ့ စွမ်းအင်တွေကို အတူတကွ သိမ်းဆည်းနိုင်တဲ့ မျိုးစပ် ဘက်ထရီများကိုလည်း ထုတ်လုပ်လာနိုင်တဲ့အတွက် စွမ်းအင်အသစ်များ အလုံအလောက်ရရှိစုဆောင်းနိုင်လိုက်ပါတယ်။

ဒီလို ရရှိလာတဲ့ စွမ်းအင်များကို အဆင့်မြင့်လျှပ်စစ်ကြိုးကွန်ရက်များကတဆင့် တနိုင်ငံလုံးကလိုအပ်တဲ့ ဒေသများကို ပို့ဆောင်ပေးနိုင်ပါတယ်။

ဒါတွေကြောင့် တရုတ်ပြည်ဟာ အဲဒီကရတဲ့ စွမ်းအင်နဲ့ တပြည်လုံး အမြန်ရထားကွန်ရက်စနစ်ကို တည်ထောင်နိုင်ရုံမက ပိုးလမ်းမစီမံကိန်းကြီးအတွက်လည်း အများကြီး အထောက်အကူရခဲ့ပါတယ်။ ဥပမာ- တရုတ်ပြည်ရဲ့ အမြန်ရထားကွန်ရက်နဲ့ ဥရောပနိုင်ငံပေါင်း ၂၅ နိုင်ငံက မြို့ပေါင်း ၂၀၀ ကျော်နဲ့ ဆက်စပ်ထားပြီး ကုန်ရထားများနဲ့ အဆက်မပြတ် ကုန်စည်ကူးသန်းမှုတွေ လုပ်နေပါတယ်။

အဲသလို စွမ်းအင်သစ်တွေ၊ ဘက်ထရီဓာတ်ခဲနည်းပညာသစ်တွေ (lithion-ion battery) ရရှိလာရာကနေတဆင့်တက်ပြီး လျှပ်စစ်ကားများ (New Electric Vehicles.NEV) ထုတ်လုပ်လာနိုင်ပါတော့တယ်။

ဒီလိုနဲ့ ကျွဲကူးရေပါ ထုတ်လုပ်ရေးနည်းသစ်များ တသီတသန်းကြီး ထွက်ပေါ်လာပါတော့တယ်။

ဒါတွေဟာ အဆင့်မြင့်ထုတ်လုပ်ရေး အင်အားသစ်များ ဖြစ်ပြီး တရုတ်ပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးရေးကို အရှိန်မပျက် ဆက်လက်တိုးတက်နိုင်ရုံမက ကမ္ဘာဖွံ့ဖြိုးတိုးတက်ရေးကိုပါ အထောက်အကူပြုလာနိုင်ပါတယ်။

ဒါတွေဟာ တရုတ်တွေ တင်ပြနေတဲ့ 'ကံကြမ္မာများကို မျှဝေထားတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်ရေး' ဆိုတဲ့ ဆောင်ပုဒ်ကို အားဖြည့်ပေးနိုင်ပါလိမ့်မယ်။ (ဥပမာ- နေရောင်ခြည်မှ စွမ်းအင်ထုတ်တဲ့ စက်ရုံများ Solar Farms ကို တရုတ်က နိုင်ငံပေါင်းအများအပြား (အထူးသဖြင့် အာဖရိကတိုက်)မှာ တည်ဆောက်ပေးထားလို့ အဲဒီနိုင်ငံတွေ ပြည်သူများရဲ့ နေထိုင်မှုဘဝကို တစုံတရာ တိုးတက်စေနိုင်ခဲ့ပါတယ်။)

လှကျော်ဇော

၇-၅-၂၀၂၄

~~~~~~~~~~~~~~~~~~~~~~~~~~~

လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၁)

~~~~~~~~~~~~~~~~~~~~~~~~~~~



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar